ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည် ရည်ရွယ်မျှော်မှန်းထားခဲ့သည့် အမျိုးသားရင်ကြားစေ့ရေး ရှေ့လျှောက် စတင် ပေါ်ပေါက်လာနိုင်တော့မလား။ ဒါပေမယ့် အမျိုးသားရင်ကြားစေ့ရေးက မျှော်လင့်ထားသလို မဟုတ်ဘဲ မိမိဘက်မှ ထွက်မရ ပြုမရ ညှပ်ပူးညှပ်ပိတ် ပိတ်မိသွားနိုင်တဲ့ ထောင်ချောက်ကလေးတွေနဲ့ ထောင်ချောက်ကြီးတွေ ရှိကြောင်းလည်း ဗမာလူ့ဘောင်ရဲ့ ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်နေသူတွေ သတိပြုကြရမှာ ဖြစ်ပါတယ်။
ထင်ထင်ရှားရှား ပထမဦးဆုံး ကျနော် စိုးရိမ်ကြတဲ့အချက်က ယခင်အစိုးရဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေ (war cimes)၊ လူမျိုးတုန်းစေသော ရာဇဝတ်မှုတွေ (Genocide) နဲ့ ပတ်သက်လို့ ကော်မရှင်ဖွဲ့ စုံစမ်းရန် တောင်းဆိုမှုတွေနဲ့ မလွတ်မကင်းဖြစ်နေတာပါ။ လက်ရှိ အရွေးချယ်ခံ ပါတီခေါင်းဆောင်တွေ အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မှာ ဖြစ်လို့ စေ့စပ်ညှိနိုင်းရေးဟာ နိုင်ငံတကာအဆင့်ထိ ကိစ္စတွေ အကျယ်အကျယ် မဖြစ်ပွားအောင် လုပ်လိုတဲ့ သဘောကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် သည်နေရာမှာ တခုသတိထားသင့်တာက အဲသလို ကြီးသောအမှုကို ငယ်စေလိုသော ဆန္ဒရှိစေတာက အမျိုးသားရင်ကြားစေ့ရေး အတွက်တော့ ကောင်းပါရဲ့၊ အဲသလို လုပ်ရင်းကိုင်ရင်းနဲ့ပဲ ကိုယ်ကိုယ်တိုင် တရားခံရှေ့နေ ဖြစ်သွားနိုင်ပါတယ်။
နိုင်ငံတကာဆိုတာဟာလည်း တကယ်သုံးသပ်ကြည့်လိုက်ရင် အသိအမှတ်ပြုခြင်းက ၂ မျိုး ၂ စားဗျ။ မိမိအောက်မှာ စစ်တပ်ရင်လည်း ရှိရမယ် ဒါမှမဟုတ် မိမိမှာ သီလသမာ ရင်လည်း ရှိရမယ်။ အရင်က NLD အောက်မှာ စစ်တပ်မရှိပေမယ့် လက်ခံလေးစားလောက်တဲ့ သီလသမာ ရှိခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတယ်။ ခုအခါမှာ အကြောင်းကြောင်းကို ထောက်ညှာတဲ့အတွက် တဖက်လူအပေါ် လျှော့ပေါ့ ကာကွယ်တဲ့ အပြုအမှုတွေကို တရားဝင် ပြသလာရတဲ့ အခါမှာ ကိုယ့်မှာပါ သီလသမာဓိ ပျက်ပြားလာတယ်လို့ နိုင်ငံတကာ အပါအဝင် တိုင်းရင်းသားပြည်သူတွေကလည်း မြင်လာနိုင်ပါတယ်။
သည်အချက်ကို ကာကွယ်ဖို့အတွက် အရေးကြီးဆုံး သက်သေတခုကို မိမိဖက်က ထင်ရှားအောင် စီရင်ထားရပါမယ်။ အဲဒါကတော့ မိမိနဲ့ တဖက်အဖွဲ့က တာဝန်ရှိသူများဟာ တဖွဲ့တည်း စုစည်းလို့ (လက်မခံနိုင်စရာ သီလပျက်ပြားသည့်) ကြံစည်မှုတွေ ပြုလုပ်ကြတယ်ဆိုတဲ့ အဖြစ်မျိုးကို လုံးလုံးအဖြစ်မခံဖို့၊ အဲသလို ပုံစံအသွင်မျိုးကို လုံးဝခြေမလှမ်းမိဖို့ ဖြစ်ပါတယ်။ ဒါကို ကြပ်ကြပ်မတ်မတ် စီမံကာကွယ်ဖို့ အတွက် အထူးလိုအပ်တဲ့ သက်သေအကြောင်းချင်းရာက သည်လိုရှိပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးတဲ့ အခါ နိုင်ငံတကာ နျူရင်ဘတ်ခုံရုံးမှာ နာဇီဂျာမနီစစ်တပ်က တာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ပါတယ်။ အဲသည်မှာ ထူးဆန်းတာက စွဲချက်တင်ခံရတဲ့ နာဇီပုဂ္ဂိုလ်တွေက တရားဥပဒေစိုးမိုးရေး (Rule of Law) ရဲ့ အုတ်မြစ် အခြေခံအကျဆုံး အချက်တချက်နဲ့ သူတို့ကိုယ်သူတို့ ကာကွယ်ကြတယ်။ “Nullum Crimen, Nulla Poena Sine Lege” ပါ။ ဆိုလိုတာက ရှေ့အရင်တွင် ကြိုတင်ဟန့်တားထားသော ဥပဒေ ဟူ၍ ယခင်က မရှိဘဲနဲ့ မည်သည့်အမှုကမှ ရာဇဝတ်မှု မမြောက်၊ ရာဇဝတ်မှု မမြှောက်လျှင် အပြစ်ပေးပိုင်ခွင့်မရှိ။ (ကြုံတုန်းပြောရအုံးမယ်၊ ဗုဒ္ဓရဲ့ ပါရာဇိက လေးပါးလည်း သည်အတိုင်းပဲ၊ ပထမဆုံး ကျူးလွန်တဲ့ ရဟန်းဟာ ရှေးယခင်မှာတုန်းက ပညတ်ပေါ်ပေါက် ထုတ်ရှိထားခြင်း မရှိတဲ့အတွက် ပါရာဇိက မကျဘူး။)
အဲသည်မှာ မဟာမိတ်နိုင်ငံတွေဘက်က နိုင်ငံတကာခုံရုံးတရားသူကြီးတွေက ဒေါင်းတောက်ကုန်ကြတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ နာဇီစစ်တပ်က တာဝန်ရှိသူတွေဟာ သူတို့နိုင်ငံဥပဒေမှာ သူတို့ကို ဒါမျိုးအမိန့်တွေ မပေးရဘူးလို့ တရားဝင်ဟန့်တားထားတဲ့ ဥပဒေရယ်လို့ မရှိဘူး။ ဦးခင်ညွန့် အကြောင်းပြသလို “အထက်အမိန့် တာဝန်အရ လုပ်ရသည်” ပဲပေါ့။ သည်ကိစ္စမှာ ထပ်မံအခက်တွေ့ကြတာက သည်ခုခံချက် (ခုခံချက်ကလည်း Rule of Law စစ်မှစစ်နော် ပေါ့သေးသေးမဟုတ်ဘူး) ကို မကျော်လွန်နိုင်ရင် နာဇီအုပ်ချုပ်ရေး ယန္တရားကြီး တခုလုံးမှာ ပံ့ပိုးပါဝင်နေတဲ့လူတွေ တပြုံတမကြီးကို ဘယ်လိုမျိုး ထိထိရောက်ရောက် အပြစ်ပေးမလဲ။
ကြုံတုန်း လမ်းနည်းနည်းတော့ လွဲပရစေ။ ပြောရအုံးမယ်၊ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံကြီး ဆိုတိုင်းလည်း အထင်မကြီးနဲ့။ ကမ္ဘာစစ်ကြီး ပြီးတော့ အင်္ဂလန်က ဝင်စတန်ချာချီက နာဇီခေါင်းဆောင်တွေကို အားလုံး စုပြုံတန်းစီပြီး သည်အတိုင်း ပစ်သတ်ခိုင်းတာ။ အဲဒါကို အမေရိကန် စစ်ဝန်ကြီး ဟင်နရီ စတင်ဆန်က ယဉ်ကျေးတဲ့ လူဘောင်ဟာ သည်လိုတော့ လုပ်ခွင့်မရှိဘူး၊ နိုင်ငံတကာ ခုံရုံးဖွဲ့ တရားစီရင်ပြီး စွဲချက်တင်ခံရတဲ့သူတွေလည်း ခုခံပိုင်ခွင့်ရှိပါစေ ဆိုပြီး အမေရိကန် သမ္မတကြီး ရုစဗဲ့ကို အကြံပြုလို့ ခုံရုံး ပေါ်ပေါက်လာရတာ။ ချာချီလိုမျိုးသာ လုပ်ရင် ကနေ့ ကမ္ဘာ့လူ့ဘောင်ဟာ ခုထက်တောင် များစွာ ပိုပြီး အညှိုးအာဃာတ လက်စားချေမှု အစဉ်အလာတွေ ပြည့်နှက်နေပါလိမ့်မယ်။
နျူရင်ဘတ် တရားသူကြီးတွေ အဲသလိုမျိုး အကျပ်ရိုက်နေခဲ့ပေမယ့် ဟင်နရီ စတင်ဆန်ရဲ့ ဥပဒေ အကြံပေးတယောက်ဟာ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ “ရာဇဝတ်မှုကို ပူးပေါင်းအဖွဲ့ဖွဲ့ ကြံစည်မှု မှာ ပါဝင်မှု” နဲ့ တိုက်ရိုက်စွဲချက် တင်ခြင်းဖြစ်ပါတယ်။ အဲဒါကတော့ ရှင်းပါတယ်၊ ဓားပြဂိုဏ်း၊ လူသတ်ဂိုဏ်း ဖွဲ့တာမျိုးဟာ ဘာမှ ရှေ့မှာ ကြိုတင်ဟန့်တားထားချက် ရှိစရာကို မလိုဘူး။ တရားဥပဒေရဲ့ အခြေခံဟာ သည် မဟုတ်မတရားဂိုဏ်း ဆိုတာမျိုး ကို ဟန့်တားဖို့ အတွက်ပဲ။ အဲသည်တော့ ဘယ်လိုမှ SS တို့ ၊ ဂက်စ်တာပိုတို့ စတဲ့ အယုတ်မာအပက်စက်ဆုံး ဂိုဏ်းတွေ အပြင် နာဇီကောင်တွေ ပြေးမလွတ်တော့ဘူး။
နိုင်ငံတကာ တရားခုံရုံးတွေက အသုံးပြုခဲ့တဲ့ ရာဇဝတ်မှုဆိုင်ရာ အရေးကြီးတဲ့ အယူအဆကို ခုအစိုးရဖွဲ့တော့မယ့် အခါမှာ တဖက်နဲ့ မူဝါဒရေးရာ ကိစ္စတွေ ပူးပေါင်းလုပ်ဆောင်လာရတဲ့ အခါမှာ ကျနော်တို့ သင်ခန်းစာ လေးလေးနက်နက် ယူစေလိုပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို လုပ်ဆောင်ပါ၊ တဖက်လူတွေထဲမှလည်း ထိုက်တန်တဲ့ တွဲခေါ်သင့်တဲ့သူတွေကို တွဲခေါ်ပါ။ တိုင်းပြည် တိုးတက်ကောင်းမွန်ရေးအတွက် အပြစ်မရှိတဲ့ အလုပ်တွေကို လက်တွဲ လုပ်ဆောင်ကြပါ။ ဒါပေမယ့် အပြစ်မကင်းတဲ့ အထူးသဖြင့် အပြစ် ထင်ရှားပေါ်လွင်လှတဲ့ လုပ်ရပ်တွေမှာတော့ သွားပြီး ဂိုဏ်းမဖွဲ့မိပါစေနဲ့။ ရင်ကြားစေ့ရေးဟာ သူခိုးသေဖော်ညှိရေး မဟုတ်ပါ။ ဘီလူးစည်းလူ့စည်း ခွဲနိုင်ကြပါစေ။
(ဒေါက်တာညိုထွန်းသည် အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့တွင် နေထိုင်လျက် ရှိသော ဖွံ့ဖြိုးရေးဆိုင်ရာ မြန်မာပညာရှင်တဦးဖြစ်သည်)