မြန်မာနိုင်ငံ၏ ပထမဆုံး အခြေခံဥပဒေဖြစ်သည့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာပင်လျှင် နိုင်ငံခြားသားနှင့် လက်ထပ်ထားသူက တိုင်းပြည်၏ သမ္မတသို့မဟုတ် ဒုတိယသမ္မတ တာဝန်ထမ်းဆောင်ခြင်းမပြုရန် တားမြစ်ထား သည်ဟု လွဲမှားသော အယူအဆတခု ရှိနေပါသည်။
ထိုအကြောင်းကို ၁၉၉၀ နှစ်များအတွင်းက ကျနော်ပထမဆုံး ကြားခဲ့ရပြီး ရန်ကုန်မြို့ရှိ နိုင်ငံခြား သံတမန်များထံမှ ဖြစ်ပါသည်။ ၎င်းတို့ထဲမှ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က အဆိုပါ စာပိုဒ်ကို အခြေခံဥပဒေတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ သူ့အပေါ်တွင် ပုံချခြင်းအားဖြင့် ယနေ့ခေတ် ဗိုလ်ချုပ်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း၏ သမီးက ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒကို ချိုးဖောက်နေကြောင်း ပြသချင်ခဲ့ကြသည်။
ကျနော်တွေ့ခဲ့သည့် သံတမန်များသာ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေကို အမှန်တကယ်ဖတ်ကြည့်ခဲ့မည်ဆိုလျှင် ထိုအချိန်က နဝတ စစ်အစိုးရအဖွဲ့မှ အဓိကပုဂ္ဂိုလ်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ ရည်ရွယ်ချက်ရှိရှိဖြင့် ဝါဒဖြန့်ချိမှုတခုသာ ဖြစ်ကြောင်း သူတို့တွေ့ ရှိကြမည်ဖြစ်သည်။ သို့သော်လည်း အဆိုပါ အယူအဆလွဲမှားမှုက ဆက်ရှိနေခဲ့ပြီး နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် သတင်းယူရန် ကျနော်မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်ကလည်း တက္ကဆီမောင်းသူ တဦး ထံမှထိုကဲ့သို့ ကြားခဲ့ရပါသည်။ အဆိုပါယာဉ်မောင်းကိုယ်တိုင်က ဒေါ် အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံ သူတဦး ဖြစ်သည်။
အမှန်တကယ်တွင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် သမ္မတ အနေဖြင့် မည်သူ့ကို လက်ထပ်နိုင်သည်၊ လက်မထပ်နိုင်ပါ ဆိုခြင်းကို ဖော်ပြထားခြင်းမရှိပါ။ သို့သော်လည်း “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘနှစ်ပါးသော်လည်းကောင်း၊ ပြည်ထောင်စု နိုင်ငံတော်၏ အာဏာပိုင် နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်း ဖြစ်သော၊ ထို့ပြင် ပါလီမန်အမတ်အဖြစ် ရွေးကောက်တင် မြှောက်ခြင်း ခံရသည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်းဖြစ်သော ပုဂ္ဂိုလ်မျိုး မဟုတ်လျှင် မည်သူမျှ နိုင်ငံတော်သမ္မတရာထူးအတွက် ရွေးကောက်ခြင်းခံနိုင်ခွင့် မရှိစေရ။ (အခန်း ၅၊ ပုဒ်မ ၄၉)” ဟု ပြဋ္ဌာန်းထားသည် ကိုသာ တွေ့ရ ပါသည်။
လွှတ်တော်ကိုယ်စားလှယ် (ပါလီမန် အမတ်) အဖြစ် အရည်အချင်း ပြည့်စုံသူနှင့် ပတ်သက်၍လည်း “အောက်ပါ ပုဂ္ဂိုလ်မျိုးအား၊ လွှတ်တော်တရပ်ရပ်၏ အမတ်အဖြစ်ဖြင့် ရွေးချယ်ခြင်းခံရန်လည်းကောင်း၊ လွှတ်တော်တရပ်ရပ်၏ အမတ်အဖြစ် တည်မြဲစေရန်လည်းကောင်း ခွင့်မပြုရ။ (က) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက် ခံဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ၊ သို့တည်း မဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ” (အခန်း၆ ပုဒ်မ ၇၄) ဟု အစရှိသဖြင့် ဖော်ပြ ထားသည်။
ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသား ဒေါက်တာ မိုက်ကယ်အဲရစ်ကို လက်ထပ်ခဲ့သည့်အတွက် ဗြိတိန်နိုင်ငံတွင် နေထိုင်ခွင့် ရရှိခဲ့သည်။ သို့သော်လည်း တခြား အထူးအခွင့်အရေးများ မရရှိခဲ့ပါ။ ထို့အပြင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေက အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့လာသူများ သမ္မတဖြစ်မလာအောင် တားဆီးခြင်းသာ ဖြစ်ဖို့ များပါသည်။ ဗြိတိသျှခေတ်က ရန်ကုန်မြို့ လူဦးရေ၏ တဝက်ခန့်မှာ အိန္ဒိယသားများဖြစ်ကြပြီး ၁၉၃၀ နှစ်များအတွင်းက အများဆုံးအခွန်ဆောင်သူများ ဖြစ်ကြ၍လည်း သူတို့က ရန်ကုန်မြို့အာဏာပိုင်များ အပေါ် ပိုမို ဩဇာလွှမ်းမိုးသည်ဟု ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၃၇ ခုနှစ်အတွင်း တည်ရှိခဲ့သည့် လွတ်လပ်ရေး မတိုင်မီခေတ် မြန်မာပါလီမန်တွင် အသိုင်းအဝိုင်းအလိုက် နေရာများနှင့် အိန္ဒိယနွယ်ဖွား အထူးမဲဆန္ဒရှင်များ ရှိခဲ့သောကြောင့် မြန်မာ အမျိုးသားရေး ဝါဒီများက အကြီးအကျယ် ဆန့်ကျင်ခဲ့ကြသည်။
အကယ်၍ အခြေခံဥပဒေကသာ သမ္မတတွင် နိုင်ငံခြားသားအိမ် ထောင်ဘက်ရှိခြင်းကို တားမြစ်ခဲ့လျှင် အာဏာရှင်ဟောင်း ဦးနေဝင်း အနေဖြင့် June Rose Bellamy ကို လက်ထပ်ခဲ့သည့် ၁၉၇၆ ခုနှစ် တွင် ရာထူးမှ နုတ်ထွက်ပေးရမည် ဖြစ်သည်။ သူ၏ မြန်မာအမည်မှာ ရတနာနတ်မယ်ဖြစ်ပြီး ကုန်းဘောင်ခေတ်နှောင်းပိုင်းမှ မင်းတုန်းမင်း၏ ညီတော် ကနောင်မင်းသား၏ မြစ်တော်စပ်သူလည်း ဖြစ်ပါသည်။
June Rose Bellamy ၏ မိခင်မှာ ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းယူခဲ့သည့် ၁၈၈၅ ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်စိုးခဲ့သော ကုန်းဘောင်မင်းမျိုးနွယ်မှ မင်းသမီး ထိပ်တင်မလတ် ဖြစ်သည်။ သူ၏ ဖခင်မှာမူ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးသော ဩစတြေးလျနိုင်ငံသား သစ်ခွပန်း စုဆောင်းသူ ပြိုင်မြင်းလုပ်ငန်းရှင်ဟောင်း Herbert Bellamy ဖြစ်သည်။ မြန်မာမင်းမျိုးမင်းနွယ် ဖြစ်သော်လည်း June Rose Bellamy ခေါ် ရတနာနတ်မယ်သည် ဦးနေဝင်းနှင့် လက်ထပ်ချိန်တွင် ဗြိတိန်နိုင်ငံသားဖြစ်သည်။ ယခုအခါ အီတလီနိုင်ငံ ဖလောရင့် (Florence) မြို့တွင် နေထိုင်ပြီး အီတလီနှင့် အရှေ့တိုင်း ချက်ပြုတ်နည်းများ သင်တန်းပေးနေပါသည်။
နောက်ထပ်အခြေခံဥပဒေတခုဖြစ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ် (ဦးနေဝင်းက June Rose Bellamy ကို လက်ထပ်ချိန် တွင် အာဏာတည်လျက်ရှိသော) ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေတွင်မူ “နိုင်ငံတော်ကောင်စီ၏ ဥက္ကဋ္ဌသည် နိုင်ငံတော် သမ္မတဖြစ်သည်။ ပြည် သူ့လွှတ်တော်နှင့် ပြည်သူ့ ကောင်စီ အဆင့်ဆင့်မှ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသည့် မြန်မာနိုင်ငံသားများ ဖြစ်ရမည်” အစရှိသဖြင့်သာ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်ကို တွေ့ရသည်။
၂၀ဝ၈ ခုနှစ် အခြေခံဥပဒေတွင်သာ သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်း သတ်မှတ်ချက်များတွင် “မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘ တပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတဦးဦး၏ ဇနီး သို့မဟုတ်ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” (ပုဒ်မ ၅၉-စ) ဟု ပြဋ္ဌာန်းခဲ့သည်။
၂၀ဝ၈ ခုနှစ် အခြေခံဥပေဒက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်မလာအောင် တားဆီးရန် ဖြစ်ကြောင်း အဆိုပါ ပုဒ်မအရ ထင်ထင် ရှားရှားသိနိုင်ပါသည်။ မြန်မာနိုင်ငံ၏ တရားဥပဒေသမိုင်းတွင် ထိုကဲ့သို့ ပြင်းထန်သော ပုဒ်မမျိုး သုံးခဲ့သည့် အစဉ်အလာလည်း မရှိပါ။
အဆိုပါ စာပိုဒ်ကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုနိုင်ပါသလား။ အခြေခံဥပဒေအသေးစား ပြင်ဆင်မှုများအတွက် ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ဥပဒေကြမ်းတခု တင်သွင်းလာခဲ့လျှင် ပြည်ထောင်စု လွှတ်တော်က စဉ်းစားမည်ဖြစ်သည်။ သို့သော်လည်း စာပိုဒ် ၁၀၄ ခုကို ပြင်ဆင်ရန်အတွက်မူ လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်ကိုသမ္မတမဖြစ်အောင် တားမြစ်ထားသည့် အပိုဒ်က အဆိုပါ ၁၀၄ ခုထဲတွင်ပါဝင်နေသည်။
ထို့အပြင် လွှတ်တော်တွင် စစ်တပ်ကကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းကိုရယူထားသည့်အတွက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များ၏ ဆန္ဒသက်သက်ဖြင့် ပြင်ဆင်ရန် မဖြစ်နိုင်တော့ပါ။ အကယ်၍ လွှတ်တော်က အတည်ပြုခဲ့လျှင်ပင် တနိုင်ငံလုံးအတိုင်း အတာဖြင့် ဆန္ဒခံယူပွဲကျင်းပရန်လိုအပ်ပြီး မဲဆန္ဒပေးခွင့်ရှိသူ အရေ အတွက်၏ ၅၀ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံမှသာလျှင် ပြင်ဆင်နိုင်မည် ဖြစ်သည်။
ထိုသို့ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံတွင် အယောင်ဆောင် ဆန္ဒခံယူပွဲများ (၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ အတွက် ၁၉၇၃ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲနှင့် လက်ရှိ အခြေခံဥပဒေအတွက် ၂၀ဝ၈ ခုနှစ် မေလတွင် ပြုလုပ်ခဲ့ သောဆန္ဒခံယူပွဲများ) ရှိခဲ့သည့် သမိုင်းကြောင်းများကြောင့် စစ်တပ်က အာဏာကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ဆက်လက်ထိန်းချုပ် ထားခြင်းကို တရားဝင် ဖြစ်အောင် ကာကွယ်ပေးထားသော အဆိုပါ စာပိုဒ် ၁၀၄ ခုကို ပြင်ဆင်ရန် မဖြစ်နိုင်သလောက် နီးပါးရှိနေသည်။
ထို့အပြင် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ၏ ပထမဆုံး အခန်း တွင် “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” (အခန်း ၁ အပိုဒ် ၆-စ) ဟု အာမခံချက် ပေးထားသည်။
အရေးပေါ်အခြေအနေ ဖြစ်လာခဲ့လျှင်လည်း “အရေးပေါ် အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုနိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်” (အခန်း ၉) ဟု ပြဋ္ဌာန်းထားသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့် ကာလအတွင်း ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် တရားစွဲဆို ခွင့်မရှိစေရဟုလည်း အခြေခံဥပဒေက ဆိုသည်။
၂၀ဝ၈ ခုနှစ်တွင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ သူတို့ လိုချင်သည့် အခြေခံဥပဒေကို ရရှိခဲ့သည်။ NLD ၏ ရွေးကောက်ပွဲ အောင်မြင်မှုကလည်း တိုင်းပြည်၏ အာဏာအခြေခံ တည်ဆောက်ပုံတွင် စစ်တပ်က ထိပ်ဆုံးတွင်ရှိနေခြင်းအပေါ် သက်ရောက်နိုင်ဖွယ် ရာမရှိပါ။ ယခုအချိန်တွင် လုပ်နိုင်သည်မှာ ပြည်သူများကို သူတို့ ယခင်ကသိရှိထားသည်များ မဟုတ်မှန်ကြောင်းနှင့် ရှေ့တွင် စောင့် ကြိုနေသည့် အခက်အခဲများကို မြင်တွေ့အောင် အမှန်အတိုင်း ရှင်းပြရန် ဖြစ်သည်။
၂၀ဝ၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရန် NLD ၏ အားထုတ်မှု မှန်သမျှက စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားစေမည်ဖြစ်သည်။ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ၏ အခြေခံမူများ အခန်းတွင် “တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်” (၂၀-စ) ဟု အခိုင်အမာ ဖော်ပြထားပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Bertil Lintner ၏ Burma’s Constitutional Collision Course ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။ ဘာတေးလင့်တနာသည် အာရှနှင့် မြန်မာပြည်အကြောင်း စာအုပ်များရေးသား ထုတ်ဝေခဲ့ပြီး ယခုအခါ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်လျက်ရှိသည်။)