နိုင်ငံတကာ မီဒီယာတွေမှာ ဒီမိုကရေစီ အိုင်ကွန် (icon) အဖြစ် တင်စားကြတဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်က ရွေးကောက်ပွဲကို လက်တွေ့ နိုင်ငံရေးနည်းလမ်းနဲ့ ချဉ်းကပ်ခဲ့မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ဒေါ်အောင်ဆန်း စုကြည်ရဲ့လက်တွေ့ နိုင်ငံရေး အကြောင်းပြောရင် ရွေးကောက်ပွဲရလဒ်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံမှုတို့က ထင် ရှားပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က “ပါတီ အလံကို ကြည့်ပြီး မဲပေးပါ” လို့ ညွန်ကြားခဲ့တယ်။ နားမလည်သူတွေက အမျိုးမျိုးအထွေထွေ သဘောတရားတွေ၊ သီအိုရီတွေနဲ့ ဝေဖန်ကြတယ်။ တိုင်းရင်းသားဒေသတွေပါ မကျန် ရွေးကောက်ပွဲဝင်တဲ့အခါမှာလည်း ဝေဖန်ကြပြန်တယ်။
ဒါပေမယ့် နှစ်ပေါင်း၂၀ ကျော် လက်တွေ့ နိုင်ငံရေးကို ဖြတ်သန်းခဲ့သလို၊ အိမ်/ချုပ်ဘဝမှာ အခြေအနေအရပ်ကို ပြန်လည် သုံးသပ်ဖို့ အချိန်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က စိတ်ကူးမယဉ်ဘဲ လက်တွေ့ကျကျပဲ ချဉ်းကပ်ခဲ့တယ်။ ပြည်သူတွေက လည်း ယုံယုံကြည်ကြည်ပဲ မဲပေးခဲ့ကြတယ်။ ရွေးကောက်ပွဲရလဒ်၊ နောက်ဆက်တွဲ တွေ့ဆုံမှုတွေကို ကြည့်ရင် ဒေါ်စုရဲ့ လက်တွေ့ နိုင်ငံရေးကို ရိပ်မိနိုင်ပါတယ်။
ဒီနေရာမှာ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်ဆင်မန်ဒဲလားရဲ့စကားအတိုင်း “တခါတလေကျတော့ ကိုယ့်ရဲဘော် တွေကို ခူးပြီး ခပ်ပြီး အသင့်စားရုံ စီစဉ်ပေးရတဲ့ အခါမျိုးလည်း ရှိတယ်“ ဆိုတာကို သတိရမိတယ်။ ကွယ်လွန်သူ တောင် အာဖရိက ခေါင်းဆောင်ကြီး “မန်ဒဲလားဟာ သူတော်စင် တယောက်လား၊ လက်တွေ့ နိုင်ငံရေးသမားလားဆိုတာကို ဘယ် သူမှ သိခွင့်ရမှာ မဟုတ်ပါဘူး” လို့ သူ့ရဲ့ မိတ်ဆွေ သတင်းစာဆရာက ရေးပါတယ်။
တောင်အာဖရိက အသွင်ကူးပြောင်းရေး ကာလမှာ လူဖြူအစိုးရ ခေါင်းဆောင်တွေက အစ၊ ထောက်လှမ်းရေး အရာရှိတွေ အလယ်၊ ထောင်ဝါဒါတွေ အဆုံး ရန်သူဟောင်းတွေနဲ့ သင့်မြတ်လွန်းလို့ သူ့နောက်လိုက် တချို့က နားမလည်ခဲ့ကြပါဘူး။ ဒါပေမယ့် မန်ဒဲလားကိုယ်တိုင်က “ကျနော် ရဟန္တာမဟုတ်ဘူး ( I am not an angel)” လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ရဟန္တာစိတ်ကြောင့်လား၊ ခွင့်လွှတ် သဘောထားကြီးတယ် ဆိုတာမျိုး မဟုတ်ဘဲ လက်တွေ့ နိုင်ငံရေးအရ ချဉ်းကပ်မှုလို့ နားလည်နိုင်ပါတယ်။
မန်ဒဲလားဟာ ငယ်စဉ်က စိတ်မြန် ဒေါသကြီးသူ တယောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ၂၆ နှစ်တာ ထောင်ကျပြီး ပြန်ထွက် လာတဲ့ အခါမှာ ချဉ်းကပ်ပုံ၊ စဉ်းစားပုံတွေ ပြောင်းလဲသွားခဲ့တယ်။ ထောင်ကျတဲ့ ကာလတွေမှာ သူလည်း ဒေါ်အောင်ဆန်း စုကြည်လိုပဲ အခြေအနေတွေကို ပြန်လည် သုံးသပ်ဖို့ အချိန်ကောင်းကောင်း ရခဲ့ပြီး၊ တောင်အာဖရိကနိုင်ငံကို လူမျိုး အသားအရောင် မခွဲခြား သဟဇာတ ဖြစ်တဲ့ “သက်တန့် နိုင်ငံ” ဖြစ်ဖို့ ဘယ်လို နည်းလမ်းနဲ့ ချဉ်းကပ် ပုံဖော်ရမလဲ ဆိုတာ ကို စဉ်းစားနေခဲ့တယ်။
ဒါတွေကို အချိန်ကာလတခုမှာ နောက်လိုက်တွေ အားလုံးကို နားလည်အောင် ရှင်းပြဖို့ အခြေအနေ မပေးတဲ့အခါ သူတ ယောက်တည်းပဲ စဉ်းစားဆုံးဖြတ်ခဲ့တယ်။ လူဖြူအစိုးရနဲ့ အစောဆုံး တွေ့ဆုံမှုတွေကို အေအန်စီကို အသိမပေးဘဲ သူတ ယောက်တည်း သဘောအရ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီနေရာမှာ မြန်မာနဲ့ တောင်အာဖရိကတို့ကြားမှာ ခြားနားချက်ကို သတိချပ်သင့်ပါတယ်။ တောင်အာဖရိကမှာ အပြင်က နိုင်ငံရေး ဖိအားတွေကြောင့် လူဖြူအစိုးရဟာ ထောင်ထဲက မန်ဒဲလားနဲ့ ဆွေးနွေးခဲ့တယ်။ မြန်မာပြည်မှာကတော့ ရွေး ကောက်ပွဲမှာ NLD က အပြတ်သတ် အနိုင်ရပြီးတော့မှ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကြိုးပမ်းနေရတာပါပဲ။
တောင်အာဖရိက အသွင်ကူးပြောင်းရေးလိုပဲ မြန်မာ့ဒီမိုကရေစီ ခရီးစဉ်ကို စိတ်ကူးယဉ်လို့ မရပါဘူး။ လောလောလတ် လတ် အာရတ်နွေဦးကို ကြည့်ရင် ဒီမိုကရေစီသင်ခန်းစာတွေ ရှိပါတယ်။ ၂၀၁၁ လူထုအုံကြွမှု အပြီးမှာ တူနီးရှား တနိုင်ငံ လောက်ပဲ အထိုက်အလျှောက် တည်ငြိမ်ပါတယ်။ အီဂျစ်ဆိုရင် လူထုအုံကြွမှု မတိုင်ခင်ကထက် ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှု တွေ ပိုဆိုးနေသလို၊ ဆီရီးယားနဲ့ လစ်ဗျားတို့မှာလည်း စစ်မက်ဇုန်တွေ ဖြစ်နေဆဲပါပဲ၊၊
ဒီမိုကရေစီ ကျင့့်သုံးနေတာ ကြာပြီဖြစ်တဲ့ မြန်မာပြည်ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတောင် ၂၀၁၁ ရွေးကောက်ပွဲမှာ အနိုင် ရပြီး ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ယင်လပ် ရှင်နဝပ်ဟာ နောက်သုံးနှစ်အကြာမှာ စစ်တပ် အာဏာသိမ်းမှုနဲ့ ကြုံခဲ့ရပါတယ်။ ကမ္ဘော ဒီယားနဲ့ မလေးရှားတို့မှာလည်း ၂၀၁၃ ရွေးကောက်ပွဲတွေဟာ မဲမသမာမှုတွေ ပေါ်ပေါက်လို့ အတိုက်အခံက လက်မခံဘဲ နိုင်ငံရေး အကျပ်အတည်း ကြုံနေရပါတယ်။
တကယ်တော့ ၁၉၉၀ ပြည့်လွန်နှစ်များ တောင်အာဖရိက အပြောင်းအလဲဟာ အများထင်သလို၊ အော်ပရာ ဆန်ဆန် ပြောင်းလဲခဲ့တာမျိုး မဟုတ်ပါဘူး။ အာဏာရ နေရှင်နယ် ပါတီဟာ လူဖြူလူနည်းစုရဲ့ အခွင့်အရေး (ဥပမာ ပစ္စည်းဥစ္စာ တွေ မသိမ်းဖို့) အာမခံချက်ရမှ သူတို့ ဖန်တီးထားတဲ့ အပါသိုက် (apartheid) စနစ်ကို အလျှော့ပေးခဲ့တာ ဖြစ်ပါတယ်။
အီဂျစ်၊ ထိုင်းတို့မှာ ကြုံတဲ့ ပြဿနာတွေကို နမူနာ ယူမယ်ဆိုရင် ညှိနှိုင်းမှုတွေ အဆင်မပြေရင် ဒီမိုကရေစီ အသေမွေးတာ မျိုးလည်း ဖြစ်တတ်ပါတယ်။ နောက် ဥပမာတခုက အီရတ်မှာ ဆာဒမ်ဟူစိန်ခေတ်အလွန်မှာ ဘက်သ် (Baath) ပါတီကို အပြတ်ရှင်းခဲ့တဲ့ အကျိုးဆက်က ဒီနေ့ တွေ့ရတဲ့အတိုင်း ဝရုန်းသုန်းကား အခြေအနေပါပဲ။ စစ်အာဏာရှင်စနစ် အမြစ် တွယ်နေတဲ့ မြန်မာပြည်ကို ဒီမိုကရေစီစနစ်ဆီကို သွားတဲ့ ခရီးမှာလည်း ထိန်းညှိရမယ့် ကိစ္စတွေ ရှိပါတယ်။ ရွေး ကောက်ပွဲတခုမှာ အတိုက်အခံက အနိုင်ရရုံနဲ့ တိုင်းပြည်ကြီး နတ်ရေကန်ထဲ ပစ်ချလိုက်သလို ပြီးပြည့်စုံတဲ့ အပြောင်း ပေါ်ပေါက်လာတဲ့ နိုင်ငံ ကမ္ဘာမှာ မရှိပါဘူး။
မန်ဒဲလားက “အပြောင်းအလဲဆိုတာ အဖြစ်အပျက်တခုကို ဖြတ်သန်းလိုက်ရုံနဲ့ မရဘူး။ လုပ်ငန်းစဉ်အနေနဲ့ သွားရမယ်လို့ ပြောခဲ့သလိုပါပဲ။ တချိန်တည်းမှာ အေအန်စီရဲ့ လက်စွဲဆောင်ပုဒ်တခု ဖြစ်တဲ့ “အပြောင်းအလဲပါတဲ့ သင့်မြတ်ရေး” ဆိုတာ မြန်မာပြည် ဒီမိုကရေစီ ခရီးအတွက် အလုပ်လမ်းညွန် ဖြစ်သင့်ပါတယ်။
(ညီစောလွင်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်နေသော မြန်မာသတင်းစာဆရာတဦး ဖြစ်သည်)