မည်သည့်အစိုးရ တက်သည်ဖြစ်စေ၊ မည်သည့်နိုင်ငံရေးမျိုး ဖြစ်စေ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန်ဟု ပြောဆိုခဲ့သည့် တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စကားသည် တိုင်းပြည်၏ အပြောင်းအလဲအတွက် အကောင်းမြင် မျှော်လင့်ချက်များစွာ ဒီရေအလား တိုးနေချိန်တွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
စံပြ တပ်မတော် သို့မဟုတ် Professional Armed Forces ကို တည်ဆောက်ရန် စိတ်ထားထက်သန်နေသော တပ်မတော် အရာရှိများအတွက် အားဆေးတခွက်ဟု ဆိုချင်ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော် ရုံးချုပ်တွင် ရင်းရင်းနှီးနှီး နှုတ်ဆက်လက်ခံ တွေ့ဆုံပြီးနောက်ပိုင်း သူ၏ ပုံရိပ်သည် လူထုကြားတွင် အပေါင်းလက္ခဏာ ပိုဆန်လာသည်ကို တွေ့ရသည်။
တပ်ချုပ်၏ အဓိက အချက်ကတော့ တပ်မတော်ကို နိုင်ငံတကာ အဆင့်မီ တပ်မတော်တခု ဖြစ်ရေးနှင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရေးတို့ပင် ဖြစ်သည်။ တိုင်းပြည်တွင် ယနေ့ဖြစ်ပေါ်နေသော အရွေ့အပြောင်းတွင် တပ်မတော် ခေါင်းဆောင်များက အခွင့်အရေးကို လက်မလွတ်စတမ်း ယူပြီး တပ်မတော် အခန်းကဏ္ဍနှင့် ပုံရိပ်ကို ပြုပြင်သွားရမည် ဖြစ်သည်။ သို့မှသာ ပြည်သူချစ်သော တပ်မတော်ပုံရိပ်ကို ပြန်လည်ရရှိမည် ဖြစ်သည်။
တိုင်းပြည်တွင် တရားဝင် ခေါင်းဆောင်ဖြစ်လာမည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ ဖခင် ပါဝင် တည်ထောင်ခဲ့သော တပ်မတော်ကို ရေမြင့်လျှင် ကြာတင့်ရမည် ဆိုသည့် စကားအတိုင်း မိမိ၏ အာဏာရပါတီအတွက် မဟုတ်ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ကူညီမည့်သူမျိုး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် တက်လာချိန်တွင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက နိုင်ငံရေးအရွေ့ကို ဝင်ပြီး ရွှေ့ပေးသဖြင့် အမေရိကန်အစိုးရ ပြန်လည်ပေးချင်နေသော စစ်ရေးအကူအညီများလည်း တံခါးဖွင့်နိုင်သည့်အပြင် ပင်တဂွန်စစ်ဌာနချုပ်ကိုလည်း ပထမဆုံး လည်ပတ်ခွင့်ရမည့် အခွင့်အရေးကိုလည်း တပ်မတော်ခေါင်းဆောင်များ ရသွားနိုင်သည်။
ထို့ကြောင့်ပင် UK အပါအဝင် အနောက်နိုင်ငံများမှ အကူအညီများ၊ သင်တန်းများ ယခင်ကကဲ့သို့ ပြန်လည်ရရှိ နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူ၏ ဥရောပ ခရီးစဉ်များတွင် ကြိုးစားပေးခဲ့ပြီ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရ အာဏာရလာချိန်တွင် တပ်နှင့် အရပ်ဖက် ဆက်ဆံရေးမှာ ပိုမို စိတ်ဝင်စားစရာ ကောင်းလာမည် ဖြစ်သကဲ့သို့ နိုင်ငံရေးမှ ဆုတ်ခွါရန် ဆန္ဒရှိနေသော တပ်မတော် ခေါင်းဆောင်များအတွက်လည်း အခွင့်အလမ်းကောင်းများ ရှိနိုင်ပါသည်။