အကယ်၍များ သင် (သို့မဟုတ်) သင့် မိသားစုဝင် တယောက်ယောက်သာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးမယ်ဆိုရင်။ အကယ်၍များ အကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပမ်းခံရပြီး သေဆုံးသွားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား တယောက်ယောက်သာ သင့်မိသားစု ဆွေမျိုးအသိုင်းအဝိုင်း မိတ်ဆွေသူငယ်ချင်းတွေထဲမှာ ရှိခဲ့မယ်ဆိုရင်။ အကယ်၍များ သင့်မျက်စိရှေ့မှာ လက်နက်မဲ့ပြည်သူတွေကို လက်နက်ကိုင်တပ်သားတွေက ရက်ရက်စက်စက် ဖြိုခွင်း လိုက်တာ တွေ့ခဲ့ဖူးမယ်ဆိုရင်။ အကယ်၍များ သင့်ဇနီး (သို့မဟုတ်) သင့်မိခင် (သို့မဟုတ်) သင့်နှမသားချင်း တယောက်ယောက် အလိုမတူဘဲ အနိုင်ကျင့်ခံခဲ့ရတာမျိုးရှိခဲ့မယ် ဆိုရင်။ အကယ်၍များ သင့်အဖေ (သို့) သင့်အကို/မောင် တယောက်ယောက် အဓမ္မခိုင်းစေခံရလို့ ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးသွားတာမျိုး ရှိခဲ့ဖူးမယ်ဆိုရင်။ အကယ်၍များ သင့်မျိုးနွယ်စုဟာ ဘာသာမတူ လူမျိုးကွဲပြားမှုကြောင့် အုပ်စုလိုက်အနိုင်ကျင့် ခံခဲ့ရပြီး၊ သင်ဟာ မွေးဖွားကတည်းက နိုင်ငံမဲ့သူတယောက်အဖြစ်နဲ့ ညှိုးငယ်စွာကြီးပြင်းလာခဲ့ရမယ်ဆိုရင်။
အဲဒီလို တအုံနွေးနွေး စိတ်ဒဏ်ရာတွေနဲ့ နှစ်ပေါင်းအစိတ်ကျော် နေထိုင်လာခဲ့ရတဲ့ မျိုးဆက်တွေကြားမှာ “Collective Memory” လို့ခေါ်တဲ့ နာကြည်းမုန်းမျက်မှုတွေ၊ အာဃာတတွေ၊ တရားမဲ့ကျူးလွန်ခဲ့သူတွေအပေါ် အယုံအကြည်မဲ့မှုတွေ ကိန်းအောင်းနေခဲ့မှာ မလွဲမသွေပါဘဲ။ ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကတော့ “ကျနော်တို့ဒီလူတွေကို (စစ်အာဏာရှင်တွေ) လက်စား မချေပါဘူးဆိုပေမယ့် သူတို့ကို အာဃာတတရားနဲ့တော့ အမှတ်အသားပြုရလိမ့်မယ်” လို့ ကိုဖုန်းမော်ကျဆုံးခြင်း ၂၅နှစ် မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ပြောခဲ့ဖူးတယ်။
တိမ်မယောင်နဲ့နက်နဲ သိမ်မွေ့သလောက် ခက်ခဲလှတဲ့ “အမျိုးသားပြန်လည်ရင်ကြားစေ့ရေး” ဆိုတဲ့ကိစ္စကို မစတင်ပဲနဲ့ နှစ်ပေါင်းများစွာ နိုင်ငံရေးစီးပွားရေး ခြွတ်ခြုံကျနေခဲ့တဲ့နိုင်ငံတခုကို နေ့ချင်းညချင်း ထောင်မတ်လာအောင် လုပ်ဖို့ရာ လွယ်ကူလိမ့်မည် မဟုတ်ပေ။ နိုင်ငံတော်အာဏာကို အစိုးရသစ်လက်ထဲ ငြိမ်းချမ်းစွာလွှဲပြောင်းပေးဖို့၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ဖို့ ဆိုတဲ့ခြေလှမ်းတွေကိုလည်း အမျိုးသားပြန်လည်သင့်မြတ်မှုမရှိဘဲ စတင်ဖို့ရာ ခက်ခဲပါ လိမ့်မယ်။
မှတ်ဉာဏ်ရောင်းရန်ရှိသည် (memory for sale)
ပဋိပက္ခလွန် နှစ်ဦးနှစ်ဖက် ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးလမ်းစဉ်တွေထဲမှာ ဂျပန်နဲ့ တရုပ် ၂ နိုင်ငံကြား စစ်အတွင်းက ကျန်ခဲ့တဲ့ သမိုင်းကြွေး စိတ်ဒဏ်ရာတွေကို ကုစားဖို့သုံးခဲ့တဲ့ မှတ်ဉာဏ် ရောင်းရန်ရှိသည် (memory for sale) ဆိုတဲ့ကုထုံးကတော့ ကမ္ဘာကျော်ခဲ့ပါတယ်။ လူများစုရဲ့မှတ်ဉာဏ်ထဲမှာ စွဲမှတ်နေတတ်တဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို ကုစားတဲ့ ကုထုံးဟာ ပြန်လည် သင့်မြတ် ရေးလုပ်ငန်းစဉ်ထဲမှာ အင်မတန်မှ အရေးပါခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစိတ်ဒဏ်ရာတွေကနေ တဆင့် အဆိုးမြင် ခံစားမှုတွေ ပေါက်ဖွားစေတတ်လို့ပါပဲ။
စိတ်ဒဏ်ရာတွေကို ကုစားဖို့ အကောင်းဆုံးနည်းက အတိတ်က အမှန်တရားကို တွေ့ဆုံဆွေးနွေးတဲ့နည်းတွေ၊ ညှိနှိုင်း အဖြေရှာတဲ့နည်းလမ်းတွေနဲ့ဖေါ်ထုတ်တဲ့နည်းပါပဲ။ အတိတ်က အမှန်တရားလို့ဆိုရမှာလည်း “appropriated truth” ဆိုတဲ့စကားလုံးကို သုံးထားပါတယ်။ “ကြောင်းကျိုး ညီညွတ် ဆီလျော်မှုရှိတဲ့ အမှန်တရား” ကိုသာ ရှာဖွေကြရမှာဖြစ်ပါတယ်လို့ ဒီကုထုံးနဲ့ပတ်သက်လို့ လေ့လာသူ ပညာရှင် တွေက ဆိုကြပါတယ်။
အနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲပြီးပြီးချင်းမှာပဲ မဲဆန္ဒရှင်အများစုက ယုံယုံကြည်ကြည် ပေးအပ်လိုက်တဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး သမ္မတ ဦးသိန်းစိန်နဲ့ရော ကာ/ချုပ် မင်းအောင်လှိုင်နဲ့ ပါ တွေ့ဆုံဖို့ တောင်းဆိုခဲ့တဲ့ အတွက် မကြာသေးမီရက်ပိုင်းကပဲ နှစ်ယောက်စလုံးနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံ ဆွေးနွေးမှုမျိုး မဖြစ်ခဲ့တဲ့အတွက် တိကျခိုင်မာတဲ့ နိုင်ငံရေး သဘောတူညီချက် တစုံတရာ ထုတ်ပြန်နိုင်ခဲ့တာ မတွေ့ရပါဘူး။
အမှန်တကယ်တော့ မြန်မာပြည်နိုင်ငံရေးဟာ တပ်မတော်ကဲ့သို့သော သံဃာထုကဲ့သို့သော နောက်ခံအင်အား တောင့်တင်းတဲ့ အင်စတီကျူးရှင်း တခုခုအပေါ် ဒါမှမဟုတ် လူထုထောက်ခံ အားကောင်းတဲ့ ပါတီတခုခုအပေါ် တည်မှီနေခဲ့တာ မဟုတ်ဘဲ၊ အဲဒီအုပ်စုတွေအပေါ်မှာ သြဇာလွှမ်းမိုးမှုရှိတဲ့ လူပုဂ္ဂိုလ်တစုံတယောက်ရဲ့ အခွင့်အာဏာ အပေါ်မှာသာ တည်မှီ နေတာဖြစ်လို့ အာဏာရှင်စနစ် သက်ဆိုးရှည်နေခဲ့တာဖြစ်ပါတယ်။ သြဇာလွှမ်းမိုးမှုကြီးမားတဲ့ လူပုဂ္ဂိုလ်တစုံတယောက်ရဲ့အဆုံးအဖြတ်နဲ့ပဲ တရားဥပဒေကို သားရေကြိုးလို အလျှော့ အတင်းလုပ်လို့ရတယ်။ စစ်တုရင်ခုံပေါ်က နယ်ရုပ်ကလေးတွေကို ရွှေ့သလိုမျိုး ဟိုရွှေ့သည်ရွှေ့ ရွှေ့လို့ရတယ်။
နောက်ဆုံးတော့လည်း စစ်အာဏာရှင်စနစ်ရဲ့နောက်ဆုံးခံတပ်ဟာ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေသာ ဖြစ်တယ် ဆိုတာကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးတခုဖြစ်ဖို့ နှစ်ပေါင်းများစွာ တစိုက်မတ်မတ် အားထုတ်လာခဲ့တဲ့ အနိုင်ရပါ တီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့မှုက သက်သေပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဖို့ကမ်းလှမ်းချက်ထဲမှာ တွေ့ဆုံဆွေးနွေးရေးအတွက် အခြေခံမူကို “တိုင်းပြည် အကျိုးကို ထိခိုက်ဆုတ်ယုတ်စေနိုင်သည့် အငြိုးအတေးနှင့် အာဃာတတရားများ မိမိတွင်လုံးဝမရှိ။ အနာဂတ် မြန်မာ နိုင်ငံတော် အောင်မြင်စွာ တည်ထောင်နိုင်ရေးနှင့် တပ်မတော်အပါအဝင်အဖွဲ့အစည်းအားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်နိုင် ရေးတို့ အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးလို” ဆိုပြီး ရှင်းရှင်းလင်းလင်း ရေးသားထားခဲ့တာကို ဦးသန်းရွှေရဲ့မြေးဖြစ်သူ နေရွှေသွေးအောင်ရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာပေါ်က တဆင့်တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အငြိုးအတေး အာဃာတတရားများ ကင်းစင်သူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ နှစ်ရှည်လများ နေအိမ် အကျယ်ချုပ်ချထားခံရတာ၊ မိသားစုတွေ တကွဲတပြားဖြစ်ခဲ့ရတာ၊ ခင်ပွန်းဖြစ်သူရဲ့နောက်ဆုံးအချိန်တွေမှာ တောင်မှ အတူရှိခွင့်မရခဲ့တာ၊ ဒီပဲယင်းမှာ လုပ်ကြံခံရတာ၊ ဒါတွေဟာ စတေးခဲ့ရတာမဟုတ်ဘူး၊ သူကိုယ်တိုင်ရဲ့ ရွေးချယ်မှုတွေပါပဲလို့ မကြာမကြာ ပြောလေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ရွေးချယ်မှုမဟုတ်ပါဘဲ တနွယ်ငင်တစင်ပါ ဥပဒေမဲ့ တရားစီရင်ခြင်းခံခဲ့ရတဲ့၊ လက်နက်အာဏာအားကိုးနဲ့ အနိုင်ကျင့် နှိပ်စက်ခံခဲ့ရတဲ့ အပြစ်မဲ့ ပုထုဇဉ် သာမန်လူသားတွေ အဖို့တော့ အတိတ်က စိတ်ဒဏ်ရာတွေကို ကုစားဖို့ အချိန်အတော်ကြာ လိုအပ်ပါလိမ့်မယ်။
ဘယ်လို သင်ပုန်းချေကြမလဲ
ကဗျာဆရာ ရဲရင့်သက်ဇွဲက မြစ်ပွားနာတခုလိုအောင်းနေတဲ့ စိတ်ဒဏ်ရာတွေကို ကဗျာတပုဒ်ထဲမှာ ဖွင့်ဟခဲ့တာကို သူ့ရဲ့ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်က တဆင့် တွေ့ရပါတယ်။
“ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ရတဲ့ ငါ့ရဲဘော်တွေအတွက် ရင်းစား ပြန်ရချင်တဲ့ တရားမျှတမှုမျိုးကို ငါ အစဉ်တစိုက်တောင်းဆိုခဲ့သူပါ ….
အခုတော့ ဦးနှောက်ဟာ နှလုံးသားထက် ကြီးရမယ်ဆိုတဲ့အခါ …. ဖြစ်ပျက်ခဲ့သမျှ သင်ပုန်းချေရမယ်ဆိုတဲ့အခါ …. ကျဆုံးခဲ့တဲ့ ငါ့ရဲဘော်တွေအပေါ်မှာ
သူတို့တွေရဲ့ နှလုံးသွေးနဲ့ သစ္စာတိုင်တည်ခဲ့မှုတွေအပေါ် ငါ သစ္စာဖေါက်သလို ခံစားရချက်က လက်ကုန်ပါပဲ …..”တဲ့။
အနှစ်၂၀နီးပါးအကျဉ်းချခံခဲ့ရတဲ့ ကွယ်လွန်သူ သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ သူ့အာဃာတ တရားများကို “ဘာလဲဟဲ့ လူ့ ငရဲ” ဆိုတဲ့စာအုပ်နဲ့ အမှတ်အသားပြု ဖြန့်ချိခဲ့ပါတယ်။ ဆရာကြီး ဦးဝင်းတင်ဟာ “ထောက်လှမ်းစစ်ကြောရေး လက်ချက်နဲ့ သွားတွေ အားလုံး ပြောင်သလင်းခါခဲ့တယ်။ အစာအိမ် ရောဂါစွဲခဲ့ရတယ်။ အူကျရောဂါကို ငါးနှစ်လုံးလုံး ခွဲစိတ်ကုသခွင့်မပေး ဆေးရုံမတင် ဖြစ်ချင်ရာဖြစ် ပစ်ထား ခံခဲ့ရတယ်။ နှလုံးရောဂါကို ထိရောက်လုံလောက်တဲ့ ကုသမှုမပေးခဲ့လို့ သေရွာပို့အဆင့် ရောက်ခဲ့ရတယ်”လို့
သူ့စိတ်ထဲမှာ အနှစ်နှစ်ဆယ်ကျော် ကိန်းအောင်းနေခဲ့တဲ့ စိတ်ဒဏ်ရာတွေကိုလည်း သူ့စာအုပ်ထဲမှာ ဖွင့်ချထား ခဲ့ပါတယ်။
“အနှစ်နှစ်ဆယ်ပြည့်လု နီးပါးလုံးလုံး ကျနော့်ကို တိုက်ပိတ်ထားခဲ့တယ်။ အခြားနိုင်ငံရေးအကျဉ်းသားတွေ၊ ရာဇဝတ် အကျဉ်းသားတွေနဲ့ သာမက ထောင်ဝန်ထမ်းတွေနဲ့ပါ အဆက်ဖြတ်ထားခဲ့တယ်။ နှစ်ပေါင်းနှစ်ဆယ်ဆိုတဲ့ အဟောသိကံ ကာလရှည်ကြီးက ကျနော့်ရဲ့ ဘဝနေဝင်ချိန် လူစဉ်မီမှုကို ကိုက်ဖဲ့ဝါးမျိုသွားတယ်။ စာအုပ်မဖတ်ရ လူသူမတွေ့ရ၊ စကား မပြောရ၊ လှုပ်ရှားသွားလာ မလုပ်ရ၊ ဝါသနာအလုပ်တွေ (ပန်းချီ၊ဂီတ၊ စာဖတ်စာရေး၊ အိမ်မျှော်) တွေ ဆုံးရှုံးရ၊ တိုတို ပြောရ ရင် ကျနော့်ရဲ့လူ့သက်တမ်းထဲက လေးပုံတစ်ပုံလောက်ကို နင်းချေဖျက်ချေ အမှုန့်ချေ ရေမျှောပစ်ခဲ့တယ်ဗျာ၊ နှမြောလိုက်တာ၊ နှမြောလိုက်တာ၊ အသည်းနာပါရဲ့၊ နှလုံးနာပါရဲ့၊ စိတ်နာပါရဲ့၊ ကောင်းကြသေးရဲ့လားဗျာတို့လို့ လောကကြီးကို အော်ဟစ် တိုင်တည်လိုက်ချင်တယ်”လို့လည်း နာကျည်းစွာ ရေးသားခဲ့တယ်။
ထောင်ချီတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ သောင်းချီတဲ့ စစ်ဘေးဒုက္ခသည်တွေ ရှိနေခဲ့ ရှိနေဆဲ မြန်မာပြည်မှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို နည်းလမ်းတကျ စတင်ဖို့ အခွင့်အရေး မရခဲ့သေးပါဘူး။ အနာဂတ် တိုင်းပြည်အရေးကို ထောက်ထားပြီး အငြိုးအတေး အာဃာတများကို သင်ပုန်းချေလိုက်ကြဖို့ မတရား အပြစ်ဒဏ်ခံခဲ့ရသူတွေ အချင်းချင်းကြား အပြန်အလှန် နားချ ကုစားနေကြတာကိုပဲ တလျှောက်လုံး ကြားနေခဲ့ရပါတယ်။
မည်သို့ပင် မတရားအပြစ်ပေးခံခဲ့ရသူတွေဖြစ်ပစေ မည်သို့ပင် ဆင်းရဲဒုက္ခခံစားခဲ့ရသည်ဖြစ်ပစေ နိုင်ငံနဲ့ နိုင်ငံသားများရဲ့အကျိုးကိုထောက်ထားပြီး သူတို့ကို အပြစ်ပေး နှိပ်စက်ခဲ့သူတွေနဲ့ ပြန်လည်သင့်မြတ်ဖို့ရာ ဆန္ဒတွေ ပြင်းပြနေကြပါပြီ။ တွေ့ဆုံ ဆွေးနွေးဖို့ အခွင့်အလမ်းတွေလည်း ပေါ်ပေါက်လာခဲ့ပါပြီ။ ခွင့်လွှတ်ခြင်းတွေ ပြသဖို့လည်း အဆင်သင့်ဖြစ်နေကြပါပြီ။ မတရား အပြစ်ဒဏ်ခံခဲ့ရသူတွေဟာ သူတို့ရဲ့အာဃာတတွေကို ချရောင်းဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။
အခု အချိန်မှာ လိုအပ်နေတာက အပြစ်ကျူးလွန်ခဲ့သူတွေဆီက သူတို့ကြောင့် ဆုံးရှုံးနစ်နာခဲ့ရသူတွေကို ဝန်ချတောင်းပန်ဖို့ မဟုတ်တောင် သူတို့ရဲ့ နာကြင်မှုတွေကို ဖြေသိမ့်နိုင်စွမ်းမယ့် အသိအမှတ်ပြုမှု တခုခုကို ပြသဖို့ (ဒါမှမဟုတ်) ရောင်းချရန် အသင့်ဖြစ်နေတဲ့ အာဃာတတရားတွေကို ဈေးကောင်းပေးပြီး ဝယ်လိုက်ကြဖို့ပဲ လိုပါတော့တယ်။