ရွေးကောက်ပွဲအပြီး ရလဒ်တွေထွက်ပေါ်လာချိန်မှာတော့ နိုင်သူတွေပျော်ခဲ့ကြပြီး ရှုံးသူတွေ ဝမ်းပမ်းတနည်း ဖြစ်ကုန်ကြရ ပါတယ်။ ရွေးကောက်ပွဲရလဒ်ကလည်း နိုင်ငံရေးလေ့လာသူတွေ မြန်မာ့အရေးကျွမ်းကျင်သူတွေ လူမှုစီးပွားပညာရှင်တွေ စတဲ့ ပရောဟိတ်တွေရဲ့ဟောကိန်းတွေလည်း တက်တက်စင်အောင်လွဲခဲ့ရတယ်။
အတိုက်အခံအဖြစ် တလျှောက်လုံးရပ်တည်ခဲ့တဲ့ NLD ပါတီက ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်တွေရဲ့၈၀ ရာခိုင်နှုန်း ဝန်း ကျင်အထိ အနိုင်ရခဲ့သလို လက်ရှိအာဏာရပါတီ USDP ကလည်း တနိုင်ငံလုံးမှာ အမတ်နေရာအများဆုံးဝင်ပြိုင်ခဲ့ပြီး အမတ်နေရာ ၄၀လောက်သာ ရရှိခဲ့တယ်။ အနိုင်ရပါတီ NLD ကိုယ်တိုင်လည်း တောင်ပြိုကမ်းပြိုနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ မှာ မဟုတ်သလို အာဏာရပါတီ အနေနဲ့လည်း အခုလို ခွက်ခွက်လန် ရှုံးလိမ့်မယ်လို့ ထင်ခဲ့မှာမဟုတ်ဘူး။
ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားအတိုင်း ပါတီကိုမကြည့်ဘဲ အလံကိုကြည့်မဲပေးခဲ့ ကြတာ ဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲက မပြောပလောက်တဲ့ ချို့ယွင်းချက် အနည်းငယ် ရှိခဲ့တာ ကလွဲလို့ အများစုကျေနပ် အားရတဲ့အထိ လွတ်လပ်မျှတခဲ့တာ အသေအချာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ရှုံးနိမ့်ခဲ့တဲ့အမတ်လောင်းအချို့က သူတို့ရှုံးနိမ့်ခဲ့ရတာဟာ မဲဆန္ဒရှင် ပြည်သူတွေရဲ့နိုင်ငံရေး ရေချိန်နိမ့်ကျမှုကြောင့်ဆိုတဲ့သဘောမျိုး ပြောတာ နားကလောဖွယ်ကြားနေရတယ်။ တချို့ အမတ် မင်းတွေကတော့ ပြည်သူတွေက ပညာမတတ်လို့ သူတို့ပါတီ မဲမပေးကြတာလို့ ဆင်ခြေပေးနေပြန်တယ်။
USDP ပူးတွဲဥက္ကဌ ဦးဌေးဦးကတော့ ပြည်သူတွေက ဘာကိုကြည့်ပြီး မဲပေးတာလဲ မသိဘူးဗျာ။ ကျနော်တို့လည်း အတတ် နိုင်ဆုံးတော့လုပ်ပေးနေတာပဲလို့ ရုပ်သံအင်တာဗျူးတခုမှာ ဖြေကြားသွားတယ်။ ပြည်သူတွေက အပြောင်းအလဲကိုတကယ် လိုချင်လွန်းလို့ ပြောင်းကောင်းပြောင်းနိုင်တယ်လို့ ယူဆတဲ့ NLD ကို ပုံအောမဲပေးခဲ့ကြတာပါ။ (တကယ်ပြောင်း မပြောင်း ကတော့ NLD ပါတီ အစိုးရဖွဲ့ပြီး အုပ်ချုပ်ရေး ယန္တရားလည်ပတ်ချိန်မှာ အဖြေပေါ်မှာဖြစ်ပါတယ်။)
မဲပေးခဲ့ကြသူအများစုကို လေ့လာကြည့်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယုံလို့ မဲစာရွက်မှာပါတဲ့ ကိုယ်စားလှယ် လောင်း အမည်တောင် မဖတ်တော့ဘဲ ပါတီအလံဘေးမှာ တံဆိပ်နှိပ်ခဲ့ကြသူတွေရှိတယ်။ တချို့က ကိုယ်စားလှယ်လောင်း အကြောင်း ကောင်းကောင်းသိတယ်။ အချစ်ဆုံးလူ(ပါတီဥက္ကဌ)ကြောင့် အမုန်းဆုံးလူ (လွှတ်တော်ကိုယ်စားလှယ်လောင်း ) ကို အမုန်းစာရင်းက ခဏဖျက်ပြီး ပါတီအလံဘေးမှာ တံဆိပ်နှိပ်ခဲ့ကြသူတွေလည်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ လုံးလုံးမကြိုက်သူတွေသည်ပင် အာဏာရှင်စနစ် မြေလှန်ချင်တဲ့စိတ်နဲ့ NLD ကို မဲပေးခဲ့ကြတာတွေ ရှိ တယ်။
တကယ်တော့ ရှုံးနိမ့်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတွေ ပါတီတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲက အကောင်းဆုံး သင်ခန်းစာပါပဲ။ အနိုင်ရပါတီ NLD ရဲ့ရွေးကောက်ပွဲ ဆောင်ပုဒ်လိုပါပဲ။ ပြောင်းလဲချိန်တန်ပြီဆိုတာ အားလုံးနဲ့သက်ဆိုင်ပါ တယ်။ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြတဲ့ အမတ်တွေလည်း ပြောင်းလဲကြရမယ့် အချိန်ရောက်ပါပြီ။
ရွေးကောက်ပွဲဆိုတာ ဒီတခါတည်း လာမှာမဟုတ်ပါဘူး။ နောက်ထပ် ရွေးကောက်ပွဲတွေက ရှိလာဦးမှာပါ။ ရွေးကောက်ပွဲ တွေမှာ ဝင်ပြိုင်ကြမယ့် အမတ်လောင်းတွေအနေနဲ့ အရှုံးကို တည်တည်ငြိမ်ငြိမ် လက်ခံနိုင်တဲ့ သတ္တိရှိဖို့လိုပါတယ်။ အရှုံးကို တည်တည်ငြိမ်ငြိမ် လက်ခံသူတွေထဲမှာ လက်ရှိ အာဏာရပါတီက ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ဟောင်း သူရဦး အောင်ကို ကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
ပြိုင်ပွဲရဲ့သဘောသဘာဝကိုက အရှုံးရှိသလို အနိုင်လည်းရှိတာပါပဲ။ တခါနိုင်တာက ရာသက်ပန်နိုင်သွားတာမဟုတ်ပါဘူး။ အဲဒီလိုပါပဲ တခါရှုံးတာကလည်း တသက်လုံးရှုံးသွားတာ မဟုတ်ပါဘူး။ နောင်လာမယ့်ပြိုင်ပွဲတွေမှာ ပြည်သူကို ဘယ်လို အလုပ်အကျွေးပြုပါမယ်ဆိုတဲ့ ကတိတွေနဲ့ တရားသဖြင့် ဝင်ပြိုင်ကြစမ်းပါ။
လက်ရှိနေရာအများစုမှာ အနိုင်ရခဲ့တဲ့ NLD အမတ်တွေအနေနဲ့လည်း ကိုယ့်အရည်အချင်းကြောင့် မဲရတယ်ဆိုသူတွေရှိပေ မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မျက်နှာနဲ့ ထည့်လိုက်တဲ့မဲတွေကြောင့် လွှတ်တော်ထဲရောက်မယ့် အမတ် တွေလည်း တပုံတပင် ပါဝင်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ လွှတ်တော်ထဲ ရောက်သွားရင်တော့ ကိုယ့်အရည်အချင်းကို ပြ ဖို့ အချိန်တန်ပါပြီ။ အရည်အချင်းမပြနိုင်ရင် နောင်ရွေးကောက်ပွဲအတွက် အရွေးခံရဖို့ မသေချာပါဘူး။
နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပြည်သူကို ဟောက်စားလုပ်လို့မရတော့ဘူး။ ခြိမ်းလုံး ခြောက်လုံးတွေနဲ့ ပြည်သူကို လှည့်စားလာသူတွေကို ပြည်သူက ဆန္ဒမဲတွေနဲ့ လက်မခံဘူးဆိုတာ အဖြေထုတ်ပေးလိုက်ကြပြီ။ ရွေးကောက်ပွဲမှာ ရှုံး သွားတဲ့ ပါတီတွေအနေနဲ့လည်း ကိုယ့်ပါတီကိုယ် ပြန်လည် ဆန်းစစ်ကြပါ။ ဘယ်နေရာမှာ မှားနေသလဲ။ ဘယ်နေရာမှာ အားနည်းချက်ရှိသလဲ။ အချိန်မီ ပြုပြင်ကြပါ။ ပြည်သူက ဘာကို မကြိုက်တာလဲ။ ပြည်သူ့ဘဝထဲ လက်တွေ့ ကွင်းဆင်းလေ့ လာကြည့်ကြပါ။
ရွေးကောက်ပွဲရှုံးတာနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို အလွယ်တကူ အပြစ်တင်လိုက်တာက ပြည်သူကို အကြောင်းမဲ့ စော်ကား လိုက်တာပါပဲ။ ပြည်သူတွေအပေါ် ဘာအကြောင်းနဲ့မှ ဘယ်သူကမှ စော်ကားပိုင်ခွင့် မရှိပါဘူး။ ပြည်သူမဲပေးမှ လွှတ်တော် ထဲရောက်ရမယ့် အမတ်လောင်းက သူတို့ကိုမဲမပေးတာနဲ့ဘဲ ပြည်သူက နိုင်ငံရေး ရေချိန်နိမ့်ကျရတော့မှာလား။ သူတို့ကို မရွေးချယ်တာနဲ့ဘဲ ပညာရေးအဆင့် နိမ့်ကျရတော့မှာလား။ ပြည်သူတွေမှာ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိပါတယ်။
သူတို့ကြိုက်တဲ့ပါတီကို သူတို့စိတ်ကြိုက် ရွေးချယ်ခွင့်ရှိသလို သူတို့မကြိုက်တဲ့ပါတီကိုလည်း အကြောင်းပြချက်မလိုဘဲ စိတ်ကြိုက်ငြင်းပယ်ခွင့်ရှိပါတယ်။ ပြည်သူ့အဆုံးအဖြတ်ကို နာခံရုံမှ တပါးအခြားမရှိပြီ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)