သရုပ်ဆောင်လောကမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ကျင်လည်ခဲ့ပြီး သဘာကျတဲ့ ဟာသ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်များအကြား နာမည်ကျော်ခဲ့တဲ့ ဟာသသရုပ်ဆောင် ဗေလုဝဟာ ဘီလူးဆိုတဲ့ ဇာတ်ကောင် ကာရိုက်တာနဲ့ ပရိသတ်ကြား စတင် ပေါက်ခဲ့တာဖြစ်ပြီး ကြားထဲမှာလည်း ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ၊ ဗီဒီယိုဇာတ်ကားပေါင်း များစွာကို ရိုက်ကူးခဲ့သူ တဦးပါ။ စာဖတ်ရတာ ဝါသနာပါပြီး စိတ်ဝင်စားတဲ့ စာပေများကို လေ့လာခဲ့သူ၊ စာလည်းရေးပြီး စာပေ ဟောပြောပွဲတွေမှာလည်း အလျဉ်းသင့်သလို လိုက်လံ ဟောပြောနေသူ တဦးလည်း ဖြစ်ပါတယ်။
မကြာသေးခင်က ပြုလုပ်ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ယုံကြည်ရာ ပါတီဖြစ်တဲ့ NLD ပါတီ အောင်နိုင်ရေး လှုပ်ရှားမှုများမှာ ဗေလုဝရဲ့ မြို့ရွာနေရာ ဒေသအနှံ့ ဟောပြောမှုများက ထိရောက်အောင်မြင်ခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်က စစ်သူကြီးတယောက် အဖြစ်နဲ့တောင် ခိုင်းနှိုင်း တင်စားခံခဲ့ရသူတဦးပါ။ အနုပညာဘက်မှာ လည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင် နိုင်ခဲ့သလို နိုင်ငံရေးမှာလည်း ကျရာနေရာက တာဝန်ကျေခဲ့တဲ့ သရုပ်ဆောင် ဗေလုဝကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ အခုလတ်တလော ဦးဗေလုဝ ဘာတွေ လုပ်ဖြစ်နေတယ် ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ လတ်တလောကတော့ ဦးဗေ ရုပ်ရှင်ကားကြီးတကား ရိုက်နေတယ်။ အဲဒါက ချောင်းသာမှာ သွားရိုက်ရတာ အဲဒီကနေ ပြန်လာတယ်။ ကားနာမည်က ပင်လယ်ကြီးက ဘာပြောလဲ လို့ ပေးထားပါတယ်။ ဒီကားက အခု ရွေးကောက်ပွဲ အပြီး ပထမဆုံး ပြန်ပြီး ရိုက်ဖြစ်တဲ့ ကားကြီးပေါ့။
မေး။ ။ ရွေးကောက်ပွဲ မတိုင်ခင်ကရော ဘယ်အချိန်က စပြီး ကားရိုက်တွေ နားထားတာလဲ။ ဒီဘက်ကို လှုပ်ရှားမှုတွေ စလုပ်နေဖြစ်ခဲ့တဲ့ အချိန်ကရော ဘယ်လောက်ကြာလဲ။
ဖြေ။ ။ ရွေးကောက်ပွဲနီးလာပြီ ဆိုကတည်းက ဟောပြောပွဲတွေမှာ လိုက်ပြောတာပေါ့။ ဟောပြောပွဲတွေ လိုက်ပြော နေတယ် ဆိုတာကလည်း နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်တာပါပဲ။ အစကတည်းက ပြောနေတာလေ ရွေးကောက်ပွဲ နီးလာတော့ ပိုပြီးတော့ အရှိန်ပြင်းသွားတာ ပေါ့။
မေး။ ။ ဟောပြောပွဲတွေက ဘယ်နေရာတွေကို သွားခဲ့တာလဲ။ အဲဒီတုန်းက အတွေ့အကြုံတွေလည်း ပြန်ပြီး ပြောပြပေးပါ။
ဖြေ။ ။ သွားတာကတော့ နေရာအစုံပဲလေ။ တရားဝင် မဲဆွယ်ခွင့်ရ ကတည်းက နေရာအနှံ့ပါပဲ။ တနင်္သာရီလဲ ရောက်တာပဲ၊ ရခိုင်လည်း ရောက်တာပဲ၊ စစ်ကိုင်းတိုင်း၊ မကွေး အကုန် ရောက်ပါတယ်။ သွားတဲ့ အခါမှာလည်း ကျနော်တို့က မဲဆွယ်တဲ့ အခါမှာ ညင်ညင်သာသာ ပါပဲ။ ညင်ညင်သာသာ ဆိုတာကလည်း ကျနော်တို့ရဲ့ ဖတ်ထားတဲ့ စာဖတ် အားလေးတွေနဲ့ မဲဆွယ်တဲ့ ကာလမှာ NLD ပါတီ ကို နိုင်စေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းပြည်လည်း အပြောင်းအလဲလေး ဖြစ်သွားအောင်၊ ကောင်းသွားအောင် လေ။ ပြီးတော့ လူထုကလည်း အရမ်းပင်ပန်း နေကြပြီလေ။ ဆင်းရဲ ဒုက္ခထဲကို ရောက်နေကြတယ်။
ဒါကြောင့် ကျနော်တို့က ယဉ်ယဉ်ကျေးကျေးပဲ ပြောပြီး စည်းရုံးတယ်။ ကျနော်တို့က ဉာဏ်ရည်နိမ့်ပြီး သူများကို ပုတ်ခတ်ပြီး မပြောဘူးလေ။ ကျနော်တို့ ရိုက်ထားတဲ့ အခွေတွေလည်း အများကြီးပဲ၊ ကျနော်က လက်ညှိုး ၂ ချောင်း ထောင်ပြီး ပြောနေတာကို ချို (ဂျို) ဆိုပြီးတော့ သူတို့ အမြင်နဲ့ ပြောကြတာပေါ့။ အဲဒီတုန်းက ကျနော်ပြောခဲ့တာက ဘောလုံး ၂ သင်းကို ပြောခဲ့တာ။ လက်ညှိုး ၂ ချောင်းထောင်ပြီး ဘောလုံး ၂ သင်း ရှိတယ် ဆိုပြီးတော့ ယှဉ်ပြောပြ နေတာ၊ အဲဒါကို ချို ဆိုပြီးတော့ နွားပါဆိုပြီး ပြောကြတယ်။ ကျနော်တို့ ဘယ်တော့မှ မပြောဘူး အဲဒါမျိုး။ ကျနော့်မှာ အသံဖိုင်တွေလည်း ရှိတယ်။ အဲဒီလိုမျိုးပြောဖို့ စိတ်ကူးတောင် မရှိပါဘူး။
ဘောလုံးနှစ်သင်း အကြောင်းပြောဖို့ လက်နှစ်ချောင်းထောင်တာ။ နောက်တခါ ဖရဲသီး ဘာညာ ဆိုတာကလည်း ကျနော်လည်း မပြောပါဘူးဗျာ။ ဘယ်မြို့မှာမှလည်း မပြောပါဘူး။ အဲဒါတွေကလည်း ကိုယ်ပြောတယ် ဖြစ်ပြန်ရော လေ။ မဟုတ်ပါဘူး ပြောလဲ ရှင်းမရ လင်းမရ ဖြစ်တာလေ။
မေး။ ။ ဦးဗေလုဝတို့ဘက်က ဘယ်လိုမျိုးတွေပဲ ပြောပြပြီး မဲဆွယ်စည်းရုံးခဲ့ကြတာလဲ။ ကိုယ် မပြောဘဲ အဲဒီလို အပြောခံရတော့ ဘာလို့ မဖြေရှင်းခဲ့တာလဲ။
ဖြေ။ ။ ကျနော်တို့ ပြောတာက ဒီပါတီက ၂၇ နှစ်လုံးလုံး ပြည်သူတွေနဲ့ အတူတူ ရုန်းလာရတယ်။ ဘာပဲ ပြောပြော ဒီပါတီက အစိုးရတရပ်ကို ဖွဲ့စည်းနိုင်တယ်။ ပညာတတ် လူငယ်လေးတွေနဲ့ ဝန်းရံထားတယ်။ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ အားကိုးပါတယ်။ ဒါကြောင့် ဒီပါတီကို မဲရ စေချင်တယ်။ ဒါကြောင့် မဲထည့်ကြပါ။ ဒါပဲပြောခဲ့တာ။ နောက်ပြီး ဗိုလ်ချုပ် အကြောင်း နည်းနည်းပြောတယ်၊ ဒေါ်ခင်ကြည်အကြောင်း ပြောတယ်။ သူများကို မပုတ်ခတ်ဘဲ ကိုယ်နိုင် သလောက်၊ ကိုယ်တတ် သလောက်ပြောတယ်။ မဖြေရှင်းခဲ့ဘူး ဆိုတာက ဖြေတော့ဖြေရှင်းပါတယ်။ Facebook ပေါ်ကနေ ဖြေရှင်းပါတယ်။ ဘယ်ကနေ ဘယ်လို ထွက်တယ် ဆိုတာကို ကိုယ်လည်း မသိဘူး ဆိုတဲ့ အကြောင်းပေါ့။
ကိုယ် ဟောပြောခဲ့တဲ့ နေရာတွေ၊ ဒေသတွေက လူတွေက အကုန်သိပါတယ်၊ အဲဒီလို မပြောဘူး၊ မပါဘူး ဆိုတာကို။ နောက်ပြီး ကျနော်က အဲဒီလို မပြောခဲ့တဲ့ အတွက် လိပ်ပြာလုံတယ်။ အဲဒီလို ပေါတောတော တွေလည်း မပြောတတ် ပါဘူး။ ဒါက တယောက်နဲ့ တယောက် ရန်ဖြစ်တာလည်း မဟုတ်ဘူးလေ။ ပါတီတွေ မဲဆွယ်ကြတယ် ဆိုတာက ရိုးရိုးသားသားပဲ လေ။ ရိုးရိုးသားသားပဲ မဲဆွယ်တယ်။ ဒီကနေ ပြည်သူတွေကို နားလည်အောင် ရှင်းပြတယ်။ သဘောတရားက ဒီလိုရှိတယ်။ ဒီပါတီနိုင်မှ တိုင်းပြည်က ဒီလိုရွေ့မှာ။ နောက်ရထားကို မစောင့်နဲ့ နှစ်ပေါင်း ငါးဆယ် ကျော်ပြီ၊ ကျနော်တို့ အမီလိုက်ရမှာပဲ။ ဟောပြောချက်တွေက ယဉ်ယဉ်လေးပါ။
ဗိုလ်ချုပ်တို့၊ ဒေါ်ခင်ကြည်တို့က အာဂတိတရား ကင်းတယ်၊ ဒါကြောင့် ဒီမျိုးဆက်ကို မထောက်ခံရင် ခင်ဗျားတို့ ဘယ်သူကို ထောက်ခံမလဲ ဒါမျိုးလေးတွေ ပါ။ ဒီလောက်ပါပဲ။ အနုပညာသမား ဆိုတာ ပြည်သူတွေနဲ့ ပေါင်းသင်းရ တာ၊ ဒီလို ရိုင်းရိုင်းတွေ ပြောလို့ ဘယ်ရမလဲ။ တဘက်မှာလည်း ကိုယ့်ကို မုန်းမှာလည်း စိုးတယ်လေ။ ဒီလို စကားမျိုး မပြောဘဲ၊ ယဉ်ယဉ်ကျေးကျေးနဲ့ ပြိုင်ကြတာလေ။ ကျနော်တို့ ကလည်း အဲဒီလို ယဉ်ယဉ်ကျေးကျေးနဲ့ ပြိုင်တာကိုပဲ ကြိုက်တယ်။ တဖက်နဲ့ တဖက် စကားနိုင်လုနေစရာ အချိန်လည်း မဟုတ်ဘူးလေ။ စကားနိုင်လုရအောင် လင်လုဘက် လည်း မဟုတ်ဘူး၊ မယားလု ဘက်လည်း မဟုတ်ဘူး။ သူတပါးကို အဲဒီလို နှိုက်နှိုက်ချွတ်ချွတ်ပြောပြီး မဲရဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။
မေး။ ။ ဦးဗေလုဝ အဲဒီလို သွားတဲ့ နေရာတွေက ဒေါ်အောင်ဆန်းစုကြည်က လွှတ်တာလား၊ ဦးဗေလုဝက ကိုယ့် အစီအစဉ်နဲ့ကိုယ် သွားခဲ့တာလား။
ဖြေ။ ။ တချို့နေရာတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားခဲ့တာပါ။ တချို့နေရာတွေကျတော့ အန်တီလည်း လွှတ်ပါတယ်။
မေး။ ။ အခု ဦးဗေလုဝကို ဒေါ်အောင်ဆန်းစုကြည်က စစ်သူကြီးတယောက်နဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့တဲ့ စကား အပေါ်မှာရော ဘယ်လိုများ ခံစားရပါလဲ။
ဖြေ။ ။ ဒါကတော့ လူထုခေါင်းဆောင် တယောက်က အဲလိုပြောတယ် ဆိုတော့ ဘယ်လူသား မဆို ရင်ခုန် ကြည်နူး တာပေါ့။ အဲဒီလို ပြောမယ် လို့လည်း မမျှော်လင့်ပါဘူး။ ကိုယ့်တာဝန် ကျေခဲ့ပြီးပြီလေ။
မေး။ ။ အခုပြီးသွားတဲ့ ရွေးကောက်ပွဲ ထွက်လာတဲ့ ရလဒ်တွေ အပေါ်မှာရော ဦးဗေလုဝရဲ့ အမြင်က ဘယ်လိုများ ရှိပါလဲ။
ဖြေ။ ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရလဒ်က ၈၀ ရာခိုင်နှုန်းလောက် ရခဲ့တယ်။ အခုက ၈၅ ရာခိုင်နှုန်းလောက် ဖြစ်နေပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ လူထုက သောင်ပြို ကမ်းပြို ဆိုတဲ့ စကားလုံးကိုပဲ သုံးရတော့မှာ ပေါ့။ သောင်ပြို ကမ်းပြို အားပေး လိုက်တယ် ပေါ့။ မဲထည့်လိုက်တယ်။ ဒီလိုအပေါ်ကို လူကြီးတွေ ကလည်း အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ သွားမယ် လို့ ထင်ပါတယ်။ ဟုတ်တယ်လေ အစိုးရအသစ်ကို ဖွဲ့စည်းတယ် ဆိုတာ အစိုးရအသစ်ကို လွှဲပြောင်း ပေးတယ် ဆိုတာက လူကြီးတွေရဲ့ သဘောထားက အဲဒီလောက် မတင်းမာပါဘူး။ အားလုံး ငြိမ်းချမ်းစွာ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ကျနော့်အမြင် ဆိုတာကလည်း ပြည်သူ့အမြင် ပါပဲ။ လူတွေအားလုံက ငြိမ်းချမ်းချင်ပြီ ဗျ။ ရှင်းရှင်း ပြောရရင် စီးပွားရေး တွေကို သူ့ဘာသာ သပ်သပ်ရပ်ရပ် ရှာချင်ကြပြီ။ နောက်ပြီး ကျနော်တို့မှာ မျိုးဆက်တွေ ရှိတယ်လေ။ အဲဒီ မျိုးဆက်တွေ လည်း စိတ်အေးရအောင် အကောင်းဆုံးတော့ မြင်ချင်တာပဲ။ အကောင်းဆုံးပဲ ဖြစ်စေချင်တာပဲ။ အကောင်းဆုံးလည်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ လက်ရှိအစိုးရအပေါ် အမြင်က ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ သူတို့ ပြောင်းလဲနေပါတယ်။ သမ္မတကြီးရော၊ ကာချုပ်ကြီးရော သူတို့ သဘောကလည်း နူးညံပျော့ပျောင်း ပါတယ်။ အားလုံး ပြောင်းလဲသွားမှာပါ။
မေး။ ။ ဦးဗေလုဝက စာပေဟောပြောပွဲ တွေမှာလည်း လိုက်လံဟောပြော ပေးနေတော့ အဲဒီအပိုင်းက ဘယ်လို အချိန် ပေးထားတာလဲ၊ ဘယ်လို အကြောင်းအရာကို အဓိက ဟောပြောပါလဲ။
ဖြေ။ ။ အဲဒါက ဖိတ်ထားတာတွေက များတယ်။ ကိုယ်သွားနိုင်ခြင်း၊ မသွားနိုင်ခြင်း အပေါ်မှာလည်း မူတည်တာပေါ့။ ကိုယ်ကလည်း ဒီအလုပ်နဲ့ ဆိုတော့ ကိုယ်အဆင်ပြေတဲ့ အချိန်၊ လစ်ဟာနေတဲ့ အချိန်လေးတွေ ပြောဖြစ်တယ်။ ပြောတာ ကလည်း အခုအချိန်မှာ တိုင်းပြည်ကလည်း ကောင်းနေပြီ၊ အေးသွားပြီ ဆိုတော့ ပရိသတ် ဗဟုသုတတွေ ရစေချင်တာတွေ၊ ရီရီမောမောလေး ဖြစ်စေချင်တာရယ် အတွက် အဲဒီဘက်ကိုပဲ ဦးတည်ပြီး ဟောရတော့မှာပေါ့။ စိတ်တွေနဲ့ ပတ်သတ်ပြီး သန့်ရှင်းကြဖို့ အတွက်ပေါ့။
မေး။ ။ ဦးဗေလုဝနဲ့ ဦးလှဆွေတို့ အရင်က Facebook မှာ အပြန်အလှန် ရေးတာတွေလည်း ရှိခဲ့တယ်နော်။ အဲဒီအကောင့် ကရော ဦးဗေလုဝသုံးတဲ့ အကောင့်လား။ ဦးဗေလုဝ ကိုယ်တိုင်ရေးခဲ့တာလား။
ဖြေ။ ။ အဲဒီတုန်းက ကျနော် Facebook တောင် မသုံးသေးပါဘူး။ ဦးဗေအကောင့်တုတွေ ရှိမှာပေါ့ လေ။ အဲဒီကနေ ပြောကြတာပေါ့။ တုံ့ပြန်ကြတာပေါ့ ဘာတွေမှန်းကို မသိပါဘူး။ ကျနော်လည်း ဦးလှဆွေဆိုတာကို အဲဒီ နောက်ပိုင်း ကျမှ သတိထားမိတာ။ အဲဒီတုန်းက Facebook မသုံးသေးဘူး။ အဲဒီနောက်ပိုင်းကျမှ Facebook သုံးဖြစ်တာပါ။ သုံးတော့လည်း အေးဆေးပါ၊ သူကလည်း ဦးဗေဘက်ကို မလှည့်တော့ဘူး လေ။ ဘယ်ဘက် လှည့်သွားလဲ မသိပါဘူး။ တယောက်ယောက်ဘက် လှည့်သွားတယ် ထင်တယ်။
မေး။ ။ အဲဒီလို အကောင့်တုကနေ ပြောခဲ့တဲ့ အတွက် လူပုဂ္ဂိုလ်ချင်း အထင်အမြင်လွဲ ခံရမှာ မစိုးရိမ်မိခဲ့ဘူးလား။
ဖြေ။ ။ အဲဒါက တယောက်နဲ့ တယောက် ရန်သူတွေမှ မဟုတ်တာဘဲ။ နာနာကျည်းကျည်းလည်း တယောက်နဲ့ တယောက် ဘာမှ မရှိကြဘူး လေ။ ဒါကြောင့် ဒါကတော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘောလို့ပဲ သဘောထားလိုက် တာပေါ့။ ဘယ်လိုပဲ တိုက်ခိုက် တိုက်ခိုက် ပေါ့။ ပြည်သူတွေ ဆုံးဖြတ်သွားမှာ ပါ။
မေး။ ။ အနုပညာရှင်တွေ တော်တော်များများလည်း နိုင်ငံရေးဘက်မှာ ပါဝင်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံပွဲမှာလည်း အကုန်နီးပါး တက်ရောက်ကြတယ်။ အဲဒီအပေါ် အနုပညာသမား တယောက်အနေနဲ့ အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ဒါကတော့ ခေတ်အဆက်ဆက် လေ။ ဘယ်သူပဲ ဖြစ်ဖြစ်၊ ဝန်းရံကြတာ ကောင်းပါတယ်။ အနုပညာသမား ဆိုတာကလည်း ပြည်သူပဲလေ၊ နိုင်ငံ ကောင်းအောင် လုပ်တဲ့ နေရာမှာ သူတို့ကလည်း အုတ်တချပ် သဲတပွင့်ပဲ လေ။ အနုပညာ သမားတွေ ဝန်းရံမှ ဖြစ်မှာပါ။ အနုပညာသမားတွေက ဖာသိဖာသာ နေမယ် ဆိုရင်တော့ တမျိုးပေါ့လေ။ ဘာသိဘာသာ နေစရာ အကြောင်းလည်း မဟုတ်ဘူးလေ။ ဒါက နိုင်ငံရဲ့ အပြောင်း အရွေ့၊ ခေတ်တခေတ်ရဲ့ အပြောင်း အရွေ့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကြုံတောင့်ကြုံခဲပါ။
တချို့ဆိုရင် မဲမပေးဘူး ဆိုရင် နစ်နာပါတယ်။ ဘဝတခု ဆုံးသွားသလိုပါပဲ။ ဘဝတခုကို ကိုယ်လည်း စီးမျောနေတာ ပါပဲ။ ဒါကြောင့် တိုင်းပြည်အရေး အပြောင်းအလဲမှာ ဘယ်ပါတီကို ကြိုက်ကြိုက်၊ ကြိုက်တဲ့ ပါတီကို မဲထည့်ဖို့၊ လူသား တယောက်အနေနဲ့ တာဝန်ကျေဖို့ လိုတယ်။ ဝန်းရံတာကတော့ ဘယ်ဘက်က ဝန်းရံဝန်းရံ ဝန်းရံတာကတော့ ကောင်းပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လောကကြီးက အပြိုင်အဆိုင်ရှိမှ ကောင်းမှာ ကိုး။ အပြိုင်အဆိုင်လေး ရှိတာ ကောင်းတယ်၊ ကြိုက်တယ်။
မေး။ ။ ဦးဗေလုဝက စာတွေလည်း ရေးတယ်။ စာအုပ်တွေလည်း ထွက်ထားတယ်။ အဲဒီစာရေးတာနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။
ဖြေ။ ။ အင်း ဟုတ်တယ်။ အခုလည်း ပြည်သူနဲ့ အနုပညာရှင်ကြားက ကောက်ကြောင်း ဆိုတာလေး ရေးနေတယ်။ နန်းတော်ရှေ့ ဆရာတင်တို့ ခေတ်ကလည်း သူတို့ အင်္ဂလိပ်ကို တိုက်ကြတာပဲ။ သူတို့ အင်္ဂလိပ်ကို နှဲ့ကြတာပဲ။ မကျေနပ် ကြဘူးလေ။ စနစ်တခုကို ပြန်ကြည့်၊ ဒါကလည်း အနုပညာသမားတွေ စီးမျောတာပေါ့။
မေး။ ။ ဦးဗေလုဝ အရင်က ဇာတ်ကားတွေမှာ ကိုယ့်ဇာတ်လမ်းကို ဒါရိုက်တာ လုပ်ပြီး ရိုက်ခဲ့ဖူးတာတွေလည်း ရှိတယ် နော်။ အဲဒီအပိုင်းရော လုပ်ဖြစ်ဦးမလား။
ဖြေ။ ။ ဒါရိုက်တာတော့ မလုပ်တော့ပါဘူး။ စိတ်ပင်ပန်းလည်း မခံနိုင်တော့ဘူး ကိုယ့်အသက်အရွယ်နဲ့လေ။ ကိုယ်က အခု သရုပ်ဆောင်လည်း လုပ်တယ်၊ ဟောပြောပွဲလေး ဟောတယ်။ ဒီလောက်ပါပဲ။ နောက်ပြီး ထမင်းဆိုင် လေး ဖွင့်ဖို့ ကြိုးစားနေတယ်။ ကမာရွတ်ဘက်မှာလေ ကျနော်က အဲဒီအပိုင်းကို ဝါသနာပါတယ်။ လယ်သူမ ဆိုတဲ့ နာမည်နဲ့ ဖွင့်ဖို့လုပ်နေတယ်။ ကိုယ်က အချက်အပြုတ်လည်း ဝါသနာပါတယ် လေ။ အခုက အရုပ်တွေ၊ ပန်းပုတွေတောင် လုပ်ပြီးပြီ၊ အထူးအဆန်းတွေပဲ ချက်ပြမှာ။ ဥပမာ ငါး ငရုတ်သီးစိမ်းချက်တို့၊ ငါးရှဥ့် စပ်စလူးချက်တို့၊ ဖားမော်ဒယ်လ် ဟင်းတို့လိုပေါ့။ စားနေကျ ကြက်၊ ဝက်ဟင်းတွေ မဟုတ်ဘူး။ စားပွဲကလည်း ဒီလို စားပွဲတွေနဲ့ မဟုတ်ဘူး။ မိသားစု စားတဲ့ စားပွဲမျိုးတွေနဲ့။ စတိုင်သစ်တွေ ပေါ့။ အဲဒါမျိုးတွေလာမှာ။
မေး။ ။ အနုပညာဘက်ကရော အခု ကားကြီးရိုက်ပြီးသွားပြီ၊ နောက်ထပ် ဘာတွေဆက်လုပ်ဖို့ ရှိဦးမလဲ။
ဖြေ။ ။ နောက်ထပ် ကားကြီးနှစ်ကားကို ဒါရိုက်တာ ထွန်းအောင်ကျော်နဲ့ ရိုက်ဖို့ ရှိတယ်။ ဒါက ဒီဇင်ဘာ ၂ ရက်နေ့ စရိုက်ပြီ။
မေး။ ။ အခု တိုင်းပြည် အပြောင်းအလဲမှ ရုပ်ရှင်ဘက်ကိုရော ပြောင်းလဲဖို့ ဘာတွေ မျှော်လင့်မိလဲ။
ဖြေ။ ။ အသစ်အစိုးရ တရပ်ကတော့ … သူကတော့ လုပ်ပြမှာပဲ။ ဘယ်သူမဆိုဗျာ လုပ်ပြကြမှာပဲ။ အခုက ဒေါ်စုက ပြောတယ် လွှတ်တော်ထဲမှာ ဝန်ကြီးရူးမရူးကြနဲ့ ဆိုတာလေ။ ကျနော်ကတော့ထင်တယ် အာဂတိ လိုက်စားတာ ကတော့ နည်းသွားလိမ့်မယ်။ ပညာရေး အရမ်းကောင်းသွား လိမ့်မယ်။ အဲဒီနှစ်ခုနဲ့တင် တိုင်းပြည်က စကောင်းနေပြီ။ တိုင်းပြည် တပြည်ရဲ့ အကောင်းဆုံးကတော့ အဂတိ နည်းရင် ချမ်းသာကြတာပဲ။ စနစ်ကောင်းမယ်၊ ပညာရေး ကောင်းမယ် ဆိုရင် ကျနော်တို့ တတိုင်းပြည်နဲ့ တတိုင်းပြည်က ခေါင်းတွေနဲ့ ယှဉ်ကြရတာကိုး။ ခွန်အားတွေနဲ့ ယှဉ်တာမှ မဟုတ်တာကို။ အဲဒီတော့ ပညာတတ် များများပေါ်ထွက် လာလေလေ၊ ပညာရေးစနစ်ကြီး ကောင်းလာ လေလေ တိုင်းပြည်ကောင်းလေပဲ။ ကျနော်ကတော့ အဲဒီလိုပဲ မြင်တယ်။ အဓိက အသက်က အဲဒါပဲ။
ရုပ်ရှင်နယ်ပယ်ကတော့ အဓိက စိတ်ဓာတ်လေးတွေ ပြင်မှ တိုးတက်မှာ။ မဟုတ်ရင်တော့ မတိုးတက်နိုင်ဘူး။ စိတ်ဓာတ် ဆိုတာကဗျာ ဒါရိုက်တာနဲ့ အနုပညာရှင်က အပြန်အလှန် လေးစားမှုလေးတွေ ရှိရမယ်။ စက်အဖွဲ့ကလည်း စက်အဖွဲ့ အလျောက် အပြန်အလှန် လေးစားမှုလေးတွေ ရှိရမယ်။ နေရာတကာမှာ အခွင့်ထူးခံတွေက အရမ်းများ နေတယ်။ အသက်အရွယ် အရ ၇၀ ကျော်ကြီးတွေက ငုတ်တုတ် ထိုင်စောင့်နေရပြီးတော့ အသက်အရွယ် ဘာမှ မရှိသေးတဲ့ မင်းသားဆိုတဲ့ ပုဂ္ဂိုလ်တွေက နေ့ခင်း ဆယ့်နှစ်နာရီ တချက်လောက်မှ ရိုက်ကွင်းကို ရောက်တယ်။ စော်ကားသလို ဖြစ်သွားတာပေါ့။ အားလုံးက ပိုက်ဆံရှာကြတာပဲ လေ။ အကုန်လုံး အလုပ်ချိန်ကို တိကျဖို့ လိုတယ်။ အပြန်အလှန် လေးစားမှုလေး ရှိရင် ပြီးတာပဲလေ။
မေး။ ။ အရင်တုန်းက ရိုက်ကွင်းတခုမှာ ဒါရိုက်တာ ဘုရင်ဆိုတဲ့ ခေတ်ကို ပြန်ရောက်နိုင်မလား။
ဖြေ။ ။ အဲဒါကြောင့် အဲဒီ စောစောကပြောတဲ့ မင်းသားမင်းသမီး ကိစ္စတခုကို တကြော ရှင်းရဦးမယ်။ နိုင်ငံတကာကို ဖြန့်တယ် ဆိုတာက နိုင်ငံတကာကို ဖြန့်နိုင်တဲ့ စနစ်၊ စည်းကမ်းတွေ ရှိရမယ်။ သူတို့ ထုတ်လုပ်သူ၊ သူတို့ သရုပ်ဆောင် တွေရဲ့ အခြေအနေကို ကြည့်ရမယ်။ ဟိုဟာတွေက အလုပ်ကို တန်ဖိုးထား လေးစားကြတာပဲလေ။ အဲဒါကြောင့်လည်း သူတို့ ကားတွေ ကောင်းတာပဲလေ။ အခုဟာက ကျနော်တို့က နွားခြေရာခွက်ထဲက ဖားလိုပဲ။ အဲဒါလေးကို ပြဿနာဖြစ်နေတာ။ ဒီသေးသေးလေးက အပြင်ထွက်သွားရင် ယိုးဒယားလောက် ရောက်ရင် သူတို့ကို သိကို မသိတော့တာ။ ဟိုမှာက ဖူးခက်လိုနေရာမှာ နိုင်ငံတကာက မော်ဒယ်လ်လာရင်ကို အုန်းအုန်းဒိုင်းဒိုင်း ဖြစ်နေတာ။ ကျနော်တို့ အများကြီး လုပ်ရဦးမယ်။ အင်တာနေရှင်နယ်ကို ထိုးဖောက်မယ် ဆိုပြီး ဆိုင်းဘုတ်နဲ့ မထိုးဖောက်နဲ့ ဆိုင်းဘုတ်နဲ့ ထိုးဖောက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ တကယ်လက်တွေ့ ထိုးဖောက်ဖို့လိုတယ်။
မေး။ ။ ဒီနှစ် အကယ်ဒမီမှာ ဦးဗေလုဝ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဤအရာကို အချစ်ဟုခေါ်သလား ရုပ်ရှင်ကားနဲ့ အကယ်ဒမီ ရနိုင်တယ်လို့ ပြောကြတဲ့အပေါ် ရင်ခုန်မှု ရှိပါသလား။
ဖြေ။ ။ အကယ်ဒမီကတော့ မမျှော်လင့်ပါဘူး။ ရှင်းရှင်းပြောရရင် စစ်သူကြီးနဲ့တင် ကျေနပ်နေပါပြီ။ စစ်သူကြီးနဲ့တင် အကယ်ဒမီ ရတယ်လို့ သဘောထားပြီး ကျေနပ်နေပါပြီ။ ဒါက အကယ်ဒမီပဲလေ။