၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့တာ သုံးပတ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ရွေးကောက်ပွဲ ရလဒ်တွေကို ကြေညာပြီးချိန်မှာတော့ နိုင်ငံရဲ့ အတိုက်အခံပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး အစိုးရသစ်တရပ်ကို ဖွဲ့စည်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ လွတ်လွတ်လပ်လပ် မပျော်နိုင်သေးပါဘူး။ စိတ်ထဲ မအီမလည် ဖြစ်နေကြပါတယ်။
သူတို့ စိုးရိမ်တဲ့အချက်က မြန်မာ့နိုင်ငံရေးအာဏာကို နှစ်ပေါင်း ၅၀ ကျော်ကြာ ဆုပ်ကိုင်ထားတဲ့ တပ်မတော်နဲ့ ဗိုလ်ချုပ်ဟောင်းတွေဟာ ပြည်သူတွေက ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ်တရပ်ကို ၂၀၁၆ ခုနှစ်မှာ အုပ်ချုပ်ရေး အာဏာ ချောချောမွေ့မွေ့ လွှဲပြောင်းပေးနိုင်ပါ့မလား ဆိုတာပဲ ဖြစ်ပါတယ်။
နိုင်ငံရေး အကူးအပြောင်းဟာ ချောချောမွေ့မွေ့ ရှိပါ့မလားဆိုပြီး တော်တော်များများက ပူပန်နေကြပါတယ်။ ဒါပေမယ့် ဘယ်လောက် အတိုင်းအတာအထိ စိုးရိမ်စရာရှိတယ် ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိကြသေးပါဘူး။ မြန်မာ ပြည်သူတွေဟာ အတိတ်ရဲ့ခြောက်လှန့်မှုကို ခံနေကြရဆဲ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာသိမ်းလိုက်တာ၊ ၁၉၉၀မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ်နဲ့ ရွေးကောက်ပွဲအနိုင်ရခဲ့ပေမယ့် စစ်အစိုးရက အာဏာမလွှဲခဲ့တာ စတာတွေကို သူတို့ မမေ့နိုင်သေးပါဘူး။
ယခင်စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ဟောင်း အများစုနဲ့ ဖွဲ့စည်းထားတဲ့ လက်ရှိ အစိုးရအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုက နည်းပါးပါတယ်။
“ဟုတ်ပါတယ်။ ကျမတို့ စိုးရိမ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ဝါရှင်တန်ပို့စ်နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ “ကျမတို့ အတိတ်က အတွေ့အကြုံတွေ အများကြီး ရှိခဲ့ဖူးတာမို့ မစိုးရိမ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကျမတို့နောက်မှာ ပြည်သူတွေရှိတယ်ဆိုတာ ကျမတို့ သိပါတယ်။ ပြီးတော့ (ရွေးကောက်ပွဲ) ဖြစ်စဉ်မှာ ပါဝင်သူ အားလုံးကလည်း ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုမှာပါလို့ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်လေ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဆေးခါးကြီး
ရွေးကောက်ပွဲရလဒ်တွေအရ NLD ဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ရွေးကောက်ခံ အမတ်နေရာ ၁၁၅၀ နေရာမှာ ၈၈၆ နေရာ သို့မဟုတ် ၇၇ ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။ လက်ရှိ အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ကတော့ NLD နောက် ဒုတိယနေရာ အများဆုံး အနိုင်ရခဲ့တယ် ဆိုပေမယ့် လွှတ်တော်သုံးရပ်လုံးမှာ ၁၁၇ နေရာ သို့မဟုတ် ၁၀ ရာခိုင်နှုန်းပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒီ ကြီးမားတဲ့ ရှုံးနိမ့်မှုကတော့ ဦးသိန်းစိန်နဲ့ ကြံ့ခိုင်ရေးပါတီအတွက် လက်မခံနိုင်ချင်စရာပါပဲ။ ဒါပေမယ့် ဒီအတွက်တော့ သူတို့ကိုယ် သူတို့ပဲ အပြစ်တင်ရပါလိမ့်မယ်။
ရွေးကောက်ပွဲမတိုင်ခင် တပတ်အလိုမှာ ဦးသိန်းစိန်က ဧရာဝတီတိုင်းရှိ သူ့ရဲ့ဇာတိ ငပုတောမှာ ထောက်ခံသူတွေကို “ကျနော်တို့ စစ်အစိုးရကနေ ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီ အစိုးရအဖြစ်ကို ပြောင်းလဲပြီးပါပြီ။ ခင်ဗျားတို့က ဘာတွေ ထပ်ပြောင်းလဲချင်သေးလို့လဲ။ ခင်ဗျားတို့ ထပ်ပြောင်းချင်ရင်တော့ ကွန်မြူနစ်စနစ်ကို ပြောင်းဖို့ပဲ ရှိတော့တယ်။ ကွန်မြူနစ်စနစ်ကိုတော့ ဘယ်သူမှ မလိုချင်ကြပါဘူး။ ဟုတ်တယ် မဟုတ်လား” လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လုံလောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီးပြီလို့ သမ္မတ ဦးသိန်းစိန်က သွယ်ဝိုက်ပြောဆိုချင်တာ ဖြစ်ပေမယ့် သူ့ရဲ့ ဒီလိုပြောဆိုမှုဟာ ထူးဆန်းနေပြီး ဆန့်ကျင်ဘက် အဓိပ္ပါယ်ကိုတောင် သက်ရောက်စေတယ်လို့ လေ့လာသူတချို့က သုံးသပ်ခဲ့ကြပါတယ်။ သူကဒီလိုပြောခဲ့ပေမဲ့ တကယ်တမ်းမှာတော့ မဲဆန္ဒရှင် အများစုက ဘယ်သူ့ကို မဲပေးရမယ်ဆိုတာ ဆုံးဖြတ်ပြီးနေပါပြီ။
ကြံ့ခိုင်ရေးပါတီ အနေနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး အစိုးရဖွဲ့နိုင်လောက်တဲ့ မဲအရေအတွက်ကိုတော့ အနည်းဆုံး ရလိမ့်မယ်လို့ ဦးသိန်းစိန်နဲ့ တခြား ပါတီခေါင်းဆောင်တွေက ယုံကြည်ခဲ့ကြပုံ ပေါ်ပါတယ်။
ရွေးကောက်ပွဲမတိုင်မီ ရက်အနည်းငယ် အလိုမှာ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးဌေးဦးက RFA မြန်မာပိုင်းနဲ့ အင်တာဗျူးမှာ လက်ရှိ အာဏာရပါတီ အနေနဲ့ မဲ ၆၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအတွင်း အနိုင်ရလိမ့်မယ်လို့ ယူဆတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီလိုဖြေဆိုမှုဟာ ခွက်ခွက်လန်အောင် မှားယွင်းတယ်ဆိုတာ အခုရွေးကောက်ပွဲ ရလဒ်တွေက သက်သေပြလိုက်ပြီး ဖြစ်ပါတယ်။ ပြီးတော့ သမ္မတရဲ့ လူတွေအနေနဲ့ မဲဆန္ဒရှင်တွေရဲ့ တကယ့်ဆန္ဒတွေကို နားလည်မှု မရှိဘူးဆိုတာ ထင်ရှားပါတယ်။
ရွေးကောက်ပွဲပြီးနောက်မှာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက NLD အပြတ်အသတ် အနိုင်ရခဲ့တဲ့ ရလဒ်အပေါ် အံ့သြမိတယ်လို့ ဧရာဝတီကို ဝန်ခံပြောဆိုခဲ့ပါတယ်။
“ရွေးကောက်ပွဲ အကြိုကာလမှာ တနိုင်ငံလုံးလိုလို ခန့်မှန်းနေတာကတော့ တပါတီတည်းကပဲ အပြတ်အသတ် အနိုင်ရစရာ အကြောင်းမရှိဘူး။ အဲဒီတော့ (အစိုးရဖွဲ့နိုင်ဖို့ဆိုရင် တခြားပါတီတွေနဲ့) Negotiate (စေ့စပ်ဆွေးနွေးမှု) လုပ်သွားရမယ့် အပိုင်းရှိတယ်” လို့ ဦးတင်အေးက ပြောခဲ့ပါတယ်။
“ကျနော်တင် ထင်တာမဟုတ်ဘူး။ တနိုင်ငံလုံးက ဒီလို ထင်တဲ့အခါကျတော့ အဲဒီလိုကနေ အခုရလဒ်တွေက အံ့သြစရာတွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တင် မကပါဘူး။ ကျန်တဲ့လူလည်း အံ့သြမယ်။ အနိုင်ရပါတီလည်း အံ့သြမယ်။ ရှုံးတဲ့လူလည်းအံ့သြမယ်။ကျန်တဲ့ပါတီတွေလည်း အံ့သြကြမယ်” လို့ ပြောပါတယ်။
ပြည်သူတွေက အပြောင်းအလဲအတွက် အင်တိုက်အားတိုက်နဲ့ မဲပေးခဲ့ကြတာကို အံ့သြမိတယ်လို့ ဦးတင်အေးက ဆိုပါတယ်။
“သေတဲ့လူတောင် နိုင်တယ်ဗျာ” လို့ ဦးတင်အေးက ပြောပါတယ်။ သူပြောတဲ့ တယောက်ကတော့ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲအလိုမှာ မဲဆွယ်စည်းရုံးရေး ဆင်းနေရင်း နှလုံးရောဂါကြောင့် ရုတ်တရက် ကွယ်လွန်သွားတဲ့ NLDအမတ်လောင်း ဦးစိုးမြင့် ဖြစ်ပါတယ်။
ဦးစိုးမြင့်ရဲ့ နာမည်ကို မဲစာရွက်ပေါ်မှာ မျဉ်းတားပြီး ဖျက်ထားခဲ့ပေမယ့်လည်း မဲဆန္ဒရှင်တွေက သူ့ကိုပဲ မဲပေးခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ ဦးစိုးမြင့်ဟာ သူ့ရဲ့ ကြံ့ခိုင်ရေးပါတီ ပြိုင်ဘက်အပေါ် အပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီလို NLD ရဲ့ အနိုင်ရမှုအပေါ် ဦးတင်အေးနဲ့ တခြားသူတွေက အံ့သြကောင်း အံ့သြမိပါလိမ့်မယ်။ ဒါပေမယ့် အားလုံးကတော့ သူတို့လို မအံ့သြကြပါဘူး။ ဦးတင်အေးက ဒီလိုပြောကြောင်း ကြားရတဲ့အခါမှာ ကျနော့် မိတ်ဆွေတချို့က “သူတို့ အံ့သြတယ် ဆိုတာကို ကျတော်တို့က အံ့သြတယ်” လို့ ပြောကြပါတယ်။
စောင့်ကြည့်ခြင်း
စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း ဦးသိန်းစိန် အစိုးရကတော့ အာဏာလွှဲပြောင်းရေးလုပ်ဖို့ ဆောင်ရွက်နေကြောင်း ယူဆလို့ရတဲ့ ပြောဆိုမှုတွေ ပြုလုပ်ထားပါတယ်။
“ကျနော်တို့ အခုကြိုးစားနေတာက ကောင်းမွန်တဲ့ ဒီမိုကရေစီ အစဉ်အလာတခုကို တည်ထောင်ရေး ဖြစ်ပါတယ်။ ရွေးကောက်ပွဲ တခုကနေ ဖွဲ့စည်းခဲ့တဲ့ အစိုးရက နောက်ထပ် ရွေးကောက်ခံ အစိုးရတခုကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ပေးတာမျိုး ကျနော်တို့ နိုင်ငံရဲ့ သမိုင်းမှာ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းက ဒီလိုမျိုး မရှိခဲ့ပါဘူး။ ကျနော်တို့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ နောက်ဆုံး တာဝန်တခုအနေနဲ့ ကျနော်တို့ ဒါကိုလုပ်ပါမယ်။ အဲဒါက ကျနော်တို့ရဲ့ နောက်ဆုံး အောင်ပွဲပါ” ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီကို ပြောခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ့်အကြောင်း ကတိပေးဖူးသလို ဒီသက်တမ်းပြီးရင် သူ့အနေနဲ့ သမ္မတရာထူးကနေ အနားယူရတော့မယ် ဆိုတာကို အတန်အသင့် လက်ခံထားပုံပေါ်ပါတယ်။
ဒါပေမယ့် သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့မချင်းတော့ လေ့လာစောင့်ကြည့်သူတွေက သံသယရှိနေဦးမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့ဟာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ တွေ့ကြတော့မှာ ဖြစ်ပါတယ်။
ဝေဖန်သူတွေကတော့ အားလုံး သိရှိပြီးဖြစ်တဲ့ ဆင်းရဲမွဲတေမှု၊ အကျင့်ပျက်ခြစားမှု၊ တိုက်ပွဲတွေ၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ နိုင်ငံရေးနဲ့ လူမှုရေးရာ ပြဿနာပေါင်းစုံအပြင် ဘယ်လို နိုင်ငံရေးမိုင်းတွေကို အစိုးရသစ်အတွက် ထားခဲ့ဦးမလဲဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။
ဒီလို စိုးရိမ်မှုတွေကို ဖြေဖျောက်ဖို့ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဦးသိန်းစိန်တို့အကြား အနှစ်သာရပြည့်ဝပြီး ထင်သာမြင်သာရှိကာ ရိုးသားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတခု မဖြစ်မနေ လိုအပ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပိုမိုဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် အောင်နိုင်သူ၊ ရှုံးနိမ့်သူတွေနဲ့ တပ်မတော်ဘက်ပါ သဘောတူနိုင်တဲ့ နိုင်ငံရေး သဘောတူညီမှုတခု ရရှိဖို့ အရေးကြီးပါတယ်။
တပ်မတော်က လွှမ်းမိုးထားတဲ့ အစိုးရအဖွဲ့အနေနဲ့ လာမယ့်နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ခေါင်းဆောင် တယောက်အနေနဲ့ လက်ခံနိုင်ပါ့မလား ဆိုတာလည်း မေးခွန်းတခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
လာမယ့် မတ်လမှာ အစိုးရသစ်တရပ် မပေါ်ပေါက်သေးမီ စပ်ကြားကာလ အထိတော့ မြန်မာပြည်သူတွေအနေနဲ့ အပြည့်အဝပျော် နိုင်ဦးမှာမဟုတ်ဘဲ ဘာတွေဖြစ်လာဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရဖို့ပဲ ရှိနေပါတယ်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ကျော်စွာမိုး၏ Concerns Remain Ahead of a Testing Transition ကို ဘာသာပြန်ဆိုသည်။