ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့သတ်မှတ်ချက်အရ မြန်မာတွေရဲ့သက်တမ်းက အသက် ၆၇ နှစ် ဝန်း ကျင် အရွယ်သာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ယခုအခါ ဖွံ့ဖြိုးဆဲ နိုင်ငံအဆင့်သာ ရှိနေပါသေးတယ်။ အချိန်ကို အကျိုးရှိရှိ သုံးနိုင်မှသာ ၂၁ ရာစု ပညာခေတ်မှာ အမီ လိုက်နိုင်မှာဖြစ်ပါတယ်။
အမှောင်ခေတ်တလျှောက် အကျိုးမဲ့ကုန်ဆုံးသွားသော အချိန်များက များပြားလွန်းလှပါတယ်။ တမျိုးသားလုံးရဲ့ အချိန်ကို ခိုးယူသူတွေထဲမှာ အဲဒီခေတ်က တာဝန်ရှိသူတွေလည်း ပါဝင်ပါတယ်။ မနက် ၇ နာရီထောက်ခံပွဲအတွက် ဗဟိုက ညွှန် ကြားချက်ထုတ်တဲ့အခါ ခရိုင်အဆင့် တာဝန်ရှိသူတို့က ၆ နာရီလာဖို့ အမိန့်ထုတ်ကြ၏။ မြို့နယ်အဆင့် တာဝန်ခံက ၅ နာရီ လာဖို့ ထပ်ဆင့်ညွှန်ကြားပြီး ရပ်/ကျေး အဆင့်ရောက်တဲ့အခါမှာတော့ ဗဟိုက ညွှန်ကြားချက်ဟာ မနက် ၄ နာရီဖြစ်သွားတတ်ပါတယ်။
ပြည်သူလူထုက ဝေလီဝေလင်းမှာထပြီး အိပ်မှုန်စုတ်ဖွားနဲ့ စုရပ်ကို အပြေးချီတက်ခဲ့ကြရပါတယ်။ မလာမနေရ အမိန့် ကြောင့် ထောင်ပေါင်းများစွာသော ရပ်ကွက်ထဲကလူတွေ စုရပ်ရောက်ချိန်မှာ သဘာပတိဆိုသူတွေက မွေ့ရာထူထူပေါ်မှာ နတ်သမီး အိပ်မက်မက်ကောင်းဆဲ။ လူတယောက်ရဲ့ အချိန် ၃ နာရီ ခိုးခဲ့လျှင် စုရပ်မှာရှိတဲ့ ထောင်ပေါင်းများစွာသော
ရပ်ကွက်/သူရပ်ကွက်သားတွေရဲ့အချိန်ကို စဉ်းစားသာကြည့်ပေတော့။ နိုင်ငံအဝှမ်း အဲဒီလို ထောက်ခံပွဲတွေက နေရာအနှံ့ ကျင်းပခဲ့ကြတာပါ။
ကန့်ကွက်ပွဲဆိုတာတွေ လုပ်ပြန်တော့လည်း တအိမ်တယောက်မလာ မနေရ ဆင့်ခေါ်ကြပြန်တယ်။ ထုံးစံအတိုင်း ရပ်/ ကျေးအဆင့် တာဝန်ရှိသူတွေက ဗဟိုညွှန်ကြားချက်ထက် ဝီရိယကောင်းပြီး ၃ နာရီလောက် အမြဲစော ခေါ်ကြပြန်တယ်။ နေကျဲကျဲတောက်ပူနေတဲ့ ကွင်းပြောင်ပြောင်မှာ ကိုယ့်ထီးကို ဆောင်းပြီး ပြည်သူတွေက ကန့်ကွက်ခဲ့ကြရပြန်တယ်။
ပြည်သူလူထုရဲ့အချိန်တွေ အကျိုးမဲ့ ကုန်ဆုံးစေခဲ့တာ အမှောင်ခေတ်တလျှောက်လုံး နီးပါးပါပဲ။ အဲသည်ခေတ်က လူ တွေကြားမှာ ပြောစမှတ်တွင်နေတဲ့ စကားရှိတယ်။ ခေါ်ရင်လာ ခိုင်းတာလုပ် ခံမပြောနဲ့ ဆိုတဲ့ “ခ” သုံးလုံး မူဝါဒပါ။ ရုပ်မြင်သံကြားအစီအစဉ်တွေမှာလည်း ကြွေးကြော်သံတွေ ဆောင်ပုဒ်တွေ ထည့်သွင်းပြီး ပရိတ်သတ်ရဲ့ အချိန်ကို ခိုးယူခဲ့ကြပါသေးတယ်။ ကျော်လို့လည်းမရ ရစ်လို့လည်း အဆင်မပြေတော့ ဒီအတိုင်း မလွှဲသာမရှောင်သာ သည်းခံပြီး ကြည့်ခဲ့ကြရပြန်တယ်။
တီဗီအစီအစဉ်တွေသာမက ဗီဒီယိုဇာတ်ကားတွေမှာပါ မူဝါဒလမ်းစဉ် ၁၂ ရပ် တို့။ ဒို့တာဝန်အရေး သုံးပါးတို့ကို မထည့် မနေရ ထည့်သွင်းတယ်။ ဗီဒီယိုဇာတ်ကားမှာ အဲသည်လို ပေါ်လစီကြွေးကြော်သံတွေ ပါလာရင် ပရိတ်သတ်က ရီမုတ်ကွန်ထရိုးနဲ့ ကျော်ပြီးကြည့်ကြတယ်။
နိုင်ငံနှင့် ချီသော အကြီးမားဆုံး အချိန်ဆုံးရှုံးမှုက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း ဖြစ်ပါတယ်။ ၁၅ နှစ်ကြာမြင့်အောင် ရေးဆွဲခဲ့ရလို့ လူတယောက် အချိန်ဆုံးရှုံးမှုက ၁၅ နှစ်ဖြစ်ပါတယ်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူဦးရေ ၅၁ သန်းကျော် အတွက် အချိန်စုစုပေါင်း နှစ်သန်းပေါင်း ၇၆၅ သန်း ဆုံးရှုံးသွားခဲ့ခြင်းဖြစ်ပါတယ်။ အရှိန်နဲ့ တဟုန်ထိုး ပြေးနေတဲ့ ၂၁ရာစု ကမ္ဘာကြီးမှာ နှစ်သန်းပေါင်း ၇၆၅ သန်း ဆုံးရှုံးသွားခဲ့ခြင်းက နိုင်ငံအတွက် ကြီးမားတဲ့အချိန် ဆုံးရှုံးမှုပင်။
အချိန်နဲ့ပတ်သက်ရင် ကျနော်တို့ လူ့အဖွဲ့စည်းမှာ အများစုက မလေးစားချင်ဘူး။ ပျော်ပွဲရွှင်ပွဲတွေလုပ်လို့ ဖျော်ဖြေပွဲတွေ ထည့်တော့လည်း သတ်မှတ်အချိန်အတိုင်း စတဲ့ပွဲက ခပ်ရှားရှားရယ်။ အခုနောက်ပိုင်းမှာတော့ အိုင်စီ (Iron Cross) က အဲဒီအစဉ်အလာကို ချိုးဖောက်ပြီး သတ်မှတ်ချိန်အတိုင်း ပွဲစလာတယ်။
အရေးကြီးတဲ့ အစည်းအဝေးလို အခမ်းအနားတွေ မှာတောင် သတ်မှတ်ချိန်မှာ မစတင်နိုင်တဲ့ အချိန်တွေရှိတယ်။ ပြောပြီးသားတွေ ထပ်တလဲလဲပြောနေတဲ့ သဘာပတိတွေလည်း ရှိတာပါပဲ။ ဆီမီနာတွေ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာလည်း အချိန် မလေးစားကြသူတွေ တွေ့နေရတယ်။ အမေး အဖြေ လုပ်ကြတဲ့အချိန်တွေမှာ ပိုဆိုးတယ်။ မေးရမယ့် မေးခွန်းကို လိုရင်းတိုရှင်း ယဉ်ယဉ်ကျေးကျေးမမေးဘဲ တောင်စဉ် ရေမရာ မိတ်ဆက်နေကြတဲ့ မေးခွန်းရှင်တွေကြောင့် အခမ်းအနား လာတက် ကြသူတွေ ကသိကအောက်ဖြစ်ကြရတဲ့ ပွဲတွေ ရှိတယ်။
တကယ်တော့ အချိန်မလေးစားတာဟာ ကာယကံရှင် တယောက်စ နှစ်ယောက်စက ချို့ယွင်းတာဖြစ်ပေမယ့် သူနဲ့ဆက် စပ်နေတဲ့သူတွေပါ အကျိုးရှိ အချိန်တွေ အလဟဿဖြစ်ကုန်စေတယ်။ ရယ်စရာလိုလိုနဲ့ အတည်ဖြစ်မှန်းမသိ ဖြစ်နေတဲ့ စကားက မြန်မာစံတော်ချိန်တဲ့။
တကယ်တော့ အချိန်နဲ့ပတ်သက်ရင် မြန်မာတွေမှာ စကားပုံတွေ ပုံတိုပတ်စတွေ ကြွယ်ပိုးကြွယ်၀ ရှိတယ်။ အချိန်နဲ့ ဒီရေ သည် လူကို မစောင့်၊ အချိန်ရှိခိုက် လုံ့လစိုက်၊ လသာတုန်း ဗိုင်းငင်၊ အစားထိုးမရသော ဆုံးရှုံးမှုက မိဘနဲ့အချိန်၊ စတဲ့ ဝေါ ဟာရတွေက အချိန်ဘယ်လောက် အရေးကြီးကြောင်း ဖော်ပြနေတယ်။ တချို့လုပ်ငန်းခွင်တွေမှာဆိုရင် “ယနေ့ပြီးနိုင် သောအလုပ် မနက်ဖြန်သို့ မရွှေ့ပါနဲ့” ဆိုတဲ့ သတိပေး စာတမ်းတောင် ချိတ်ဆွဲထားတာ တွေ့ရတယ်။
ဒါပေမယ့် လက်တွေ့မှာ မြန်မာအများစု အချိန်မလေးစားကြတာလည်း အမှန်ပါပဲ။ အစိုးရ ရုံးဌာနတွေမှာ သွားကြည့်ရင် (လာဘ်လာဘ မပေးခဲ့ရင်) အချိန်ဆွဲအလုပ်လုပ်နေတဲ့ ဝန်ထမ်းဆိုးတွေ ရှိနေတယ်။ ရုံးချိန်အတွင်း အပိုဝင်ငွေ ရပေါက် ရလမ်းတခုခု လုပ်နေတဲ့ ဝန်ထမ်းဆိုးတွေရှိတယ်။ ရုံးချိန်အတွင်း လက်ဖက်ရည်ဆိုင်ထွက်တိုင်တဲ့ ဝန်ထမ်းရှိသလို ဝတ္ထုစာအုပ်ဖတ်နေတဲ့ ဝန်ထမ်းအချို့လည်းရှိတာပဲ။ ရုံးတက်ချိန်နောက်ကျမှ လာပြီး ရုံးဆင်းချိန်စောပြန်တဲ့ ဝန်ထမ်းဆိုး တွေရှိတယ်။ (ပြည်သူကို အမှန်တကယ် ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းကောင်းတွေလည်းရှိပါတယ်။)
ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းခွင်တွေမှာလည်း (ကုမ္ပဏီတွေ၊ အရောင်းဝန်ထမ်းတွေအပါအဝင်) အချိန်ခိုးတဲ့ ဝန်ထမ်းဆိုး တွေ ရှိနေတာပါပဲ။ ကိုယ်ပိုင်လုပ်ငန်းတွေမှာသည်ပင် အချိန်မလေးမစားလုပ်နေကြတဲ့ သူတွေရှိတယ်။ အချိန်မလေးစား သူတွေထဲမှာ ဝန်ထမ်းတွေသာမက ပိုင်ရှင်တွေလည်းပါဝင်တယ်။
စာရေးဆရာ တင်မောင်သန်းက သင့်ဘ၀ မဂ္ဂဇင်း (၁၉၉၄၊ဇွန်လ)မှာ ဝန်ထမ်းတယောက် တရက်အချိန် ၅ မိနစ်ဖြုန်း တီးခဲ့ရင် ဘယ်လောက်ထိ ဆုံးရှုံးသွားနိုင်တယ်ဆိုတာ အခုလို တွက်ချက်ပြထားတယ်။
မြန်မာနိုင်ငံမှာ ဝန်ထမ်း ၁ သန်းရှိတယ်ဆိုပါစို့။ တကယ်တော့ ဝန်ထမ်းဦးရေ ဒီထက်မက များနိုင်ပါတယ်။ ဝန်ထမ်း တယောက်က အလုပ်ခွင်မှာ တရက် ၅ မိနစ် အချိန်ဖြုန်းတီးတယ်ဆိုရင် ဝန်ထမ်းတသန်းရှိတာကြောင့် တရက် လုပ်အား ဆုံးရှုံးမှုက မိနစ်ပေါင်း ၅ သန်း ဆုံးရှုံးတဲ့သဘော ဖြစ်ပါတယ်။ နာရီနဲ့တွက်ရင် ၈၃၃၃၃.၃၃နာရီ၊ ရက်ပေါင်း ၃၄၇၂.၂၂ ရက် အထိ ရှိပါတယ်။ နှစ်အနေနဲ့တွက်ရင် ၁၃.၉၄နှစ် ဆုံးရှုံးသွားနိုင်တယ်။ မြန်မာနိုင်ငံက ဝန်ထမ်းတွေ တရက် ၅မိနစ် အချိန်ဖြုန်းတီးလိုက်တာဟာ တရက်ကို ၁၄.၇၂နှစ်လောက် အချိန်ဆုံးရှုံးသွားတဲ့သဘောပါပဲ။ (၁၉၉၄ ခုနှစ်မှာ အလုပ် ပိတ်ရက်ပေါင်း ၁၁၆ရက် ရှိလို့ အလုပ်လုပ် ရက်ပေါင်း ၂၄၉ရက် သာရှိတယ်။)
တရက်မှာ ၁၃.၉၄ နှစ် ဆုံးရှုံးရင် ၁၉၉၄ခုနှစ် တနှစ်လုံးအတွက် အလုပ်လုပ်ရက် ၂၄၉ရက်နဲ့ မြောက်ရမှာမို့ နှစ်ပေါင်း ၃၄၇၁ နှစ် ဆုံးရှုံးသွားတယ်။ လူ့သက်တမ်း ၆၇နှစ်နဲ့ တွက်ရင် လူပေါင်း ၅၁ ယောက် ကွယ်လွန်သွားတယ်။ ဒါဟာ ဝန်ထမ်း တယောက် သူ့အလုပ်ချိန်ထဲက တရက် ၅ မိနစ် ဖြုန်းတီးရုံနဲ့ ဆုံးရှုံးသွားတဲ့ ပမာဏဖြစ်ပါတယ်။
သူ့စားပွဲကိုလာပြီး ဆောင်ရွက်ဖွယ်ကိစ္စတွေအတွက် စောင့်ဆိုင်းရတဲ့ အခြားသူတွေရဲ့အချိန်ကို ထည့်တွက်မထားပါဘူး။ လူတယောက် ၅ မိနစ် အချိန်ဖြုန်းတီးလိုက်တာဟာ သူနဲ့ဆက်နွယ်နေသူတွေရဲ့အချိန်တွေပါ ဖြုန်းတီးလိုက်တာဖြစ်ပါတယ်။ ဖြစ်စဉ်တိုင်း အဆင့်တိုင်းဟာ ဆက်နွယ်နေတာမို့ မရည်ရွယ်သည်ဖြစ်စေ ရည်ရွယ်သည်ဖြစ်စေ အချိန်တွေ ဆက် တိုက် ဆုံးရှုံးသွားတော့တာပါပဲ။
ဝန်ထမ်းတယောက် တလ တသိန်း ရတယ်ဆိုပါစို့။ ဝန်ထမ်းတယောက်က တမိနစ်ကို ၁၁.၄၇ ကျပ် ရပါတယ်။ ဝန်ထမ်း တယောက် တရက် ၅ မိနစ် အချိန်ဖြုန်းခဲ့ရင် ၅၇.၃၅ ကျပ် နိုင်ငံတော်က နစ်နာရတယ်။ ဝန်ထမ်း တသန်း အတွက် တရက် ကျပ်ငွေဆုံးရှုံးမှု ကျပ် ၅၇ သန်းကျော် (၅၇၃၅၀၀၀၀ ကျပ်တိတိ)၊ တနှစ်အတွက် ဆုံးရှုံးးမှု ငွေပေါင်း ကျပ် (သိန်းပေါင်း တသိန်း လေးသောင်းကျော်) ၁၄၂၈၀၁၅၀၀၀၀ တိတိ ဆုံးရှုံးသွားနိုင်တယ်။
အဲဒီငွေတွေနဲ့ မြစ်ကူးတံတားကြီး တစင်း ကောင်းကောင်း ဆောက်လို့ရတယ်။ ဆည်တမံကြီးတခု ကောင်းကောင်း ဆောက်လို့ရတယ်။ အဲဒီငွေနဲ့ ဆေးရုံဆေးခန်း ဆောက်လုပ်နိုင်သလို စာသင်ကျောင်း တဆောင်ဆောက်လို့ရတယ်။ မိဘမဲ့ဂေဟာတခု ကောင်းကောင်းဖွင့်နိုင်သလို ခိုကိုးရာမဲ့ ဘိုးဘွားတွေအတွက် ဘိုးဘွားရိပ်သာတခု ဆောက်လုပ် လှူဒါန်းနိုင်တယ်ဆိုတာ သတိပြုမိကြစေလိုပါတယ်။
၂၀၁၅ ခုနှစ် မေလ က ထုတ်ပြန်တဲ့ သန်းခေါင်စာရင်း အစီရင်ခံစာအရ အလုပ်လုပ်နိုင်တဲ့ လုပ်သားဦးရေ (၁၅ – ၆၄ နှစ်ကြား) ၃၂သန်းကျော်(၃၂၉၈၂၇၆၈ တိတိ) ရှိရာ တရက် ၅ မိနစ် ဖြုန်းတီးခဲ့မယ်ဆိုရင် မိနစ်ပေါင်း ၁၆၄.၉ သန်း ဆုံးရှုံးသွားနိုင် တယ်။ ရက်ပေါင်း ၁၁၄၅၁၃.၈၈ ရက်ဆုံးရှုံးတဲ့ သဘောဖြစ်ပါတယ်။ ပြက္ခဒိန်နှစ်နဲ့ တွက်ရင် ၃၁၃.၇၃နှ စ် ဆုံးရှုံးမှာဖြစ် တယ်။ ရာစုနှစ်နဲ့ဆိုရင် ၃.၁၃ ရာစုပါ။ အလုပ်လုပ်နိုင်တဲ့ လုပ်သားအင်အားစု (working age)တွေ တရက် ၅ မိနစ်အချိန် ဖြုန်းလိုက်တာ ၃ ရာစုကျော်ကျော် ဖြုန်းတီးပစ်လိုက်တဲ့သဘောပါပဲ။ ကျနော်တို့ ၂၁ ရာစုမှာ နောက်ကျကျန်ရစ်ပြီး တတိယ ကမ္ဘာထဲမှာ နေခဲ့ရတာ ဘာဆန်းလဲ။
တိုးတက်နေတဲ့ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းဖို့ ကုန်းရုန်းလုပ်ကြဖို့ အချိန်ရောက်ပါပြီ။ တလျှောက်လုံး မလုပ်မရှုပ် မပြုတ် မူနဲ့ နေလာခဲ့တဲ့ အလေ့အကျင့်ဟောင်းကြီးကိုလည်း ပြင်ကြရပါတော့မယ်။ အထူးသဖြင့် အချိန်မလေးစားတာ အချိန်ဆွဲ တာတွေ မလုပ်ကြဖို့ လိုတယ်။ ပြောင်းလဲချိန်တန်ပြီ။
အခုပဲ စပြောင်း လိုက်ကြရအောင်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)