NLD ဦးဆောင်ဖွဲ့တဲ့ အစိုးရသစ်ဆီကနေ ခင်ဗျားတို့ ဘယ်အချက်တွေကို တောင်းဆိုချင်သလဲဆိုသည့် မေးခွန်းတခုကို ရွေးကောက်ပွဲ ကျင်းပသည့်နေ့မှ တပတ်ကြာသည်အထိ နယ်ပယ်အသီးသီးမှ မိတ်ဆွေများကို မေးခဲ့ပါ သည်။ မိတ်ဆွေတဦးကတော့ အဲဒီလို မမေးပါနဲ့၊ ကျနော်တို့ အိပ်မက်မက်ခဲ့ရတဲ့ နိုင်ငံတော်သစ်တခု မကြာခင် ပေါ်ထွက်လာ တော့မည်။ အိပ်မက်ထဲက နိုင်ငံတော်ဆီကနေ ခင်ဗျား ဘာမျှော်လင့်သလဲလို့ ပြန်ပြောင်းမေးပါဟု ပြောပါသည်။ ဟုတ်ပါသည်။ အိပ်မက်ထဲက နိုင်ငံတော်၊ ကျနော်တို့၏ အိပ်မက်ထဲက နိုင်ငံတော်ထံမှ ဘာတွေကို မျှော်လင့်ကြပါသနည်း။
မန္တလေးမြို့ခံရှေ့နေတဦးဖြစ်သူ ကိုအောင်စိုးမိုး၏ အိပ်မက်ထဲက နိုင်ငံတော်တွင် တရားဥပဒေအထက်၌ မည်သူမှမရှှိတော့ ပါ။ အားလုံးသည် ဥပဒေ၏ အဆုံးအဖြတ်ကို ကျောသားရင်သား မခွဲခြားဘဲ နာခံရပါသည်။ တရားသူကြီးများသည်လည်း လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ဥပဒေနှင့်မညီသော အမိန့် ညွှန်ကြားလွှာများလည်း အမိန့်ချမှတ်ခါနီးအချိန်တွင် တရား သူကြီးထံသို့ ရောက်လာလိမ့်မည်မဟုတ်ပါ။ လူတစု၊ တဖွဲ့က ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း များ ဖြစ်ပေါ်လာရန် ဖန်တီးမှုများ လုပ်ဆောင်ကြသော်လည်း တရားဥပဒေ စိုးမိုးနေပြီဖြစ်သောကြောင့် အချိန်မီ ထိန်းသိမ်း အရေးယူနိုင်ခဲ့ပါသည်။
သတင်းထောက်တဦးဖြစ်သည့် ကိုသန့်စင်ထွန်း၏ အိပ်မက်ထဲက နိုင်ငံတော်တွင် သူကိုင်တွယ်သုံးစွဲနေသည့် မြန်မာငွေ သည် ငွေတန်ဖိုး ခိုင်မာပါသည်။ ၂၀၁၀က တဒေါ်လာလျှင် ၈၅၀ကျပ်ဖြင့် လဲလှယ်သောနှုန်းသည် ၂၀၁၅တွင်လည်း ၈၅၀ ကျပ်သာဖြစ်နေပါသည်။ ၂၀၂၀တွင်လည်း တဒေါ်လာလျှင် ၈၅၀ ဝန်းကျင်သာ ဖြစ်နေသောကြောင့် လစဉ် သူစုဆောင်း ထားသည့် ငွေကြေးမှာ တန်ဖိုးရှိသောကြောင့် သူ့မိသားစု၏ ကျန်းမာရေး၊ ပညာရေးအတွက် စိတ်ဆင်းရဲစရာနည်းသွားပါ တော့သည်။
စိုက်ပျိုးရေးသမားတဦးဖြစ်သည့် ကိုစစ်ငြိမ်းအေး၏အိပ်မက်ထဲက နိုင်ငံတော်တွင် ရန်ကုန်၊ မန္တလေး၊ မုံရွာစသည့် မြို့ကြီး များတွင် အပြည်ပြည်ဆိုင်ရာ သီးနှံဈေးကွက်ကြီးများ ပေါ်ထွန်းနေပြီဖြစ်သည်။ ယခင်ကမူ တရုတ်အဝယ်တခုတည်းကိုသာ အဓိက မှီခိုနေရသည့်အတွက် တရုတ်များ မဝယ်သည့်အခါ ပြည်တွင်း သီးနှံဈေးကွက် မကြာခဏ ပျက်နေသည်ကို ကြုံ တွေ့နေရသော်လည်း ယခုတော့ ထိုကိစ္စရပ်မျိုးမှာ ပုံပြင်မျှသာရှိတော့ပါသည်။
သူတင်မကပါ။ အခြားသော ပို့ကုန်လုပ်ငန်းရှင်များသည်လည်း တရုတ်တခုတည်းကို မှီခိုနေရသည့်ဘဝမှ ကင်းလွတ်စပြု လာပြီဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်းတွင်းထွက်များမှ လက်ဝတ်ရတနာအထိ လုပ်ငန်းစဉ် အဆင့် ဆင့်ကို ပြည်တွင်းမှ လုပ်ငန်းရှင်များ၊ လုပ်သားများဖြင့် ကိုယ်တိုင်ပြုလုပ်ကာ ပြည်ပသို့ တိုက်ရိုက်ရောင်းချနိုင်သည့် ကျောက်စိမ်းဈေးကွက်ကြီးများသည်လည်း ကျောက်သမားများ၏ အိပ်မက်ထဲက နိုင်ငံတော်တွင် ပေါ်ထွက်နေပြီဖြစ်ပါ သည်။
မွတ်စလင် ဘာသာဝင်တဦးဖြစ်သည့် ကိုမင်းအောင်၏ အိပ်မက်ထဲက နိုင်ငံတော်တွင် မြန်မာနိုင်ငံသားတိုင်းသည် နိုင်ငံ သားအခွင့်အရေးကို အပြည့်အဝရရှိနေပါသည်။ ကိုးကွယ်ရာ ဘာသာ၊ လူမျိုးကိုလိုက်၍ ခွဲခြားဆက်ဆံခံရခြင်းမျိုး ကင်းဝေးပါသည်။ မိဘဘိုးဘွားများ လက်ထက်ကတည်းက မန္တလေးမြို့တွင် နေထိုင်ခဲ့ပြီး မိမိတို့၏ အဖိုးအဖွား၊ အဖေအမေများမှာ နိုင်ငံသားကတ်များကို တရားဥပဒေနှင့်အညီ ကိုင်ဆောင်ခွင့်ရခဲ့သော်လည်း မိမိနှင့်မိမိတို့၏ သားသမီးများ လက်ထက် တွင်မှ မှတ်ပုံတင်ရရှိရန် လွန်စွာ ခဲယဉ်းနေသည့် အခြေအနေမျိုးကို အိပ်မက်ထဲက နိုင်ငံတော်တွင် မကြုံရတော့ပါ။
ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသည်ဆိုလျှင် နိုင်ငံသားအခွင့်အရေးပေးကာ နိုင်ငံသားဖြစ်ခွင့်မရှိဘူူးဆိုလျှင် ပြတ်ပြတ်သား သား ငြင်းပယ်လိုက်သည့် ဥပဒေမျိုးကိုသာ သူ့အိပ်မက်ထဲက နိုင်ငံတော်တွင် တွေ့မြင်နေရပါသည်။ မြန်မာတိုင်းရင်းသား လူမျိုးစုတခုအဖြစ် အသိအမှတ်ပြုခံထားရသည့် ကမန်တိုင်းရင်းသားများမှာ အစ္စလာမ်ဘာသာကိုးကွယ်သည်ဆိုသည့် အကြောင်းပြချက်နှင့် ဘင်္ဂါလီများနှင့်အတူ ဒုက္ခသည်စခန်းတခုထဲတွင် စုပေါင်းနေထိုင်နေရကာ နိုင်ငံသားမှတ်ပုံတင်ကတ် ရှိသော်လည်း မဲပေးခွင့်မရခြင်း၊ လွတ်လပ်စွာ ခရီးသွားလာခွင့်မရှိခြင်းစသည့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးခြင်း စသည့် ဖြစ် စဉ်များသည် သူ့အိပ်မက်ထဲက နိုင်ငံတော်တွင် မတွေ့ရတော့ပါ။
မဟာတန်းကျောင်းသား မောင်အောင်မြင့်မြတ်၏ အိမ်မက်ထဲက နိုင်ငံတော်တွင် တက္ကသိုလ်ကျောင်းသားများသည် ကျောင်းအားချိန်တွင် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်များတွင် မထိုင်ကြတော့ဘဲ အချိန်ပိုင်းအလုပ်များကို ဝင်ရောက်လုပ် ကိုင်နေကြပြီး လုပ်ငန်းရှင်များ၏ အလုပ်ခေါ်စာတွင်လည်း ကျောင်းတက်နေသူများ လျှောက်ထားရန်မလို ဆိုသည့်အချက် ကို ဥပဒေအရ တားမြစ်ထားပါသည်။ နိုင်ငံတကာမှ တက္ကသိုလ်များနှင့် ပြည်တွင်းတက္ကသိုလ်များလည်း exchange programme များဖြင့် အပြန်အလှန် ချိတ်ဆက်ထားကြပြီး တက္ကသိုလ်သုတေသနများမှာလည်း ဟန်ပြသဘောမျိုး အစား လက်တွေ့လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်သည့် သုတေသနများကို ဆောင်ရွက်နေကြပြီဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်များနှင့် တက္ကသိုလ်ပါမောက္ခများ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျောင်းသားများ ကျောင်းတက်နေ စဉ်မှာပင် လုပ်ငန်းခွင် ထရိန်နင်ဆင်းနေကြရပြီး အရည်အချင်းရှိသော ကျောင်းသားများမှာ ဘွဲ့ရပြီးပြီးချင်း လုပ်ငန်းခွင်သို့ တန်းဝင်နိုင်ကြပြီ ဖြစ်ပါသည်။
နိုင်ငံရေးလေ့လာသူ တဦးဖြစ်သည့် ကိုသီဟ၏ အိပ်မက်ထဲက နိုင်ငံတော်တွင် လွှတ်တော်ကြီးသည် လွန်စွာ အသက်ဝင် လာပါသည်။ ရပ်ကွက်ထဲက ကြက်ခြံဖယ်ရှားပေးရန် အစီအစဉ်ရှိမရှိ၊ ကျနော်တို့မြို့ကလမ်းကလေး အသစ်ခင်းပေးရန် အစီအစဉ် ရှိမရှိစသည့် မေးခွန်းမျိုးကို မမေးကြပါ။ ထိုကဲ့သို့ ကိစ္စရပ်များကို မြို့နယ်စည်ပင်သာယာနှင့် အုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းကာ နှစ်တို၊ နှစ်ရှည်အစီအစဉ်များဖြင့် ဆောင်ရွက်နေကြပြီဖြစ်သည်။
လွှတ်တော်ထဲတွင် တိုင်းပြည်နှင့် လူမျိုးအတွက် အရေးကြီးသော ကိစ္စမျိုးကိုသာ အခြေအတင် ဆွေးနွေးကြပြီး ပြည်သူ များအား ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ဥပဒေများကို အပြီးတိုင် ဖယ်ရှားကြပါသည်။ ဒွိဟပွားစရာများရှိသော ဥပဒေများအား ပြင်ဆင်ကြပါသည်။ ပြည်သူများ မျှော်လင့်နေသော ဥပဒေများဖြစ်သည့် ပြည်ပရောက်နိုင်ငံသားများကို အကာအကွယ် ပေးရေး၊ ပိုင်ဆိုင်မှုများကို ချပြရေးဆိုသည့် ဥပဒေများသည် ယခင်လွှတ်တော်တွင် မအောင်မြင်ခဲ့သော်လည်း ယခုလွှတ် တော်အသစ်တွင် အောင်မြင်သွားပြီဖြစ်သည်။
အစိုးရဝန်ကြီးဌာနများ လွှတ်တော်အတွင်း လာရောက်ဖြေဆို ကတိပေးသွားသည့်ကိစ္စရပ်များ အမှန်တကယ်လုပ်ဆောင် ခြင်းရှိမရှိကို ကတိကဝတ် ထိန်းသိမ်းစောင့်ကြည့်ရေးကော်မတီက ထိထိရောက်ရောက် ကိုင်တွယ်နေပါသည်။ အတိုက်အခံ ပါတီအဖြစ် ရပ်တည်နေကြသည့် ယခင်အစိုးရအဖွဲ့ဝင် လူကြီးများကလည်း ၎င်းတို့နှစ်ပေါင်းများစွာ အုပ်ချုပ်လာသည့် အတွေ့အကြုံအရ အစိုးရအဖွဲ့၏ အားနည်းချက်၊ ဟာကွက်၊ လွှတ်တော်အမတ်သစ်အချို့ ဂွင်ဖန်သည့်ဖြစ်စဉ်များကိုလည်း တိတိကျကျထောက်ပြဝေဖန်နေကြပါသည်။
တိုင်းပြည်ဘဏ္ဍာများကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာနေသည့် အစိုးရအရာရှိများ၏ စာရင်းလိမ်များကိုလည်း ပြည် ထောင်စုစာရင်းစစ်အဖွဲ့က တိတိကျကျဖော်ထုတ်နေသဖြင့် လာဘ်ပေး လာဘ်ယူများလည်း လျော့နည်းသွားပါသည်။
စီးပွားရေးသမားတဦးဖြစ်သည့် ကိုအောင်မောင်း၏ အိပ်မက်ထဲက နိုင်ငံတော်တွင် အစိုးရသည် ကြိုးနီစနစ် လုပ်ထုံးလုပ် နည်းများကို ဖြေလျှော့ပေးလိုက်ပြီဖြစ်သည်။ ယခင်ကကဲ့သို့ အသေးစား စီးပွားရေးလုပ်ငန်းတခု လုပ်ရန်အတွက် ရပ်ကွက် လူကြီး ၊ မီးသတ်၊ ထွေ/အုပ်စသည့် ဌာနအသီးသီးမှ ထောက်ခံစာ တလှေကြီးယူကာ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟိုထိ အချိန် ကြာမြင့်စွာ တင်ပြနေရခြင်းမျိုး မရှိတော့သကဲ့သို့ လုပ်ငန်းလုပ်ကိုင်ခွင့်ရရန်အတွက် အပိုကြေးပေးရခြင်းမျိုးလည်း ကင်းဝေး သွားပြီဖြစ်သည်။
အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာကုန်သွယ်ခွင့်ပေးလိုက်သည့်အတွက် ပြည်ပမှ ဝင်ရောက်လာသည့် စီးပွားရေး လုပ်ငန်းများကို ယှဉ်ပြိုင်နိုင်ရန်အတွက် လိုအပ်သည့် ရင်းနှီးငွေများကိုလည်း ဘဏ်များထံမှ ချေးယူရရှိနေပြီဖြစ်သည်။ မိမိစီးပွားရေးလုပ်ငန်းအတွက် လိုအပ်သော အကြံဉာဏ်များကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများရှိ ကျွမ်းကျင်ပညာရှင် များထံမှ တောင်းခံနိုင်နေပြီဖြစ်သည်။
ကဏ္ဍအားလုံးတိုးတက်လာသော အိပ်မက်ထဲက နိုင်ငံတော်ကြီးဖြစ်ရန်အတွက် ကျနော်တို့ပြည်သူပြည်သားများသည်လည်း ဝိုင်းဝန်းကြရမည်ဖြစ်သည်။ ခေတ်ဟောင်းစနစ်ဟောင်းက မကောင်းသည့် အလေ့အကျင့်ဟောင်းများကို စွန့်ပယ်ခဲ့ကြပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်အောင် ဗိုလ်ချုပ်စကားဖြင့် ပြောရလျှင် ပြဲနေအောင် အလုပ်လုပ်မှ ကျနော်တို့ မျှော်လင့်သော အိပ်မက်ထဲက နိုင်ငံ တော်ကြီး တခုကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။
(စာရေးသူသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)