ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အမှိုက်ကောက်ဖို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောကြားလိုက်ပါ တယ်။ အဲဒီနောက်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အမှိုက်ကောက်တဲ့ကိစ္စက လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝေဖန်သံတွေပွက်လော ရိုက်သွားပါတယ်။ အပြုသဘောဆောင်သူတချို့က လက်ခုပ်တီး ဂုဏ်ပြုကြသလို တချို့သူတွေကတော့အမှိုက် ကောက်တာဟာ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်ရမယ့်အလုပ်မဟုတ်ဘဲ စည်ပင်က သန့်ရှင်းရေးဝန်ထမ်းတွေရဲ့ တာဝန်သာဖြစ်ကြောင်း ဝေဖန်ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် က အမှိုက်ကောက်ပြတာကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ကိုယ်မဲပေး လိုက်တဲ့ အမတ်မင်းတွေကိုယ်တိုင် အများပြည်သူရှေ့မှာ အမှိုက်ကောက်ပြတော့ လူငယ်တွေရဲ့အမြင်မှာ အားကျအတုယူစရာ ဖြစ်လာတယ်။ ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေနဲ့ ထိတွေ့ခွင့်ရဖို့ ပိုပြီးနီးစပ်သွားစေတယ်။ ပြည်သူတွေ နေ့စဉ်ခံစားနေကြရတဲ့ လူမှုဒုက္ခတွေကို ဆန္ဒရှိရင် ကြားနိုင်တဲ့ အခွင့်အရေး ရသွားမယ်။ ပြည်သူ့ကို တိုက်ရိုက်အကျိုးပြုတဲ့ လုပ်ငန်းလည်း ဖြစ်တယ်။ ဒါပေမယ့် ဘယ်လောက်ထိကောက်မှာလဲ။ ဘယ်လို ကောက်ကြ မှာလဲ။ ကောက်ပြီးသား အမှိုက်တွေကို ဘယ်လိုစွန့်ပစ်ကြမှာလဲ။ ဘယ်နေရာတွေမှာ ဦးစားပေးကောက်မှာလဲ။ ဘယ်အချိန်တွေ ကောက်ကြမှာလဲ စတဲ့ မဆုံးနိုင်တဲ့ မေးခွန်းတွေကလည်းရှိနေတယ်။
တကယ်တော့ မြို့ကြီးပြကြီးတွေမှာ အမှိုက်ပြဿနာကကြီး လှတယ်။ လက်ရှိအခြေအနေအရ စည်ပင်ဝန်ထမ်းတွေချည်း အားကိုးလို့ မရနိုင်တာလည်း အမှန်ပဲ။ နေ့စဉ်အမှိုက်ထွက်ရှိမှုက ဝန်နဲ့အားမမျှဘူး။ အမှိုက်ခွန် ပုံမှန်ပေးနေကြရပေမယ့် အမှိုက်သိမ်း ကားတွေ အချိန်မီမလာနိုင်ဘူး။ ရပ်ကွက်တိုင်းမှာ အမှိုက်ပုံး၊ အမှိုက် ကန်တွေ ထားမပေးနိုင်သေးဘူး။ ရွေးကောက်ခံ အမတ်တွေအနေနဲ့ အဲဒီ ကိစ္စဘယ်လိုဖြေရှင်းပေးမလဲ မဲဆန္ဒရှင်တယောက်အနေနဲ့ သိချင်မိတယ်။
သန့်ရှင်းသာယာလှပတဲ့ မြို့တော်တခုဖြစ်ဖို့ အမှိုက်ကင်းစင်တဲ့ မြို့တော်ဖြစ်ဖို့လိုပါတယ်။ အဲဒီလို အမှိုက်ကင်းစင်ဖို့အတွက် အမှိုက်အလွယ်တကူ စွန့်ပစ်နိုင်ဖို့ အမှိုက်ပုံးတွေ လက်လှမ်းမီအနေ အထားမှာရှိရပါမယ်။ အမှိုက်ပုံးတွေကိုလည်း အချိန်မှန်သိမ်းတဲ့ ဝန်ထမ်းတွေလည်း ရှိဖို့လိုတာပေါ့။ အမှိုက်ပစ်ကြမယ့် ပြည်သူတွေ ကိုလည်း ထိရောက်တဲ့ပညာပေးမှုတွေ မရှိမဖြစ်လိုအပ်ပါတယ်။ တချို့က လမ်းသွားလမ်းလာတွေ ပေါ့ပေါ့ပါးပါး အမှိုက်လေးတွေပစ်ဖို့ ထားတဲ့ အမှိုက်ပုံးတွေထဲကို မီးဖိုချောင်သုံးအမှိုက်တွေ အသုံးအဆောင် အဟောင်းအမြင်းတွေ လာစွန့်ပစ်ကြတာလည်းရှိတယ်။ တကယ်တော့ အဲဒီလိုအမှိုက်တွေက အမှိုက်ကန်တွေမှာ သွားရောက် စွန့်ပစ်မှသာ အဆင်ပြေမှာပါ။ လမ်းဘေးမှာထားတဲ့ အမှိုက်ပုံးတွေက လမ်းသွားလမ်း လာတွေ အတွက်သာ ရည်ရွယ်ထားတာပါ။
အမှိုက်တွေကို ခွဲခြားစွန့်ပစ်စေဖို့ စည်ပင်သာယာကနိုင်ငံပိုင်မီဒီယာ တွေမှာ အခါအားလျော်စွာ ပညာပေးမှုတွေ လုပ်နေပေမယ့်မထိ ရောက်ဘူး။ အမှိုက်ပစ်သူတွေက အမှိုက်စို အမှိုက်ခြောက် သီးခြားစီခွဲခြား မနေဘူး။ လွယ်လင့်တကူ စွန့်ပစ်နေကြတယ်။ ဆေးရုံဆေးခန်းအချို့ဆိုရင် အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို အလွယ်ပဲ စွန့်ပစ်နေတယ်။
အမှိုက်စွန့်ပစ်ရာမှာလည်း စနစ်တကျ စွန့်ပစ်နိုင်မှု အားနည်းနေ သေးတယ်။ အမှိုက်ကားပေါ်မှာ အမှိုက်တွေ အပြည့်အမောက်တင်ပြီး မိုးကာဖျင် အုပ်မောင်းတယ်ဆိုပေမယ့်လမ်းမှာအမှိုက်တွေ ကျကျန်ခဲ့တာ လည်း ရှိနေတာပဲ။ အမှိုက်ကားပေါ်က အမှိုက်တွေက အမှိုက်ကုန်းကို တော့ရောက်သွားပါရဲ့။ အမှိုက်ကုန်းက အမှိုက်တွေကရော ဘယ်ကို ရောက်မှာလဲ။ အမှိုက်တွေကနေ စွမ်းအင်တခုခုရအောင် လုပ်နိုင်ရင် အဟောဝတ ကောင်းလေစွပေါ့။ ဒါပေမယ့် အဲဒီကိစ္စအခုထိတော့ ဖြစ် မလာသေးဘူး။ တချိန်ချိန်မှာ ဖြစ်လာကောင်းရဲ့လို့ မရဲတရဲမျှော်လင့် ရတာပဲ။
အမှိုက်ပုံးတွေကို ဖျက်လိုဖျက်ဆီးလုပ်နေကြတဲ့ လူလွန်မသားတွေ လည်းရှိတယ်။ သူတို့ကို ထိရောက်တဲ့အရေးယူမှု လုပ်ဖို့လိုတယ်။ အမှိုက်ပုံးတွေက ပြည်သူ့ဘဏ္ဍာတွေသုံးပြီး ဝယ်ထားကြရတာ။ မြို့တော်ဝန်ကြီး ရဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာမဟုတ်သလို စည်ပင်ဝန်ထမ်းတွေရဲ့ ချွေး နည်းစာနဲ့ ဝယ်ထားတာလည်းမဟုတ်ဘူး။ ပြည်သူတွေရဲ့ အခွန် အတုတ် ကောက်ခံရရှိငွေနဲ့ ဝယ်ထားတဲ့ ပစ္စည်းတွေသာ ဖြစ်တယ်။
ရုပ်ဝတ္ထု အမှိုက်တွေက ကောက်ဖို့လွယ်သလောက် စိတ် အမှိုက်တွေကောက်ဖို့က ထင်သလောက် မလွယ်ကူလှပေ။ ကာလ ကြာရှည် စိတ်မှာစွန်းထင်နေတဲ့ အမှိုက်တွေကို ဆေးကြောကြ ဖို့လည်း အချိန်တန်ပြီ။ ကိစ္စမြားမြောင်မှာ ကိုယ်နဲ့မဆိုင်သလိုနေ လာခဲ့ကြတာ ကြာလေလှပေါ့။ မလုပ်၊ မရှုပ၊် မပြုတ်ဆိုတဲ့ မသုံးလုံး ပေါ်လစီက အမှောင်ခေတ်မှာ အလုပ်ဖြစ် ကောင်း ဖြစ်နိုင်ပေမယ့် နိုင်ငံသားကောင်းတယောက်အနေနဲ့ ကိုယ့်နိုင်ငံဂုဏ်သိက္ခာရှိရှိရှေ့ ရောက်ဖို့ ဆိုရင် ပြည်သူ့အားကိုအများကြီးလိုပါတယ်။ မိတ်ဆွေ တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ခေတ်မီနိုင်ငံတော်ကြီးကို စာရွက် ပေါ်မှာမဟုတ်ဘဲ လက်တွေ့တည်ဆောက်ကြရအောင်။
ရွေးချယ်ခံ ကဗျာဆရာ အမတ်တယောက်ကတော့ သူ့အမြင် ကို လူမှုကွန်ရက်စာမျက်နှာမှာအခုလို ရေးထားတယ်။
ဒေါ်အောင်ဆန်းစုကြည်က
အဖွဲ့ချုပ် ကိုယ်စားလှယ်တွေကို
အမှိုက်ကောက်သူတွေပဲ ဖြစ်စေချင်ပြီး
အမှိုက်မဖြစ်စေချင်ဘူး ထင်ပါတယ်။
(၃၀ နို ၂၀၁၅)
အခုတော့ အပြောင်းအလဲကို ဦးဆောင်မယ်ဆိုတဲ့လွှတ် တော်ကိုယ်စားလှယ်တွေက အမှိုက်ကောက် ပြနေကြပါပြီ။ အပြောင်း အလဲကို လိုက်ပါကြမယ့်သူတွေကလည်း စိတ်အမှိုက်တွေရော ရုပ်အမှိုက်တွေပါစည်းကမ်းတကျ စွန့်ပစ်ဖို့လိုတာပေါ့။ မလိုက် လိုသူတွေ ချန်မထားခဲ့ဘဲ စည်းရုံးပြီးလက်တွဲခေါ်ယူကြရအောင်။ ရွှေပြည်ကြီးက အို …မဝေးဘူး။ ရောက်လုပြီ ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)