အစိုးရ ဖွဲ့နိုင်သည့် ပမာဏထက် ကျော်လွန်၍ ရွေးကောက်ပွဲ အောင်နိုင်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖို့ ရှေ့တွင် ရင်ဆိုင်ဖြေရှင်း ကျော်လွှားရမည့် စိန်ခေါ်မှု အမျိုးမျိုးအနက် မဖြစ်မနေ ဦးစားပေးကိုင်တွယ်ရမည့် ကိစ္စရပ် အနည်းငယ်တွင် ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာသည် ထိပ်ဆုံးဦးစားပေး အနေအထားတွင် ရှိနေသည်။
ရွေးကောက်ပွဲ တည်ငြိမ်အောင်မြင်စွာ ပြီးဆုံးသွားခဲ့သော်လည်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပေါ်ကာ စစ်ဘေးစစ်ရှောင် ဒုက္ခသည်များ သောင်းချီ တိုးပွားလျက်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်ဘက်မှ ကိုယ်စားလှယ်များ ရန်ကုန်သို့ စေလွှတ်၍ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်မှာပင် တဖက်၌ တိုက်ပွဲများက တပြိုင်တည်း ဖြစ်နေသည်။
တိုက်ပွဲများ ဖြစ်ပွားမှုနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်များကရော အစိုးရတပ်ကပါ မီဒီယာများမှတဆင့် ဆင်ခြေအသီးသီးပေးလျက် ရှိသော်လည်း ရွေးကောက်ပွဲ ရလဒ်ကိုအကြောင်းပြု၍ ပြည်သူလူထုလိုလားသော အစိုးရဖြင့် ရှေ့တဆင့်ခုန်မည့် မြန်မာနိုင်ငံအတွက် ယင်းအခြေအနေက နှောင်ကြိုးတခု ဖြစ်နေသည်။
သမ္မတ ဦးသိန်းစိန်က သူ၏ အစိုးရသက်တမ်း ကုန်ခါနီးတွင် တွန်းအားပေးလုပ်ခဲ့သည့် အကြိမ်ပေါင်း များစွာသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ လက်တွေ့နှင့် ကင်းကွာကာ အမည်အမျိုးမျိုးတပ်ထားသည့် အားလုံးပါဝင်ခြင်းမရှိသော အပစ်ရပ်စာချုပ်များဖြင့်သာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က နိဂုံးကမ္ပတ် အသုံးသတ်နေပြီ ဖြစ်သည်။
မြန်မာနိုင်ငံ တိုင်းနှင့် ဒေသအနှံ့ အညီအမျှ တိုးတက်ဖွံ့ဖြိုးရန်၊ တိုင်းရင်းသားများ အခွင့်အရေး တန်းတူညီမျှ ရရန်မှာ ပြည်တွင်းငြိမ်းချမ်းရေးက အရေးပါသည်။ ယင်းတာဝန်သည် အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပုခုံးပေါ်သို့ ရောက်လာမည်ဖြစ်သည်။ ပြည်သူများ၊ လေ့လာသူများနှင့် တိုင်းရင်းသားများ ကိုယ်တိုင်က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်တွင်းငြိမ်းချမ်းရေးတွင် ပါဝင် စေ့စပ်ပါက အထမြောက်ဖွယ်လမ်းစများ ရှိနိုင်ကြောင်း မျှော်လင့်ချက် ထားနေကြသည်။
NLD ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် တနိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု မကြာသေးမီက သတင်းစကားပေးခဲ့သည်။
အောက်တိုဘာလအတွင်းက ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ခြင်း မရှိသော အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်က မတက်ရောက်ခဲ့ခြင်းအားဖြင့် ကွက်ကြား အပစ်ရပ် ငြိမ်းချမ်းရေးကို လက်မခံကြောင်း ပြသပြီး ဖြစ်သည်။
ယင်းမျှော်လင့်ချက် ရောင်ခြည်သန်းလာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိ အစိုးရ၊ အစိုးရတပ်မတော် အကြီးအကဲတို့၏ ဆက်ဆံရေးက အရေးကြီးနေဆဲ ဖြစ်သည်။
လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ အနေဖြင့် အာဏာလွှဲပြောင်းချိန် မတိုင်မီအထိ ကာလအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် မဖြစ်အောင် ဆောင်ရွက်သင့်သည်။ ထို့အပြင် သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် အမျိုးသားရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်အောင် အမြန်ဆုံး လုပ်ဆောင်သင့်သည်။
နိဂုံးချုပ်အားဖြင့် လာမည့် မကြာတော့သော လများအတွင်း ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်ရင်ဆိုင်ရတော့မည့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ချောမောစွာ အထမြောက်အောင် ယခုကတည်းက ပူးပေါင်းဆောင်ရွက်ကြခြင်းအားဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတွင် သမ္မတ ဦးသိန်းစိန် အစိုးရနှင့် တပ်မတော်တို့၏ ပါဝင်မှု အခန်းကဏ္ဍကို သမိုင်းမှတ်တမ်း ဆက်တင်ကြရန် တိုက်တွန်းအပ်ပါသည်။