ဒီဇင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံတွင် ရန်ကုန်စတော့ အိတ်ချိန်း (YSX) ကို စတင်ဖွင့်လှစ်လိုက်ပါသည်။ တချိန်က တံခါးပိတ်ထားခဲ့သည့် နိုင်ငံတခုက တံခါးဖွင့်လာသည့် အချိန်တွင် ကမ္ဘာတလွှားမှ ရင်းနှီးမြှုပ်နှံသူများ စိတ်လှုပ်ရှားခဲ့ရ သည်။ လူဦးရေ ၅၁ သန်းထံမှ ရရှိနိုင်မည့် မက်မောဖွယ်ရာ အကျိုးအမြတ်များကိုလည်း သူတို့မြင်ခဲ့ကြသည်။ အပြောင်းအလဲများကလည်း စိတ်ဝင်စားစရာကောင်းသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများက အရေးတကြီး လိုအပ်နေသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းတွင် မြန်မာနိုင်ငံ၌ ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများစု အနိုင်ရရှိခဲ့ပါသည်။
သို့သော် ပြဿနာ ရှိသည်။ YSX တွင် စာရင်းတင် ရောင်းဝယ်မည့် စတော့များ မရှိပါ။ ဖဲကြိုးဖြတ်ပွဲလုပ်သည်။ ခေါင်းလောင်းတီးသည်။ ပန်းများနှင့် ဘောလုံးများက ကြည့်လို့ကောင်းပါသည်။ သို့သော်လည်း နောက်ဆက်တွဲ အရောင်းအဝယ် တခုမှ ဖြစ်မလာပါ။
“သမိုင်းဝင် အောင်မြင်မှု” တဲ့လား
YSX ၏ ဥက္ကဌ ဒေါက်တာ မောင်မောင်သိမ်းက စတော့ အိတ်ချိန်းဖွင့်လှစ်နိုင်ခြင်းသည် ကြီးမားသော အောင်မြင်မှုတခုဟု ပြောကြားခဲ့သည်။ သို့သော် အိတ်ချိန်းက အပြည့်အ၀ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် သူပြောသည်ကို သဘောတူဖို့ ခက်ခဲပါသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ရန် စာရင်းသွင်းထားသော အများပိုင် ကုမ္ပဏီ ၆ ခုမှာ FMI ကုမ္ပဏီ၊ မြန်မာ့လယ်ယာစီးပွားအများပိုင်ကုမ္ပဏီ MAPCO၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ သီလဝါ အထူးစီးပွားရေးဇုန်ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီ၊ မြန်မာနိုင်ငံသားများဘဏ်နှင့် Great Horkham ကုမ္ပဏီတို့ ဖြစ်သော်လည်း “ရှယ်ယာ ရောင်းတာဝယ်တာတွေကတော့ နောက်နှစ် ဖေဖော်ဝါရီမှာစမယ်။ဒါမှမဟုတ် မတ်လ အ စော ပိုင်းမှာစမယ်” ဟု ဦးမောင်မောင်သိမ်းက ပြောဆိုသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ရှယ်ယာများ စတင်ရောင်းချမည့် အချိန်ကို သတ်မှတ်ထားသည်ဆိုလျှင် မည်သည့်အတွက်ကြောင့် ၃ လ စော၍ ဖွင့်လှစ်ရသနည်းဟု မေးခွန်း ထုတ်စရာဖြစ်လာပါသည်။ YSX ၏ ဥက္ကဌ ကတော့ “ကျနော်တို့ လွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်လာတာ ၆၇ ခုနှစ် ကြာခဲ့ပြီ ဆိုပေမယ် ကျနော်တို့မှာ စတော့ဈေးကွက်မရှိခဲ့ပါဘူး။ တကယ်လို့ ကျနော်တို့ အခု အချိန်မှာ မစဘူးဆိုရင် အရမ်းနောက်ကျသွားပါလိမ့်မယ်” ဟု တုန့်ပြန်ခဲ့ပါသည်။
အောင်မြင်ပြီး အင်အားကြီးမားသော စီးပွားရေးတခုကို ဖော်ပြနိုင်ရန် ဆန္ဒပြင်းပြနေသည့် အချိန်တွင် ငြီးငွေ့ဖွယ်ရာ ကောင်းသည့် မရှိမဖြစ် လိုအပ်ချက်များကို ဥပေက္ခာပြုထားသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ နိုင်ငံရေး အကျိုးအမြတ်ရလိုသော ကမ္ဘာပေါ်မှ အာဏာရှင် အစိုးရများသည် သူတို့အပေါ် အများ၏ ယုံကြည်လက်ခံမှုကို အင်အားကောင်း စေရန်အတွက် သင်္ကေတများ အထိမ်းအမှတ်များ အပေါ်တွင် အလွန်အကျွံ မှီခိုတတ်ကြသည်။ သမ္မတ ပူတင်က ရုရှားနိုင်ငံသည် စစ်အင်အားကြီး နိုင်ငံတခု ဖြစ်နေဆဲဟု သက်သေပြနိုင်ရန် အခြား အချုပ်အခြာ အာဏာပိုင် နိုင်ငံများကို အခါအားလျော်စွာ ဝင်ရောက်ကျူးကျော်နေရသည်။ ကာဇစ္စတန် သမ္မတက သူ့ကိုယ်သူ အလွန်အောင်မြင်သည့် ဒီမိုကရေစီ နိုင်ငံတခု၏ ခေါင်းဆောင် ဖြစ်သည်ဟု ယူဆထားသည့် အတွက် အမေရိကန် သမ္မတအိမ်ဖြူတော်နှင့် အလွန်တူသော သမ္မတနန်းတော် တခုကို တည်ဆောက်ခဲ့သည်။ ကာတာနိုင်ငံမှ Sheikh Tamim bin Hamad Al Thani က သဲကန္တာရထဲတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆန္ဒရှိနေသည်။ တက်လာမည့် မြန်မာအစိုးရသစ်ကသာ အကယ်၍ အပေါ်ယံ ဟန်ပြသက်သက် ကိစ္စများကို အလွန်အကျွံ ဆက်ပြီးလုပ်နေမည်ဆိုလျင် ရင်းနှီးမြှုပ်နှံသူများ စိတ်ပျက်လာပါလိမ့်မည်။
တခြားဘက်မှ ကြည့်ပြန်လျှင် အမျိုးသားစွမ်းအားကို ပြသသည့် စိတ်လှုပ်ရှားစရာ ပြကွက်မျိုးက အကယ်၍ ကွဲပြားနေသော အဖွဲ့များကို စုစည်းနိုင်ခဲ့ပြီး ဝေမျှ ပုံဖော်နိုင်ခဲ့လျှင်တော့ အနည်းငယ် အသုံးဝင်နိုင်ပါသည်။ မြန်မာဈေးကွက်က ဒီလိုလုပ်နိုင်ဖွယ် မမြင်ပါ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရှိနေသော်လည်း တိုင်းပြည်မှ တိုင်းရင်းသားဒေသအများအပြားတွင် ပြည်တွင်းစစ်က ဆက်လက်ဖြစ်ပွားနေသည်။ မူးယစ်ဆေး၊ ကျောက်စိမ်းနှင့် သစ်လုပ်ငန်းများက အကျိုးအမြတ်များပြားလွန်းသည့်အတွက် ငြိမ်းချမ်းရေး ရယူရန် စစ်ဘုရင်များအတွက် မက်လုံးက နည်းနေသည်။ နိုင်ငံသား ဖြစ်ခွင့် တောင်းဆိုနေကြသည့် ရိုဟင်ဂျာ မွတ်ဆလင်များ၏ အရေးကလည်း လူ့အခွင့်အရေး အဖွဲ့အစည်းများက အာရုံစိုက်နေသည်။
တိုင်းပြည်၏ ဆုံမှတ်တခုအဖြစ် ဆောင်ရွက်ရမည့် အစား YSX သည် လက်ရှိဥပဒေများအရ ရင်းနှီးမြှုပ်နှံခြင်း မပြု လုပ်နိုင်ကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရေးကို ဦးစားပေးရန် ဖြစ်ပုံရသည်။ ဥက္ကဌ ဒေါက်တာ မောင် မောင်သိမ်းက အခြေအနေများ မကြာမီပြောင်းလဲသွားမည်ဟု ယုံကြည်ကြောင်း ပြောသော်လည်း YSX ၏ အဓိက ရှယ်ယာပိုင်ရှင် ဖြစ်သော မြန်မာ့ စီးပွားရေး ဘဏ်မှာ အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။
နောက်ဆုံး အနေဖြင့် ဆိုရလျှင် ပြီးခဲ့သည့် ရွေးကောက်ပွဲသည် မြန်မာပြည်သူများအတွက် အောင်မြင်မှုတခုဖြစ်ပါသည်။ ထိုရလဒ်အပေါ် စစ်ဗိုလ်ချုပ်များနှင့် အစိုးရ၏ ကြိုဆိုပုံကတော့ အားနည်းချက်များစွာ ရှိနေသည်။ အခြေခံဥပဒေက ဒေါ် အောင်ဆန်းစုကြည်ကို သမ္မတ လုပ်၍ မရအောင်တားဆီးထားသော်လည်း သူက တိုင်းပြည်ကို ဦးဆောင်မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့ပြီး ဖြစ်သည်။ တနည်းဆိုရသော် အုပ်ချုပ်ရေးတွင် အတွေ့အကြုံ မရှိပဲ နေအိမ် အကျယ်ချုပ်ဖြင့် စိတ်လှုပ်ရှားဖွယ် တော်လှန်ရေး အတွေ့အကြုံများပြီး အလွန်အမင်း ပုဂ္ဂိုလ်ရေး ကိုးကွယ်ခံနေရသူက တဆင့်ခံ တိုင်းပြည်ကို ဦးဆောင်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ စစ်တပ်တွင် အာဏာ ဆက်လက်ရှိနေ ဆဲဖြစ်သည်။ ဒီမိုကရေစီ ထုံးစံအချို့ကို ၎င်းတို့က ခွင့်ပြုမည်ဖြစ်သော်လည်း ဥပဒေပြုလွှတ်တော်တွင် နေရာ၂၅ ရာခိုင် နှုန်း အခိုင်အမာ ရရှိထားပြီး တိုင်းပြည်တွင် ပေါ်ပေါက်လာခါစ ဒီမိုကရေစီ အစိုးရများထံမှ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာ ပြန်လည် သိမ်းယူခွင့်လည်း ရှိနေပါသည်။
ကြမ်းခင်းဈေး
မြန်မာနိုင်ငံတွင် တိုးတက်မှုများကိုတော့ မြင်တွေ့နေရပါသည်။ သို့သော်လည်း ကမ္ဘာကို အမီလိုက်နိုင်ရန်အတွက် ရင်းနှီး မြှုပ်နှံမှု ကြီးမားစွာ လိုအပ်နေသည်။ ရင်းနှီးမြှုပ်နှံသူများကလည်း ကျေကျေနပ်နပ် ထုတ်ပေးကြမည် ဖြစ်သည်။ နိုင်ငံများ အနေဖြင့် အကျိုးအမြတ် များပြားစွာ ပြန်လည်ရရှိနိုင်ရေး ယင်းဈေးကွက်သည် ဒီမိုကရေစီဖြစ်ရန် သို့မဟုတ် မျှတမှုရှိရန် မလိုအပ်ပါ။ သို့သော်လည်း ခိုင်မာသော အဖွဲ့အစည်းများ လိုအပ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံ၏ အဖွဲ့အစည်းများသည် မည်သူက တရားဝင်ရယူထားသည်ဖြစ်စေ အခြားသြဇာရှိသူတဦး၏ လက်တွင်သာ အာဏာရှိသည့် သမ္မတရာထူးကဲ့သို့ သို့မဟုတ် ပြောင်လက်တောက်ပသည့် စတော့ အိတ်ချိန်းအသစ်ကဲ့သို့ ဟန်ပြသက်သက်သာဖြစ်နေခဲ့လျှင် တံခါးဖွင့်သည့် ဆိုသည့် ပြောဆိုနေမှုသည် ထောင်ချောက်တခုသာ ဖြစ်သွားနိုင်ပါသည်။
(Investopedia ဝက်ဘ်ဆိုက်ပါ David Floyd ၏ Is It Safe to Invest in Myanmar? ကို ဆီလျော်အောင် ဘာသာပြန်သည်)