လွန်ခဲ့တဲ့ နှစ်များဆီက တောင်ကြီးဆိုတဲ့ နယ်မြို့ကနေ ရန်ကုန်မြို့ကို ရောက်ရှိလာကာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ပြီး မင်းသား မော်ဒယ်လ် လုပ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားလေး တယောက် ရှိခဲ့ပါတယ်။
သရုပ်ဆောင် အဖြစ်ထက် စီးရီးခွေထုတ်ပြီး သီချင်းဆိုတဲ့အခါကျမှ ပရိသတ် လက်ခံအားပေးမှု အများကြီး ရလာခဲ့တဲ့ သူ့နာမည်က စိုင်းစိုင်းခမ်းလှိုင်ပါ။ သရုပ်ဆောင်ဘက်မှာ ထိပ်ဆုံးရောက်အောင် အောင်မြင်မှု မရှိခဲ့ပေမယ့် ဂီတ ဖန်တီးမှု ပြုလုပ်တဲ့အခါမှာတော့ အောင်မြင်မှု တခုကို ရလာခဲ့တဲ့ သူဆိုရင်လည်း မမှားပါဘူး။ ချောကလက်ရောင် ရေခဲမြစ် တေးစီးရီးကစလို့ အခု နောက်ဆုံးထွက်ရှိခဲ့တဲ့ ဒိတ်ဒိတ်ကြဲ တေးစီးရီးအထိ သူ့ရဲ့ အောင်မြင်မှုကို တားဆီးထားလို့ မရဘူး ဆိုတာ သက်သေ ပြနိုင်ထားတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။
အဆိုဘက်မှာ ဂီတဆု များစွာ ရရှိထားသလို Hip Hop show ပွဲတွေရဲ့ နောက်ဆုံးအပိတ် သီဆိုသူက စိုင်းစိုင်းခမ်းလှိုင်နဲ့ပဲ ပိတ်ရတဲ့ အထိ ယနေ့ထက်တိုင် ရပ်တည် နေသူတဦးပါ။ သရုပ်ဆောင်ဘက်ကို အရင်ဝင်ရောက် လှုပ်ရှားခဲ့ ပေမယ့် သီချင်းဆိုပြီး အောင်မြင်မှု ရလာတဲ့အချိန်ကျမှ သရုပ်ဆောင်ဘက်ကို သေချာ ပြန်လုပ်ဖြစ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒမ်ရယ်၊ ဧဝရယ်၊ ဒဿရယ် ရုပ်ရှင်ကားကြီးနဲ့ ဒီနှစ်အတွင်း ရုံတင်ခဲ့တဲ့ ကျူးပစ်ရဲ့ ကျေးကျွန်များ ရုပ်ရှင်ကားကြီး တွေမှာ သရုပ်ဆောင်မှုအပိုင်းကို ပရိသတ်ထပ်မံ ရရှိလာပါတယ်။ အချိန်တော်ကြာကြာ နာမည်တခုကို ရေရှည် ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တဦးထဲမှာ ပါဝင်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ အခုလတ်တလော ဂီတနဲ့ပတ်သတ်ပြီး ဘာတွေ လုပ်ဖြစ်နေပါသလဲ။
ဖြေ။ ။ ကျနော် ဒီဇင်ဘာလမှာ ဂေါ်တယ် မိုက်တယ် ဆိုတဲ့ သီချင်းအသစ် Single Song အနေနဲ့ ထွက်ပါမယ်။ ပြီးရင် ဇန်နဝါရီမှာ တပုဒ်၊ ဖေဖော်ဝါရီမှာ တပုဒ်စီနဲ့ တလကို တပုဒ်နှုန်း ဆက်တိုက်လုပ်ဖို့၊ ထွက်ဖို့ ရှိပါမယ်။ သုံးပုဒ်၊ လေးပုဒ်မြောက်လောက် ထွက်ပြီးသွားရင် ကျနော့်ရဲ့ တကိုယ်တော် အခွေထွက်ပါမယ်။ တကိုယ်တော် အတွက် Title ကတော့ ခုထိ မရွေးရသေးပါဘူး။ အဲဒါက သေချာမှပဲ ပြန်ပြီးတော့ ပြောချင်ပါတယ်။ ဖြန့်ဖြစ်တဲ့ Single Song တွေကို ကျနော် Myanmar online store မှာလည်း ဖြန့်ပါမယ်၊ iTune မှာလည်း ဖြန့်ပါမယ်။
မေး။ ။ အခု လာမယ့် ဒီဇင်ဘာမှာ လုပ်မယ့် Brand’s Concert show ပွဲက ပွဲတွေ တော်တော် မလုပ်ဖြစ်တာ ကြာမှ ပြန်ပြီး လုပ်ဖြစ်တဲ့ပွဲလို့ သိရပါတယ်။ အဲဒီမှာ ဘာတွေများ ထူးထူးခြားခြား လုပ်ဖြစ်မလဲ။
ဖြေ။ ။ အမှန်အတိုင်းပြောရရင် Frenzo Production ကနေ ဒီလိုပွဲ လုပ်ဖို့ စီစဉ်တာ မရှိခဲ့ပါဘူး။ ကျနော်ရဲ့ Birthday show တွေက လွဲရင် ပေါ့။ နှစ်စဉ် နှစ်တိုင်းကျနော်ရဲ့ Birthday show ကို လုပ်ခဲ့တယ်။ ပြီးခဲ့တဲ့ အခေါက်က လည်း Birthday show ကို 10 show ဆိုပြီး လုပ်ခဲ့တယ်။ show ပွဲလုပ်တဲ့ အတွေ့အကြုံ ကတော့ နှစ်ပေါင်း များစွာ ရှိခဲ့ပါတယ်။ ကြားတွေမှာတော့ ကျနော်တို့ တခြား Entertainment တွေက ငှားတဲ့ ပွဲတွေပဲ ကျနော်တို့ ဆိုဖြစ်ခဲ့ ပါတယ်။ အခုကတော့ Birthday show ပြင်ပမှာ ပထမဆုံး ပြင်ဆင်တဲ့ပွဲ ဖြစ်ပါတယ်။ လုပ်ပြီးခဲ့တဲ့ ပွဲတွေနဲ့ ယှဉ်ပြီး အကောင်းဆုံး ပြင်ဆင်နိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။ Birthday show အပါအဝင် တခြား show တွေမှာ ကိုစိုင်းစိုင်းက ဖျော်ဖြေတဲ့အခါ ဘန်နီဖြိုးတို့၊ ကိကိ တို့နဲ့ပဲ တွေ့ရတယ်။ တခြား အဆိုရှင်သစ်တွေ ကိုရော လက်တွဲခေါ်ပြီး ဖျော်ဖြေဖို့ အစီအစဉ် မရှိဘူးလား။
ဖြေ။ ။ ကျနော်တို့၊ ဘန်နီတို့၊ ကိကိတို့၊ Snare တို့ကျတော့ တဖွဲ့တည်းလိုလည်း ဖြစ်နေတယ်။ သူတို့ ငယ်ငယ် ကတည်းက ကျနော်နဲ့ ကျနော်တို့ Frenzo နဲ့ လက်တွဲခဲ့တဲ့ အတွက်လည်း ပါပါတယ်။ နောက်ပြီး လက်ရှိလည်း အပြင်မှာ သူငယ်ချင်းလို ပေါင်းသင်းနေကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ဆက်ပြီးတော့ ဆက်လုပ် ဖြစ်နေမှာပါ။ တခြားလူငယ်တွေကတော့ ဘယ်သူနဲ့ မဆို ကျနော်တို့ အဆင်ပြေရင် အခါအားလျော်စွာ ကျနော်တို့ လက်တွဲပြီးတော့ ဘယ်သူနဲ့ မဆို ဆိုချင်ပါတယ်။ ဒီနေရာကနေ ကျနော် လူငယ်တွေ အားလုံးကိုလည်း ဖိတ်ခေါ်ပါ တယ်။ ကျနော်တို့်နဲ့ အလုပ်လုပ်ချင်ရင်၊ ကျနော်တို့နဲ့ လက်တွဲချင်ရင် ကျနော်တို့ကို ဆက်သွယ်ပါလို့။
မေး။ ။ ဆက်သွယ်လာမယ့် လူငယ်ဝါသနာရှင်တွေ အနေနဲ့ရော ဘယ်လို ဂီတမျိုးနဲ့ ဘယ်လို အရည်အချင်းတွေ ရှိရမယ်လို့ သတ်မှတ်ထားတာ ရှိပါသလား။
ဖြေ။ ။ ဒါကတော့ကျနော်တို့ရဲ့ ဂီတ အမျိုးအစားတွေလည်း ပါဝင်တာပေါ့။ တချို့ကျနော်တို့ ထုတ်လုပ်နေတဲ့ ဂီတ အမျိုးအစားတွေနဲ့ တအားကြီး ကွဲပြားနေတာ မဟုတ်ရင် ပိုအဆင်ပြေပါတယ်။ နောက်တခုကလည်း အစစ အရာရာ ပေါ့ဗျာ၊ သူသွားချင်တဲ့ လမ်း၊ သူသွားချင်တဲ့ လမ်းကြောင်း စတာတွေနဲ့ ကျနော်တို့နဲ့ တူညီတဲ့ သူတွေနဲ့ သွားမှာပေါ့။
မေး။ ။ ပရိသတ်အားပေးမှု အများကြီး ရခဲ့တဲ့ ဒိတ်ဒိတ်ကြဲ တေးစီးရီးထွက်ပြီး နောက်ပိုင်း ဂီတနဲ့ပတ်သတ်လို့ သီချင်းတွေ ထွက်တာ သိပ်မတွေ့ရတော့ဘူး။ နောက်ထပ်လုပ်မယ့် သီချင်းတွေက ဒိတ်ဒိတ်ကြဲရဲ့ Quality ကို မမီမှာ ဆိုတဲ့ စိုးရိမ်မှု ရှိလို့လား။
ဖြေ။ ။ အရိုးသားဆုံး ဝန်ခံရရင်တော့ ကျနော် ဒိတ်ဒိတ်ကြဲအခွေ ထွက်ပြီးတဲ့နောက်မှာ ရုပ်ရှင်ရိုက်လိုက်တာ ကျနော် အခု ရုံမတင်ရသေးတာတွေရောနဲ့ ဆိုရင် ခြောက်ကားလောက် ရှိတယ်။ အခုလာမယ့် ဇန်နဝါရီ ၂၀၁၆ ခုနှစ်မှာ ကျနော့်ရဲ့ ရုပ်ရှင်ကားကြီးတကား ပထမဦးဆုံး တင်ပါမယ်။ သီချင်းကတော့ ရေးတော့ ရေးဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်တွေ တောက်လျှောက် ရိုက်နေတဲ့ အတွက် သီချင်းဘက်မှာ ခါတိုင်းထက် အားနည်းသွားပါတယ်။ ဒါကြောင့် အခု ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက စပြီး လုံးဝ ကားတွေ မရိုက်တော့ဘဲ သီချင်းတွေပဲ လုပ်နေပါတယ်။
မေး။ ။ သရုပ်ဆောင်မှု အပိုင်းမှာဆိုရင် ကိုစိုင်းစိုင်းကို အရင်ကထက် ပရိသတ် လက်ခံလာကြတယ်။ ဥပမာ ကျူးပစ်ရဲ့ ကျေးကျွန်များ ရုပ်ရှင်ကားကြီးမှာ ဆိုရင် သရုပ်ဆောင်တာ ကောင်းတယ်လို့ လက်ခံလာကြတယ်။ ကိုယ်ကိုယ် ကိုယ် ပြန်ပြီးတော့ သရုပ်ဆောင်တဲ့အပိုင်းမှာ ဘယ်လိုများ သုံးသပ်မိနေပါလဲ။
ဖြေ။ ။ ပြောရရင်တော့ ခုချိန်ထိ ကိုယ့်ကားကိုယ် ပြန်ကြည့်လိုက်ရင်တော့ အမှားတွေ အများကြီးပဲ။ အိုက်တင်နဲ့ ပတ်သတ်တဲ့ အမှားတချို့ပေါ့ လေ။ အဲဒါတွေ ကျနော် ပြန်တွေ့တယ်။ လိုနေပါသေးတယ်။ ပရိသတ်ကတော့ ကျနော့်ကို ချစ်ခြင်းမေတ္တာနဲ့ လက်ခံအားပေးတယ်။ ပြီးတော့ ဇာတ်လမ်းကရော၊ ဒါရိုက်တာကရော တင်ပြမှု ကောင်းနေတဲ့ အချိန်မှာ ကျနော့်ရဲ့ ဇာတ်ကောင်စရိုက်ကလည်း ဇာတ်ကားထဲမှာ မျောပါနေပြီးတော့ ပရိသတ် ကြည့်လို့ရှုလို့ အဆင်ပြေတယ်။ အဲဒီထက်ပိုပြီးတော့ ကျနော့်ကိုယ် ကျနော် ပိုပြီး သုံးသပ်လို့ မရသေးဘူး။ နောက်ကားတွေလည်း စောင့်ကြည့်ပြီး ကျနော့်ကို အကဲဖြတ်ပေးပါဦး။ ကျနော်ကိုယ်တိုင်လည်း နောက်ကားတွေမှာ ကိုယ့်ကိုယ်ကို ဘယ်လို ထပ်ထွက်လာမလဲလို့ ရင်ခုန်မျှော်နေတယ်။ သေချာတာကတော့ ကျနော် စိတ်ရော ကိုယ်ရော နှစ်ပြီးတော့ ကြိုးစားထားပါတယ်။ ကျနော် အောင်မြင်ချင်ပါတယ်၊ ရုပ်ရှင်မင်းသား တယောက် အနေနဲ့လည်း…။
မေး။ ။ ဒါပေမယ့် တချို့ အွန်လိုင်းမှာရော၊ Troll Page (အပျော်အပြက်ဖော်ပြတဲ့ အင်တာနက်စာမျက်နှာ) တွေမှာ ကိုစိုင်းစိုင်းရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး Troll (ရယ်စရာနောက်ပြောင်တာ) တွေ လုပ်ကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့ သရုပ်ဆောင်မှု အပိုင်းမှာ ကြိုးစားနေတဲ့၊ ပြင်ဆင်နေတဲ့အပိုင်းကို ဘယ်လိုပြောပြချင်လဲ။
ဖြေ။ ။ ဘာမှ ပြန်ပြောစရာ မရှိပါဘူး။ ပျော်စေပြက်စေ သဘောနဲ့ နောက်ကြတယ် ဆိုတာကို ကျနော် လက်ခံနိုင် ပါတယ်။ ဝေဖန်တယ် ဆိုတာကိုလည်း ကျနော် အမြဲတမ်း ဖတ်ပါတယ်။ ကောင်းပါတယ်။ ဝေဖန်တဲ့ နေရာမှာလည်း အပြုသဘောနဲ့ ဝေဖန်တာလား၊ ဒါမှမဟုတ် ဒီအတိုင်း ဇွတ်တရွတ် ပြောလိုက်တာလား ဆိုတာကို ကျနော် ဆင်ခြင် သုံးသပ်ပါတယ်။ ဒီအတိုင်းပဲ နစ်နာစေချင်လို့ ပြောတာ၊ ဇွတ်တရွတ် ပြောလိုက်တာ၊ နောက်ချင်လို့ ပြောလိုက်တာ ဒါဆိုရင် ကျနော် အဲဒီဟာကို ထပ်ပြီး မစဉ်းစားတော့ဘူး။ အဲဒီအတွက်လည်း အရမ်းကြီး အချိန်မပေး နိုင်ဘူးပေါ့ ဗျာ။
သူဟာ တကယ် ကျနော့်ရဲ့ သရုပ်ဆောင်မှု၊ ကျနော့်ရဲ့ သီချင်းပေါ့လေ၊ ကျနော့်ရဲ့ နေပုံထိုင်ပုံ၊ ကျနော့်ရဲ့ ခံစားချက်က အစ သေချာ လေ့လာထားပြီးမှ ကျနော့်ကို အပြုသဘောနဲ့၊ ကောင်းစေချင်တဲ့ စေတနာနဲ့ ဝေဖန်တယ် ဆိုရင် ကျနော် သေသေချာချာ ပြန်ဖတ်တယ်၊ နှစ်ခါပြန်ဖတ်တယ်၊ ကျနော် ပြန်သုံးသပ်ပါတယ်။ သူပြောတာ မှန်ရင်လည်း ကျနော် ပြင်သင့်ရင် ပြင်ပါတယ်။ သူပြောတာ စေတနာနဲ့၊ ဒါပေမယ့် သူပြောတာ မမှန်ဘူးဆိုရင် ဒီအတိုင်းလေးပဲ ကျနော် ထားလိုက်ပါတယ်။
မေး။ ။ ဂီတနဲ့ပတ်သတ်ရင် ဆုတွေ အများကြီး ရခဲ့ပြီးပြီ၊ ဒါပေမယ့် သရုပ်ဆောင်မှု အပိုင်းမှာ ဆိုရင် အကယ်ဒမီနဲ့ လည်း လွဲချော်ခဲ့ဖူးတယ်။ ဂီတဘက်မှာ အောင်မြင်ပြီး ရုပ်ရှင် သရုပ်ဆောင်ဘက်မှာ တပန်းရှုံးနေ သေးတယ်လို့ တွေးမိ ပါလား။ အဲဒီအတွက် ခံစားချက်က ဘယ်လိုရှိနေလဲ။
ဖြေ။ ။ ကျနော် အများကြီး လိုနေပါသေးတယ်၊ အဲဒါက သက်သေပါပဲ။ ကျနော့်မှာ ဂီတဆုတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် ရုပ်ရှင်နဲ့ ပတ်သတ်ရင် ထူးချွန်ဆု မရသေးပါဘူး။ မရသေးဘူး ဆိုတာကလည်း လိုနေသေး လို့ပါ။ ထူးချွန်ဆု ဆိုတာကလည်း ထူးချွန်တဲ့ အချိန်ကျမှပဲ ရမှာပါ။ အဲဒီအတွက် ထူးချွန်အောင် ကျနော် ကြိုးစားရပါဦးမယ်။ အဲဒီအတွက် ကျနော် သိပ်မခံစားပါဘူး။ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း မြင်နိုင်အောင် ကြိုးစားပါတယ်။ လိုနေတာ တွေကို ဖြည့်ဖို့ ကြိုးစားနေပါတယ်။
မေး။ ။ အခု လက်ရှိအချိန်အရ နိုင်ငံအပြောင်းအလဲ ကာလမှာ ကိုယ့်ရဲ့ ဂီတဘက်၊ အနုပညာဘက်မှာရော ဘယ်လို အပြောင်းအလဲကိုများ မျှော်လင့်ထားမိပါသလဲ။
ဖြေ။ ။ အဘက်ဘက်ကနေ တိုးတက်လာမယ်၊ ပြောင်းလဲလာမယ် လို့ပဲ ယုံကြည် မျှော်လင့်ပါတယ်။ အခြားသော ကဏ္ဍတွေ တိုးတက်ပြောင်းလဲလာတဲ့ အချိန်မှာ ကျနော်တို့ရဲ့ Entertainment လောက၊ ရုပ်ရှင်တို့၊ ဂီတတို့ ဘက်မှာ လည်း တိုးတက်မြင့်မား လာလိမ့်မယ်လို့ ကျနော် ယုံကြည်မျှော်လင့်ထားပါတယ်။
မေး။ ။ အခုချိန်ထိ လူပျိုကြီးဖြစ်နေတဲ့ ကိုစိုင်းစိုင်းကို မေးချင်တာက Relationship ဆိုကို ဘယ်လိုများ အမြင် ရှိနေတယ် ဆိုတာ သိချင်ပါတယ်။ ခိုင်မာတဲ့ Relationship တခုကိုရော ပရိသတ်ရှေ့ကို ချပြလာဖို့ အစီအစဉ် မရှိဘူးလား။
ဖြေ။ ။ ခိုင်မာတဲ့ Relationship ဆိုတာကို ကျနော် ယုံကြည်ပါတယ်။ မိသားစု ဘဝဆိုတာကို ကျနော် ယုံကြည်တယ်။ အခုထိ ကျနော် တယောက်တည်း အိမ်ထောင်မပြုဘဲ နေနေသေးတာက အိမ်ထောင်ရေးကို မယုံကြည်လို့ မဟုတ်ဘဲနဲ့ ကျနော့်ဘာသာ ကျနော် ကျနော့်ရဲ့ အနုပညာအလုပ်တွေနဲ့ပဲ မျောပါနေလို့ အိမ်ထောင် မပြုဖြစ်သေးတာ ဖြစ်ပါတယ်။ မိသားစုဘဝ ဆိုတာကို မယုံကြည်တာ မဟုတ်ပါဘူး။ ကျနော် မိသားစုဘဝ ဆိုတာကို ရှိသင့်တယ် လို့လည်း ထင်တယ်၊ ယုံလည်း ယုံကြည်ပါတယ်။ တချိန်ချိန်ကျရင် ကျနော်လည်း သူများနည်းတူ မိသားစုဘဝ တခုကို တည်ဆောက်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျနော် အနုပညာကိုပဲ လုပ်ပါဦးမယ်။
မေး။ ။ အဲဒီလို မိသားစုဘဝ တခုကို တည်ဆောက်ဖို့ ဆိုတာက ကိုယ်က Plan ချထားပြီးသားလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ခံစားချက်အတိုင်းပဲ လုပ်သွားမှာလား။
ဖြေ။ ။ ကျနော့်ရဲ့ စိတ်ခံစားချက်အတိုင်းပဲ သွားမှာပါ။
မေး။ ။ အခု လက်ရှိ ကိုစိုင်းစိုင်းရဲ့ စိတ်ခံစားချက် ဘယ်လိုရှိနေလဲ။
ဖြေ။ ။ အခုလောလောဆယ်မှာတော့ ကျနော် ရုပ်ရှင်ဖိရိုက်လိုက်မိတဲ့ အတွက် သီချင်းအသစ် မထွက်နိုင်တဲ့ အပေါ်မှာ ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်နေတယ်။ လက်ရှိ စိတ်ခံစားမှု ကတော့ ကျနော် သီချင်းအသစ်တွေ အများကြီး ရေးချင်နေတယ်။ ဒါဟာ ကျနော့်ရဲ့ လက်ရှိခံစားမှု ပါပဲ။ ။