တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တချိန်က တခြားလူတွေရဲ့ နိုင်ငံရေး လှည့်ကွက်၊ ကစားကွက်တွေကြောင့် အချင်းချင်း တိုက်ခိုက်ခဲ့ကြပေမယ့် အခုလက်ရှိအချိန်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ သင်ခန်းစာတွေရနေကြပြီး အရင်ကလို နိုင်ငံရေး လှည့်ကွက်ထဲကို ကျရောက်ခံမှာ မဟုတ်တော့ဘူးလို့ ယုံကြည်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) အဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နိုဝင်ဘာလ ၂၇ ရက်ကစပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) အဖွဲ့နဲ့ နယ်မြေအငြင်းပွားမှုဖြင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွေအရေးကိုလည်း တွေ့ဆုံဆွေးနွေးအဖြေရှာမယ်လို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ဝင်ရောက် စေ့စပ်ပြောဆိုအပြီး မှာ RCSS/SSA က သဘောထားပေးလိုက်ပါတယ်။
အဆိုပါဆွေးနွေးပွဲအပြီးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများအရေး၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နဲ့ စစ်ရေး တင်းမာ နေတယ် ဆိုတဲ့ အခြေအနေတွေ အပါအဝင် အစိုးရသစ်အပေါ် မျှော်လင့်ချက်၊ “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ် မတော်(UWSA)နဲ့ ဆက်ဆံရေး၊ ဘိန်းနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေတွေကို RCSS/SSA အဖွဲ့၏ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဧရာဝတီ သတင်းထောက် တွေဖြစ်တဲ့ ငြိမ်းငြိမ်းနဲ့ ကျော်ခ တို့က သီးသန့်တွေ့ဆုံ မေးမြန်း ထားပါတယ်။
မေး ။ ။ လက်ရှိ TNLA နဲ့ နယ်မြေအငြင်းပွားမှု ပဋိပက္ခကို ဘယ်လို ဖြေရှင်းမလဲ။ ဒါက NCA လက်မှတ်ထိုးပြီးနောက် အစိုးရတပ် ဘက်က အကူအညီယူပြီး ပေါင်းတိုက်နေတာလို့ တဖက်က စွပ်စွဲထားတာ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။
ဖြေ ။ ။ အမြင်ကွဲလွဲမှုတွေ၊ အမြင်မှားမှုတွေ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့အဖွဲ့တွေ မြောက်ပိုင်းက နယ်မြေထဲပြန်သွားတာတောင်မှ တပ်မတော်က သိပ်လက်မခံချင်ပါဘူး။ မနေ့တနေ့က ကျနော်တို့ ဗိုလ်ချုပ် ရာပြည့် (အမှတ် ၂ စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး)နဲ့ တွေ့တယ်။ ဗိုလ်ချုပ် ရာပြည့်နဲ့တွေ့တော့ သူတို့တောင် ပြောနေပါသေးတယ်။ ကျနော်တို့ နယ်မြေထဲပြန်သွားတာကို သူတို့လည်း သိပ်လက်မခံချင်ပါဘူး။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ကိုယ်ပိုင်ရပ်တည်မှု ရှိပါတယ်။ ဟိုအဖွဲ့အစည်းနဲ့ပေါင်း၊ ဒီအဖွဲ့အစည်းနဲ့ပေါင်းလုပ်ပြီးတော့ တခြားတိုင်းရင်းသားအဖွဲ့တွေအကြားမှာ တိုက်ခိုက်မှုဆိုတာ ကျနော်တို့ လုံးဝ လက်ခံတဲ့ အချက် မဟုတ်ပါဘူး။ ကျနော်တို့ တပ်မတော်နဲ့လက်တွဲပြီး တိုက်တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။
မေး ။ ။ အောက်တိုဘာလမှာ လက်မှတ်ထိုးတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA)က တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင် ထိုးထားတာ မဟုတ်တဲ့အတွက် ပြီးပြည့်စုံတဲ့ စာချုပ်မဟုတ်ဘူးလို့ သုံးသပ်ကြတဲ့အပေါ် ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ ။ ။ အဲလိုသက်ရောက်လိမ့်မယ်တော့ မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ NCA ကို အားလုံးဝိုင်းပြီးတော့ ပူးတွဲရေးဆွဲခဲ့ကြ တာ ဖြစ်တယ်။ အချိန် ၂ နှစ်ကျော်အကြာ သုံးခဲ့ရပါတယ်။ အားလုံးဝိုင်းပြီးရေးဆွဲထားတဲ့ NCA ပါ။ အမှန်ဆို အတည်ပြု မူကြမ်းကို ကော်မတီတွေကလည်း လက်မှတ် ရေးထိုးခဲ့ကြပြီးသား ဖြစ်ပါတယ်။ လက်မှတ်မရေးထိုးခဲ့ကြသေးတာကလည်း NCA နဲ့ သက်ဆိုင် မယ် လို့တော့ မမြင်ဘူး။ လက်မှတ်မရေးထိုးနိုင်ကြသေးတဲ့ အဖွဲ့တွေကလည်း သူတို့အနေနဲ့ NCA ကို ကန့်ကွက်တယ်လို့ မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေးဆွဲခဲ့ကြတဲ့ အထဲမှာ သူတို့လည်း ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ NCA ကို လက်မခံဘူး ဆိုရင် သူတို့လက်နဲ့ရေးပြီး ခြေနဲ့ဖျက်တဲ့ သဘောမျိုး ဖြစ်သွားပါလိမ့်မယ်။
အမှန်ဆို NCA ကို သူတို့လက်မှတ် မရေးထိုးနိုင်သေးတဲ့ အချက်ကတော့ တချက်ပါပဲ။ All Inclusive မဖြစ်သေးလို့ သူတို့ လက်မှတ် မရေးထိုးသေးတာပဲ ဖြစ်ပါတယ်။ အစိုးရက TNLA တို့ ကိုးကန့်တို့လို အဖွဲ့အစည်းတွေကို အနေအထားတွေ ခွဲထားတာလည်း ရှိတယ်။ TNLA တို့ ဆိုလို့ရှိရင် ပြည်နယ်အဆင့်တို့ ပြည်ထောင်စုအဆင့်တို့ ဆွေးနွေးဖို့ လိုသေးတယ်ဆိုတဲ့ အချက်တွေကို သတ်မှတ် ထားတာတွေ သူတို့ ရှိတယ်။ ဒါပေမယ့် အခုအချိန်ထိလည်း သူတို့ မဆွေးနွေးဖြစ်ကြသေးဘူး။ အမှန်ဆို ဒီလိုမျိုး အချက် ၂ ချက် လေး နဲ့ အတားအဆီးကြီး ဖြစ်နေမယ်ဆိုတာမျိုးကတော့ ခိုင်မာတဲ့ အကြောင်းပြချက်တော့ မဟုတ်သေးဘူးပေါ့နော်။ ဒါတွေက အသေး အဖွဲလေးတွေပါ။ ဒါပေမယ့် နှစ်ဘက်ရဲ့နောက်ကွယ်မှာ နိုင်ငံရေးပိုင်းမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနိုင်တယ် ဆိုတာကတော့ ကျနော်တို့လည်း မသိနိုင်ပါဘူး။
မေး ။ ။ RCSS အနေနဲ့ကရော ၂ ဘက်နောက်ခံ အခြေအနေမတူကြတဲ့ အပေါ်မှာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အနေနဲ့ ဘာများ ကြားဝင် ဆောင်ရွက်ပေးနိုင်မလဲ။ ကြားဝင်ဆောင်ရွက်နေတာရော ရှိလား။
ဖြေ ။ ။ ကျနော်တို့အနေနဲ့ ကူညီနိုင်မယ့် အနေအထားမျိုး သိပ်ပြီးတော့ သက်ရောက်မှာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဓိက တာဝန်ကတော့ အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။
မေး ။ ။ NCA လက်မှတ်ထိုးသွားတဲ့အဖွဲ့တွေက အမျိုးသား အကျိုးစီးပွားထက် ကိုယ်ကျိုးစီးပွားကို ဦးတည်ပြီးတော့ လက်မှတ်ရေး ထိုး သွားကြတယ်လို့ ပြစ်တင်ဝေဖန်မှုတွေရှိတဲ့ အပေါ်မှာရော ဘာပြောချင်လဲ။
ဖြေ ။ ။ သူတို့ကတော့ သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးပေါ့နော်။ ဝေဖန်နိုင်ပါတယ်။ သုံးသပ်နိုင်ပါတယ်။ သူတို့ရဲ့ အမြင်သဘောထား ပြောကြတာပါပဲ။ အမှန်ဆို ကျနော်တို့ ရပ်တည်မှု အနေအထားကတော့ ကျနော်တို့ လူထုအပေါ် ကျနော်တို့ အမျိုးသားအပေါ်ကို မငဲ့ညှာဘူး။ ကျနော်တို့ အမျိုးသားတွေအတွက်ကို မလုပ်ဆောင်ပါဘူးဆိုရင် ကျနော်တို့ ထပ်ပြီး တိုက်ပွဲဝင်နေမှာပါ။ ဒီလက်မှတ် ရေး ထိုးမှာ မဟုတ်ပါဘူး။ အမှန်ဆို ကျနော်တို့ တိုက်ပွဲဆက်ဝင် သွားမယ်။ ထပ်တိုက်ကြမယ်ဆိုရင်လည်း နှစ်ပေါင်း ၅၀ ကျော် ၆၀ ကျနော်တို့ တိုက်ပွဲဝင်လာခဲ့ကြတာ။ အားလုံးပဲ ဒုက္ခရောက်ခဲ့ကြရပါတယ်။ ဘာပြဿနာမှ မဖြေရှင်းနိုင်ကြပါဘူး။ အခု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကတော့ ဆွေးနွေးဖို့အတွက် လမ်းစဖွင့်ပေးလိုက်ပါတယ်။ ဒါကြောင့်မိုလို့ နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ဟာက အဓိက အရေးအကြီးဆုံးပါပဲ။ အမှန်ဆိုရင်တော့ သမ္မတ ဦးသိန်းစိန်ကိုတောင် ကျေးဇူးတင်ကြရမှာ ဖြစ်ပါတယ်။
မေး ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA လက်အောက်ခံ တပ်မဟာ (၄)နဲ့ စစ်ရေးတင်းမာမှု တွေရှိနေတယ်လို့ သိရပါတယ်။ ဆိုတော့ အဲဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်လား။
ဖြေ ။ ။ အမှန်ဆိုရင်တော့ ၁၉၄၇ ပင်လုံ ကတိကဝတ်တွေကနေပြီးတော့ ရှမ်းပြည်က နယ်မြေ၊ ကချင်ပြည်နယ်ဆိုပြီးတော့ သတ်မှတ် ပေးထားတာ ရှိပါတယ်။ သူတို့အတွက် နယ်မြေက တိတိကျကျ ရှိနေပြီးသားဖြစ်နေပြီဆိုတော့ ဒါက အားလုံးနားလည်ကြမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့နဲ့ KIA တို့နဲ့တော့ ဘယ်လိုပြဿနာမှ မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့် အခုအချိန်မှာ ဆိုရင်တော့ KIA ဘက်က စစ်နေရာ ယူထားတာတွေ၊ နေရာချထားတာတွေ အများကြီး ပြီးတော့ ပြည်သူလူထုကလည်း သူတို့ရဲ့လူ့အခွင့် အရေး ချိုးဖောက်မှုတွေ၊ ကျနော်တို့ဆီ တိုင်ကြားစာတွေလည်း ရောက်နေတာ အများကြီး ရှိပါတယ်။
ဒါကြောင့်မိုလို့ ကျနော်တို့ကလည်း တောင်းဆိုချင်ပါတယ်။ ပြည်သူတွေကိုလည်း အားနာပေးပါ။ ရှမ်းပြည်ကိုလည်း အားနာပေးပါပေါ့။ သူတို့ အတွက် နယ်မြေလည်း အတိအကျ သတ်မှတ်ပေးထားပြီးသား ဖြစ်ပါတယ်။ အမှန်ဆိုရင်တော့ KIA တို့ကတော့ ရှမ်းပြည်နဲ့တော့ မသက်ဆိုင်ဘူး။ သူတို့ နယ်မြေက ပြဿနာကို သူတို့ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီလိုမျိုး စစ်ဘက်ပိုင်းမှာ နေရာယူ တာတွေများလာတယ်။ တင်းမာ လာတယ်ဆိုရင်တော့ မလွှဲ မရှောင်သာ ဖြစ်မှာပါပဲ။
မေး ။ ။ အခု UNFC ကိုယ်စားလှယ်တွေထဲမှာ တကယ် ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ မပါတော့ အောက်ခြေ က ဖြစ်နေတဲ့ ကိစ္စတွေအတွက် ဘယ်လို ဆက်လက်ဆောင်ရွက်မလဲ။
ဖြေ ။ ။ ဒီဆွေးနွေးပွဲက ကျနော်တို့ RCSS နဲ့ TNLA ကြားမှာဖြစ်တဲ့ ပြဿနာတွေနဲ့ KIA တပ်မဟာ(၄)ဘက်က ပြဿနာတွေ အဓိက ဖြေရှင်းဖို့လာတဲ့ တွေ့ဆုံဆွေးနွေးပွဲ မဟုတ်ဘူး။ UNFC နဲ့ ကျနော်တို့ RCSS ကြားမှာ နိုင်ငံရေး အခင်းအကျင်းတွေမှာ ဘယ် လို ပူးပေါင်းဆောင်ရွက်သွားနိုင်မလဲ။ ဘယ်လို ဖြေရှင်းသွားနိုင်မလဲ။ အရင်က အနေအထားတွေနဲ့ ရှေ့ဆက်မယ့် အနေအထားတွေအတွက် အမြင်ချင်းဖလှယ်တာပဲ ဖြစ်ပါတယ်။ TNLA နဲ့ ကျနော်တို့ ပဋိပက္ခကြားထဲမှာကတော့ ကျနော်တို့ ထပ်ပြီး ဆွေးနွေးရမှာ ဖြစ် ပါတယ်။ ဒီနေ့ကတော့ ကျနော်တို့ အမြင်သဘောထား ရပ်တည်ချက်နဲ့ သတင်း စကားပါးလိုက်တာပဲ ရှိပါတယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရသွားတဲ့အပေါ်မှာ ဘယ်လိုသဘောထားရှိလဲ။ ငြိမ်းချမ်းရေးကိစ္စ အစိုးရသစ် အပေါ်မှာရော ဘယ်လိုမျှော်လင့်ထားလဲ။
ဖြေ ။ ။ NLD ရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုအပေါ် ကျနော်တို့ ဂုဏ်ယူပါတယ်။ ဝမ်းမြောက်ပါတယ်။ ရန်ကုန်ပထမဆုံး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက်တွေကိုလည်း ကျနော်တို့ မမေ့သေးပါဘူး။ ကျနော်တို့ကလည်း မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံ အပြောင်းအလဲ လုပ်ငန်းတွေမှာ ပြည်သူတွေ မျှော်လင့်ထားသလို ဆောင်ရွက်သွားနိုင်ပါစေ လို့ ကျနော်တို့လည်း ဆုတောင်းတယ်။ မျှော်လည်း မျှော်လင့်ထားပါတယ်။ ကျနော်တို့လည်း အတူတကွ လက်တွဲ ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ဖြစ်ပါတယ်။ သူတို့ အစိုးရ ဖွဲ့နိုင်ပြီ။ သူတို့အစိုးရဖြစ်လာတဲ့ အခြေအနေမှာတော့ ကျနော်တို့ ထပ်မံတွေ့ဆုံနိုင်ကြမလားဆိုတာကိုတော့ ထပ်ပြီး စောင့်ကြည့်ရမယ့် အချက် ဖြစ် ပါတယ်။
မေး ။ ။ ခုနပြောတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တုန်းက ပြောဆိုဆွေးနွေးချက်တွေကို မမေ့သေးဘူးလို့ ဆိုတယ်။ အဲဒါက ဘာတွေ ပြောဆိုဆွေးနွေးခဲ့တာလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ ကျနော်တို့ ပထမဆုံး တွေ့ဆုံတာကတော့ ကျနော်တို့ ရင်းနှီးမှု တည်ဆောက်တာပေါ့။ သဘောတူညီမှုတော့ မရှိပါဘူး။ ကျနော်တို့ အပြန်အလှန် ဆွေးနွေးကြတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတာကတော့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် ဖို့ လိုတယ်။ ဖက်ဒရယ်ဆိုတဲ့ဟာက ခွဲထွက်ရေးကို ကာကွယ်ပေးတဲ့ အချက်ပဲဖြစ်တယ်။ ဒီအပေါ်မှာ ကျနော်တို့လည်း လက်ခံပါတယ်။ နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ အထဲမှာကတော့ တိုင်းပြည် အပြောင်းအလဲပေါ့။ နိုင်ငံရေးမှာ ပြောင်းလဲမယ်ဆိုတာ အဓိကအကျဆုံးကတော့ အာဏာရှိနေတဲ့သူတွေအပေါ်မှာပဲ မူတည်ပါတယ်။ ဒီနိုင်ငံမှာ အာဏာရှိနေတဲ့သူတွေက ပြောင်းလဲချင်တယ်ဆိုရင် ကျနော်တို့နိုင်ငံကြီး ပြောင်းလဲလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခု အာဏာရရှိလာပြီဆိုရင် နိုင်ငံ ရေးကို ဒီတိုင်းပြည်အပြောင်းအလဲမှာ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ကျနော်တို့လည်း ထပ်စောင့်ကြည့်ဖို့ လိုပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။
မေး ။ ။ အစိုးရသစ်လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို သေချာလုပ်ဆောင်မယ်လို့ ဆိုပါတယ်။ လက်တွေ့မှာ တကယ် အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ငြိမ်းချမ်းရေးဖော်ဆောင်မှုအပေါ် မျှော်လင့်ချက်၊ မျှော်မှန်းချက် ရှိတယ်။ ဒါပေမယ့် အချိန်တွေအများကြီး ထပ်သုံးဖို့တော့ လိုပါတယ်။ ထပ်ပြီးတော့ ဆွေးနွေးဖို့လည်း အများကြီးလိုအပ်ပါတယ်။
မေး ။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါမှာ နယ်မြေသတ်မှတ်ရေးက အရေးပါတဲ့ အဓိက အကြောင်းအရာတခု ဖြစ်ပါတယ်။ ဒီတော့ ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်တွေကြားမှာ နယ်မြေသတ်မှတ်ဖို့ လုပ်ကြတဲ့အခါ အငြင်းပွားမှုတွေ တိုက်ပွဲတွေ ဖြစ်မလာအောင် ဘယ်လို နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားတာ ရှိလဲ။
ဖြေ ။ ။ အဓိက ကျတဲ့အချက်ကတော့ ၃ ချက် ရှိပါတယ်။ အဖွဲ့အစည်းတွေအားလုံးရှိတဲ့ နယ်မြေတိုင်းမှာ ဆက်ဆံရေးရုံးတွေ ရှိရမှာ ဖြစ်ပါတယ်။ ဒီဆက်ဆံရေး ရုံးတွေကနေ အပြန်အလှန် ညှိနှိုင်း ဆက်ဆံရမှာပါ။ အဖွဲ့အစည်းတဖွဲ့နဲ့ တဖွဲ့ကြားထဲမှာလည်း ကိုယ့်ရဲ့အနေအထားတိုင်းမှာပဲနေပြီး သွားပြီးတော့ ရန်ရှာတာတို့ တိုက်တာတို့ မလုပ်ဖို့ပေါ့နော်။ အကယ်၍ အောက်ခြေက ပြဿနာတွေ ဖြစ် လာတယ်ဆိုရင်လည်း ကျနော်တို့ ဆက်ဆံရေးရုံးတွေကနေ အမြန်ဆုံးဖြေရှင်း၊ တဖက်ကလည်း ပူးတွဲစောင့်ကြည့်ရေးနဲ့ ထိန်း သိမ်း သွားဖို့ ဒီအချက်တွေ ဖြစ်ပါတယ်။ အစိုးရရော သူတို့ရော ပြောထားတဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး DDR၊ SSR ဆိုတဲ့ အချက်တွေဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ထပ်ပြီးဆွေးနွေးရမယ့် အချက်တွေ ဖြစ်ပါတယ်။ အခုလက်ရှိ အခြေအနေမှာ လုပ်ဆောင်နိုင်သေးတဲ့ အချက်တွေ မဟုတ်ပါဘူး။
တိုင်းပြည်တခုမှာ တပ်မတော်တခုပဲ ရှိရမယ် ဆိုတာကို အားလုံးနားလည်ကြပါတယ်။ အဓိက ကျတာကတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒီတပ်မတော် အခန်းကဏ္ဍတွေမှာ မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံး ပြည်သူတွေအားလုံး အတူ တကွ ပေါင်းစည်းနေထိုင်နိုင်အောင် ဘယ်လို ရေးဆွဲကြမလဲ။ ဘယ်လိုထားရှိကြမလဲဆိုတာ အဓိက အချက်ဖြစ်ပါတယ်။ အမှန်ဆို တပ်တွေ ပြောင်းလဲတဲ့နေရာမှာ တိုင်းရင်းသားတပ်တွေပဲ ပြုပြင်ပြောင်းလဲရမှာ မဟုတ်ပါဘူး။ တပ်မတော်ကိုယ်တိုင်ကလည်း ပြုပြင် ပြောင်းလဲရမှာဖြစ်ပါတယ်။ လက်မှတ်ရေးထိုးတာကလည်း နှစ်ဘက် သဘောထား ဖြစ်တဲ့ဟာ အတွက်ကြောင့်မိုလို့ ပြုပြင်ပြောင်းလဲ တဲ့ နေရာမှာလည်း နှစ်ဘက်ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။
မေး ။ ။ အနာဂတ်မှာ RCSS ရဲ့ အခန်းကဏ္ဍကရော ဘယ်လိုဖြစ်လာမလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ အဓိကတချက်တော့ မျှော်လင့်ချက်ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ် ပြည်ထောင် စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် အရင်ဆုံး မျှော်မှန်းထားပါတယ်။ ဒီဟာကို ကျနော်တို့ အကောင် အထည် ဖော်နိုင်ကြမယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ ပဋိပက္ခတွေရော၊ ပြဿနာတွေရော တဖြည်းဖြည်းနဲ့ သူ့ဟာသူ ဖြေရှင်းနိုင်သွားမယ်။ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမယ်။ လက်နက်ကိုင် ပြဿနာတွေကလည်း တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမယ်။
မေး ။ ။ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ဆောင်တဲ့နေရာမှာ တပ်မတော်က အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ လက်ရှိ အစိုးရနဲ့ လုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်မှုမှာ တပ်မတော်ကရော မျှော်လင့်သလောက် လိုက်ပါ ဆောင်ရွက် နေပြီလို့ ပြောလို့ရပြီလား။
ဖြေ ။ ။ ကျနော်တို့ အရင်အစိုးရနဲ့ တပ်မတော်နဲ့ ဆွေးနွေးခဲ့တဲ့ အခန်းကဏ္ဍတွေမှာ တပ်ပိုင်းဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ တွေနဲ့ပဲ ဆွေးနွေးခဲ့ရပါသေးတယ်။ နိုင်ငံရေးပိုင်းနဲ့တော့ မဆွေးနွေးရသေးဘူးပေါ့။ ဒါပေမယ့် ဒီအပစ်အခတ် ရပ်စဲရေးတို့ ဒီအပိုင်းမှာဆွေးနွေးတာတောင်မှ တပ်မတော်အနေနဲ့ သဘောထားကတော့ တင်းနေဆဲပဲ။ တိုင်းရင်းသားတွေအပေါ်မှာ ငဲ့ညှာတာတွေဘာတွေ မရှိသေးပါဘူး။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေကလည်း တပ်မတော်ပေါ်မှာပဲ အဓိက ကျတာပေါ့။ ဘာကြောင့်လဲဆိုတော့ တပ်မတော် ကပဲ သွားတိုက်နေတာပါ။ ဘယ်သူမှ တပ်မတော်ကို သွားတိုက်တာ မရှိပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအနေနဲ့ကတော့ သူတို့ကတော့ အခုအချိန်မှာဆိုရင် ပြန်ပြီးတော့ ခုခံကာကွယ်တဲ့ အနေအထားမှာပဲ ရှိပါတယ်။ ပြန်ပြီးတော့ ချီတက်ပြီးတော့ တိုက်တယ်ဆိုတာ မရှိသေးပါဘူး။
မေး ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း များတယ်။ အစိုးရတပ်ကလည်း ရှိနေတယ်။ RCSS နဲ့ တခြား အဖွဲ့တွေကလည်း အခုလိုမျိုး နယ်မြေအငြင်းပွားမှုတွေကလည်း ရှိနေတယ်ဆိုတော့ ဒါတွေကနေပြီး အဲဒီမှာရှိတဲ့ KIA၊ TNLA၊ ကိုးကန်တို့အပါအဝင် မဟာမိတ်တပ်ဖွဲ့ ၅ ဖွဲ့နဲ့ RCSS ကြားမှာ မီးခိုးကြွက်လျှောက် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီး စိုးရိမ် မှုတွေ ရှိနေကြတယ်။ တကယ်ပဲ အဲဒီလို ပဋိပက္ခတွေ တိုက်ပွဲတွေ ဖြစ်လာနိုင်မလား။
ဖြေ ။ ။ ကျနော်တို့ အခုအချိန်အထိ TNLA တပ်ဖွဲ့ကို ရန်သူအနေနဲ့ သဘောထားတာ မရှိပါဘူး။ ကိုးကန့်နဲ့လည်း တခါမှလည်း ပြဿနာ တွေ၊ တိုက်ပွဲတွေ မရှိခဲ့ပါဘူး။ ကိုးကန့်ဆိုရင်လည်း အပြန်အလှန် ကူညီခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဟိုးအရင်က လော် စစ်ဟန် တို့ ဘာတို့ ခေတ်ကတည်းက။ ကျနော်တို့ TNLA ဖြစ်တဲ့ တိုက်ပွဲတွေက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ KIA တပ်မဟာ ၄ ဘက်မှာလည်း အခုအချိန်အထိ ဘာပြဿနာမှ မရှိပါဘူး။ ရှေ့ဆက်လည်း ဘာပြဿနာမှ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မထင်ပါဘူး။ ယုံကြည်ထားတာကတော့ တိုင်းရင်းသားတွေက အရင်ကလို သူများရဲ့ လှည့်ကွက်ထဲမကျတော့ဘူးလို့ ယုံကြည်ပါတယ်။ မအ တော့ဘူး။
မေး ။ ။ နောက်တက်လာမယ့် NLD အစိုးရလက်ထက်မှာရော ငြိမ်းချမ်းရေးက ဆက်ပြီး လုပ်ဆောင်ရမှာဆိုတော့ လက်ရှိအစိုးရ လက်ထက်မှာထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ မျှော်လင့်လား။ ဘယ်လိုစိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ရဦးမယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ အခုအချိန်အထိ အာဏာလွှဲပြောင်းမှု အစိုးရအသစ် ဖွဲ့စည်းလာပြီဆိုတာ မရှိသေးတော့ ကျနော်လည်း ပြောလို့ မရသေးပါဘူး။ အခုအချိန် အထိတော့ အစိုးရအသစ်ဆိုတာက ဖွဲ့စည်းပုံတောင် မတွေ့သေးဘူးဆိုတော့ ကျနော်တို့လည်းပြောလို့ မရသေးပါဘူး။ အစိုးရအသစ် ပုံပေါ်လာပြီဆိုရင်တော့ ကျနော်တို့ ထပ်ပြီးတော့ အင်တာဗျူး လုပ်ကြရတာပေါ့။ ကျနော်တို့ မျှော်လင့်ထားတာ ကတော့ အရင်က ဆွေးနွေးတာတွေထက် ပိုကောင်းမယ်လို့ မျှော်လင့် ထားပါတယ်။
မေး ။ ။ NLD အစိုးရသစ် လက်ထက်မှာ “ဝ” က “ဝ” ပြည်နယ်ရရေး ဆက်လက် တောင်းဆိုမယ်လို့ မကြာသေးခင်က ပြည်တွင်း မီဒီယာတခုမှာ ပြောဖူးတယ်။ ရှမ်းပြည်နယ်က အဖွဲ့ကြီးတဖွဲ့အနေနဲ့ လက်ခံနိုင်သလား။
ဖြေ ။ ။ ပြည်နယ်အသစ်အတွက် ထပ်ပြီးတော့ တောင်းဆိုမယ်ဆိုတဲ့နေရာမှာတော့ အစိုးရအပေါ်မှာ မူတည်ပါလိမ့်မယ်။ သူတို့က အစိုးရဆီမှာ တောင်းမယ် ဆိုတော့။ တောင်းဆိုတဲ့သူက သူ့မှာ တောင်းဆိုတယ်ဆိုတဲ့ အခွင့်အရေးတော့ ရှိတာပေါ့။ ဒါပေမယ့် ပြည်သူတွေက ဘယ်လိုသဘောထား ရှိမလဲ။ အစိုးရအသစ်ကရော ဘယ်လိုသဘောထားရှိမလဲ ဆိုတာကတော့ အဲဒီအပေါ်မှာ မူတည်ပါဦးမယ်။
မေး ။ ။ “ဝ” နဲ့ RCSS တို့အကြားက နောက်ဆုံး ဆက်ဆံရေး အခြေအနေသိပါရစေ။
ဖြေ ။ ။ အရင်တုန်းကထက်စာရင်တော့ အများကြီး ကောင်းပါတယ်။ ကျနော်တို့ အပြန်အလှန် ညီရင်းအစ်ကိုလို ဆက်ဆံတာတွေလည်း ရှိလာပါတယ်။ ကျနော်တို့ ရှမ်းနဲ့ “ဝ” တွေကြားမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ နောက်ဆုံးတော့လည်း ကျနော်တို့ ရှမ်းပြည်သား တွေပါပဲ။ အားလုံး ဒုက္ခရောက်တာ။ နှစ်ဘက် တိုက်ပွဲတွေကြောင့် “ဝ” တပ်သားတွေလည်း ဒုက္ခိတ ဖြစ်ကြတာ ရှိတယ်။ ကျနော်တို့ ရှမ်းတပ်ဘက်မှာလည်း ဒုက္ခိတတွေ ရှိတယ်။ အခုတော့ အားလုံးလည်း သင်ခန်းစာရကြလောက်ပါပြီ။
အရင်တုန်းကတော့ ကျနော်တို့ အခြားအဖွဲ့အစည်းတို့ အခြားလူတွေရဲ့ နိုင်ငံရေး ကစားကွက်မှာ ကျနော်တို့ တိုင်းရင်းသားတွေ အချင်းချင်း အကြား ပြန်လည် တိုက်ခိုက်ခဲ့ကြတယ်။ အခုကတော့ တခြားလူတွေရဲ့ လက်ကိုင်တုတ်အဖြစ်မခံကြတော့ဘူး လို့ ကျနော်တို့လည်း ယုံကြည်ပါတယ်။ ကျနော်တို့ “ဝ” နဲ့ ကျနော်တို့ ရှမ်းတွေကြားမှာရော RCSS ကြားမှာပါ ဆက်ဆံရေးက ပိုမိုပြီးတော့ ကောင်းမွန်လာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး ။ ။ RCSS က ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ တခြားလူမျိုးစု တပ်ပေါင်းစုတွေလည်း အများကြီး ရှိတယ်။ အဲဒီအများကြီးရှိတဲ့ လူမျိုးစု တပ်ပေါင်းစုတွေက မဟာမိတ်ဖွဲ့ထားတာ ရှိတယ်။ RCSS က ဘယ်မှာမှ မပါတာက ဒီလူမျိုးစုတပ်တွေအပေါ်မှာ အသိအမှတ် မပြုလိုဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ ဒီတပ်ပေါင်းစုတွေကြားထဲမှာ ကျနော်တို့ မပါဝင်နိုင်တဲ့ အနေအထားက မပါဝင်တာက ပြဿနာ မရှိဘူး။ ပါဝင်တာက ပြဿနာ ပိုရှုပ်မှာစိုးလို့ပါ။ ဥပမာတခုကတော့ UNFC လိုပေါ့။ တချို့လည်း လက်မှတ်ထိုးတဲ့အထဲမှာ ပါတယ်။ တချို့လည်း လက်မှတ် မထိုးဘူး။ ကျနော်တို့အနေနဲ့ကတော့ ဘယ်အဖွဲ့ထဲမှာမှ မပါဘူး။ ကျနော်တို့ လက်မှတ်ရေးထိုးမယ်၊ မရေးထိုးဘူး ဆိုတာလည်း ကိုယ် ပိုင် ရပ်တည်ချက်နဲ့ပဲ ဆုံးဖြတ်တယ်။ ဒါလည်း ဒီမိုကရေစီ နည်းလမ်းတခုပါပဲ။ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတွေကြားထဲမှာလည်း ကျနော်တို့ အပြန်အလှန် ဆွေးနွေးလို့ရပါတယ်။
မေး ။ ။ မြောက်ပိုင်းမှာဖြစ်နေတဲ့ အခြေအနေတွေဟာ နယ်မြေချဲ့ထွင်တယ်လို့ ပြောဆိုမှုတွေရှိသလို ကချင်ပြည်နယ်နဲ့ ရှမ်းပြည် နယ် အစပ်မှာရှိတဲ့ ရှမ်းနီ တပ်မတော်နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီးတော့မှ ဝေဖန်ပြောဆိုမှုတွေ ရှိနေတယ်။ ဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးလို့ရမလား။
ဖြေ ။ ။ ဒါကတော့ ထင်မြင်မှုတွေပါ။ မဟုတ်ပါဘူး။
မေး ။ ။ ဒါပေမယ့် ရှမ်းနီတပ်မတော်ကို RCSS က ထောက်ပံ့မှုတွေ ရှိနေတယ်လို့ သတင်းထွက်နေတယ်။ ဒါနဲ့ ဘယ်လို ပတ်သက်မှု ရှိလဲ။
ဖြေ ။ ။ ကျနော်တို့ သိတာက ရှမ်းနီတပ်မတော်ဆိုတာ ဗိုလ်သံချောင်း(ခွန်ကျော်) ထိန်းသိမ်းခံရစဉ်ကတည်းက မရှိတော့ဘူး။ ခုန မေးခွန်း အရပေါ့။ အကယ်၍ ရှမ်းနီတပ် တကယ်ဖွဲ့စည်းလာခဲ့ပြီဆိုရင်လည်း ဖွဲ့စည်းသင့်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရှမ်းနီတွေအနေနဲ့ သူတို့မှာလည်း သူ့ဘုရင်၊ သူ့ထီး၊ သူ့နန်းနဲ့နေခဲ့တဲ့ အမျိုးတွေဖြစ်တယ်။ သူ့လူမျိုးနဲ့သူ ရှိတယ်။ ဒါကြောင့်မိုလို့ သူတို့ လူမျိုးကို ကာကွယ်ဖို့အတွက် သူတို့တပ် ရှိသင့်တယ်။ တကယ်လို့ ဖွဲ့လာခဲ့ပြီ ဆိုရင်လည်း ရှမ်းနီတပ်ဆိုတာ ရှိသင့်ပါတယ်။ ဒါပေမယ့် အခု အချိန်အထိတော့ ကျနော်တို့ အဆက်အသွယ် မရှိသေးပါဘူး။
မေး ။ ။ ၂၀၁၃ တုန်းက ဥက္ကဋ္ဌက ဧရာဝတီနဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။ ဘိန်းတိုက်ဖျက်ရေးကို အစိုးရကသာ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ရှမ်းပြည်နယ်အတွင်းမှာ RCSS အနေနဲ့ ၆ နှစ်အတွင်း ဘိန်းကင်းစင်ရေး လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ အဲဒီ အစီအစဉ်အရ ဘိန်းတိုက်ဖျက်ရေး ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ။ ဘယ်လို အဟန့်အတားတွေ ရှိနေလဲ။
ဖြေ ။ ။ ကျနော်တို့ အစိုးရရဲ့ လက်တွဲပူးပေါင်းမှု မရဘူး။ အကယ်၍ အစိုးရက ကျနော်တို့နဲ့ လက်တွဲပူးပေါင်းပြီးတော့ လုပ်ဆောင်နိုင် ခဲ့မယ်ဆိုရင် ၆ နှစ်အတွင်း လုပ်ဆောင်နိုင်ပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့အတွက် သဘောတူညီမှုတွေ ရရှိခဲ့ကြတယ်။ လက်မှတ် ရေးထိုးခဲ့ကြတယ်။ လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာကြတော့ မလုပ်ပြန်ဘူး။ ကျနော်တို့လည်း မလုပ်ဆောင်နိုင်ခဲ့ဘူးပေါ့။ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့နေရာ Plan ချတဲ့နေရာမှာ လုံခြုံရေးအနေနဲ့ တပ်သားတွေမှာ တပ်မတော်ကတော့ လက်နက်ကိုင်ဖို့ ကျနော်တို့တပ်ဘက်ကြတော့ လက်နက်မကိုင်ဖို့ နယ်မြေထဲမှာ လက်နက်ကိုင်ဆောင်မှုနဲ့ပဲ ပြဿနာတွေ ရှုပ်နေခဲ့ပါတယ်။
မေး ။ ။ ဘိန်းကင်းစင်ရေး လုပ်ဆောင်တဲ့နေရာမှာ အဟန့်အတားက အစိုးရရဲ့ အဟန့်အတားလား၊ တပ်မတော်ရဲ့ အဟန့် အတား လား။ ဘယ်လိုဟာ မျိုးလဲ။
ဖြေ ။ ။ အစိုးရနဲ့ ကျနော်တို့ ဆွေးနွေးတာကတော့ အားလုံးတော့ အဆင်ပြေချောမွေ့ပါတယ်။ လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာ ဒေသ အခြေစိုက်နေတဲ့ တပ်မတော်ဘက်ကပါပဲ။
မေး ။ ။ မှတ်တမ်းတွေအရ ဘိန်းစိုက်ပျိုးမှုဟာ ရှမ်းပြည်နယ်က အများဆုံးလို့ သိရပါတယ်။ လက်ရှိမှာရော ရှိနေတဲ့ ကိန်းဂဏန်း တွေအရ လျော့ကျ သွားသလား။ တိုးလာတာရှိလား။
ဖြေ ။ ။ လျော့ကျသွားတာ မရှိပါဘူး။ တချို့နေရာတွေ မစိုက်ပျိုးခဲ့ဘူးတဲ့ နေရာတွေမှာတောင်မှ စိုက်ပျိုးလာပါပြီ။ ။