နိုင်ငံပိုင်သတင်းစာတွေကနေ အများပြည်သူသိရှိလေ့လာအကြံပြုနိုင်ရန်ဆိုပြီး ဥပဒေကြမ်းတစ်ခုကို ယနေ့ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းမှာ အခန်း ၅ ခန်းနဲ့ ပုဒ်မ ၁၄ ခုပါဝင်တာကို တွေ့ရပါတယ်။ လောလောဆယ်တော့ ဥပဒေအကြမ်းဖြစ်နေသေးပေးမယ့် မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုတော့မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းကို လေ့လာကြည့်တဲ့အခါ အပိုင်းနှစ်ပိုင်း တွေ့ရမှာဖြစ်ပါတယ်။ တပိုင်းကတော့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူဟာ အငြိမ်းစားယူပြီးရင် လက်နက်ကိုင် အစောင့်အရှောက်နဲ့ ဆက်လက် လုံခြုံရေးရှိနေမှာဖြစ်ပြီး နောက်တစ်ပိုင်းကတော့ အငြိမ်းစားယူလိုက်တဲ့အခါ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွင်း ဆောင်ရွက်ချက်တွေကို အကြောင်းပြုပြီး တရားစွဲဆိုခံရခြင်း၊ အရေးယူခံရခြင်းတွေ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။
ဥပဒေမူကြမ်းမှာ ဥပဒေရဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ အသက်အန္တရာယ်နဲ့ ကိုယ်ကာယကိုထိခိုက်ခြင်းကနေ ကြိုတင်ကာကွယ်ရေး ဒါမှမဟုတ် ကာကွယ်နိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ရန်၊ မိသားစုနဲ့အတူ လုံခြုံစွာ၊ စိတ်အေးသက်သာစွာ နေထိုင်နိုင်စေရန်၊ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဥပဒေနဲ့အညီ ဆုံးဖြတ်ခဲ့မှုတွေနဲ့ စပ်လျဉ်းပြီး အနှောက်အယှက်ပေးခြင်း အန္တရာယ်ပြုခြင်းတို့ကနေ ကာကွယ်ရန်လို့ ဖော်ပြထားပါတယ်။
အငြိမ်းစားယူမယ့် နိုင်ငံတော်သမ္မတဟာ လုံခြုံရေး အကာအကွယ်ပေးခြင်းကို သမ္မတရာထူးကုန်ဆုံးသည့်နေ့ကနေ စတင်ပြီး ရာသက်ပန် ခံစားခွင့်ရှိတယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ လုံခြုံရေးအတွက် ကိုယ်ရံတော်ခေါင်းဆောင်တဦးနဲ့ ကိုယ်ရံတော်အဖွဲ့ ခန့်ထားဖွဲ့စည်းခွင့်ရမှာဖြစ်ပါတယ်။ ကိုယ်ရံတော်တွေဟာ ကာကွယ်ရေးဝန်ကြီးဌာန ဒါမှမဟုတ် ပြည်ထဲရေးဝန်ကြီးဌာနက တဦးဦးဖြစ်ပါတယ်။ ကိုယ်ရံတော်အဖွဲ့ဟာ သင့်လျော်တဲ့ လက်နက်ပစ္စည်း ကိုင်ဆောင်ခွင့်ရမှာဖြစ်ပါတယ်။ ကိုယ်ရံတော်ရဲ့ လစာ၊ စရိတ်တွေကို သက်ဆိုင်ရာဝန်ကြီးဌာန( နိုင်ငံတော်)ကနေ ကျခံပေးရမှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူကို လုံခြုံရေးအရ အကာအကွယ်ပေးခြင်းက ကမ္ဘာအချို့မှာလည်း ဥပဒေတွေပြဌာန်းပြီး လုပ်ဆောင်ပေးနေတာတွေ ရှိပါတယ်။ ဥပမာအနေနဲ့ အမေရိကန်သမ္မတတွေဟာ အငြိမ်းစားယူပြီးရင် ပင်စင်လစာ၊ ရုံးဝန်းထမ်းနဲ့ အသုံးစရိတ်၊ ကျန်းမာရေးစောင့်ရှောက်ခံရမှုနဲ့ အာမခံ၊ လုံခြုံရေးအဖွဲ့ စတာတွေကို ခံစားခွင့်ရပါတယ်။ လုံခြုံရေးအစောင့်အရှောက်ကို သမ္မတ အိုဘားမား မတိုင်ခင်ထိ ၁၀ နှစ်သက်တမ်း ရရှိခံစားခွင့်ရခဲ့ပေမယ့် အိုဘားမားလက်ထက် ၂၀၁၃ ခု ဇန်နဝါရီလ ၁၀ ရက်က ပြင်ဆင် အတည်ပြုလိုက်တဲ့ ဥပဒေသစ်အရ ရာသက်ပန် လုံခြုံရေးအစောင့်အရှောက်ရရှိလာပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးအရအကာအကွယ်ပေးခြင်းဥပဒေကို ပြဌာန်းအသုံးပြုတာဟာ သင့်လျော်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြခံဥပဒေအရ နိုင်ငံအထွဋ်အထိပ်အဖြစ် တာဝန်ယူခဲ့သူကို တာဝန်ပြီးဆုံးအောင်တာဝန်ယူပြီးပါက သင့်လျော်ထိုက်တန်တဲ့ အစောင့်အရှောက်ခံစားမှုမျိုး ချီးမြင့်ပေးရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေရာမှာ တခုသတိထားရမှာက နိုင်ငံတော်သမ္မတကိုယ်ရံတော်အဖွဲ့ရဲ့ လက်နက်ကိုင်မှု အခြေအနေဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲဟောင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က အာဏာသိမ်းမှုမှာ ပါဝင်ဖို့ ဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ အာဏာရှိခဲ့ဖူးသူက လက်နက်ကိုင်အစောင့်အရှောက်နဲ့ လုံခြုံရေး ခံစားခွင့်ပေးတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို အလေးထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြဌာန်းမယ့် ဥပဒေထဲမှာ ဘယ်လို အခြေနေမျိုးဖြစ်ပွားလာခဲ့ရင် ဘယ်လိုတုန့်ပြန်ရမယ်ဆိုတဲ့ အချက်တွေကို ထည့်သွင်းရေးဆွဲသင့်ပါတယ်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်း အခန်း ၄ ကလည်း အရေးကြီးပါတယ်။ အခန်း ၄ ဖော်ပြချက်အရ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူဟာ နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့တဲ့ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်တွေကို အကြောင်းပြုပြီး တရားစွဲဆိုတာ၊ အရေးယူတာတွေ မခံရဖို့ ပြဌာန်းထားတာဖြစ်ပါတယ်။
ဥပဒေကြမ်း ဆိုလိုရင်းက သမ္မတ ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် တာဝန်အရ ဆောင်ရွက်ခဲ့တယ်ဆိုရင်၊ အကြောင်းပြချက်ပေးရင် သမ္မတ အပြစ်မဟုတ်တော့ပါဘူး။ အပြစ်မဟုတ်တဲ့အတွက် အရေးယူခြင်းမခံရတဲ့အပြင် တစုံတစ်ဦး ဒါမှမဟုတ် အဖွဲ့စည်းတစ်ခုခုက အနှောက်အယှက် ပေးလာရင်၊ အန္တရာယ်ပေးလာရင်တောင် ဥပဒေက အကာကွယ်ပေးထားပါတယ်။
ပြည်သူတွေ အသက်အိုးအိမ်နဲ့ အခွင့်အရေးဆုံးရှုံးခဲ့ရပြီး နစ်နာနေခဲ့ရင်တောင် နိုင်ငံတော်သမ္မတက တာဝန်အရ ဆောင်ရွက်ခဲ့တယ်လို့ဆိုရင် အငြိမ်းစားကာလမှာ သမ္မတက အေးအေးဆေးဆေး နေနိုင်ခွင့်ရနေဦးမှာပါ။ နစ်နာသူ ပြည်သူတွေကတော့ ခံပေဦးတော့လို့ ဆိုရမလို ဖြစ်နေပါတယ်။ သမ္မတဟာ တာဝန်ယူခဲ့ရပေမယ့် အဲ့ဒီတာဝန်ယူမှုရဲ့ အကျိုးဆက်ကြောင့်ရှိလာနိုင်မယ့် အကျိုးအပြစ် အကောင်းအဆိုးကို တာဝန်ခံမှု မရှိသလို ဖြစ်နေပါတယ်။
တကယ်တော့လည်း ဒီအခန်း ၄ ပါ ပုဒ်မကလည်း သိပ်အထူးဆန်းတော့မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၄ ကူးပြောင်းရေးကာလပြဌာန်းချက်များ ခေါင်းစဉ်ပါ ပုဒ်မ ၄၄၅ မှာလည်း “ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့၊ သိုမဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ” ပြဌာန်းထားခဲ့ပါသေးတယ်။
အဲ့ဒီပြဌာန်းချက်ကြောင့် အရင်စစ်အစိုးရလက်ထက် ပြည်သူတွေ အဖိနှိပ်ခံခဲ့ရမှုတွေ၊ အခွင့်အရေးခေါင်းပုံဖြတ်ခံခဲ့ရမှုတွေ၊ အကျင့်ပျက်ခြစားခဲ့မှုတွေ၊ ဥပဒေချိုးဖောက်ခဲ့တာတွေဟာ အဟောသိကံဖြစ်ကာ ပြီးခဲ့တာတွေကို ပြီးစေတော့ အေးစေတာ့ ဖြစ်ခဲ့ရပါတယ်။
အချုပ်ဆိုရရင် ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းပါ ပြဌာန်းချက်တွေအရ မြန်မာနိုင်ငံမှာ ပြည်သူတွေက နိုင်ငံတော်သမ္မတအဖြစ်တာဝန်ယူခဲ့သူကို ဥပဒေအရ ဆက်လက်ချီးမြှောက်တာ၊ အကာကွယ်ပေးထားတာကို တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေအရ ပေးထားတဲ့ ခံ့စားခွင့်ကို ရယူမယ့် အငြိမ်းစားသမ္မတတွေဟာ မိမိသမ္မတအဖြစ်တာဝန်ယူနေစဉ်မှာ မိမိဟာ ဥပဒေအရပေးအပ်တဲ့ခံ့စားခွင့်ကို ထိုက်တန်ကြောင်း ပြသဖို့ လိုအပ်ပါတယ်။ မထိုက်တန်သူကို အခွင့်အရေးဆက်ပေးနေမှာ၊ အဲ့ဒီမထိုက်တန်သူက အခွင့်အရေး ဆက်ခံ့စားခွင့်ရနေမှာတွေဟာ တရားမျှတမှု မရှိတာ အသေအချာပါပဲ။
ဒါကြောင့် သမ္မတသက်တမ်းအတွင်း တာဝန်အရ ပြည်သူကို ကာကွယ်ဖို့၊ အုပ်ချုပ်ဖို့၊ ပြည်သူကို မျက်နှာမူဖို့၊ ပြည်သူ့အကျိုးစီးပွားကို မူတည်တဲ့ စီမံကိန်းတွေဖော်ဆောင်ဖို့၊ တရားမျှတတဲ့ ဥပဒေတွေ ဖော်ဆောင်ပြဌာန်းပေးခဲ့နိုင်ဖို့ လိုအပ်လှပါတယ်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)