ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိသျှ နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ကော့စမွေ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီးတော့ ဒီဇင်ဘာ ၂၄ ရက်မနက်ပိုင်းက သေဒဏ် အမိန့်ချမှတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ တရားစီရင်ရေးစနစ်၊ အမှုစစ်ဆေးချက်၊ စွပ်စွဲခံရသူများရဲ့ ထွက်ဆိုချက် စသည်တို့အပေါ် မူတည်ပြီးတော့ လူသတ်မှု၊ မုဒိမ်းမှု၊ တရားမဝင် ဝင်ရောက်မှုအပါအဝင် ပြစ်ဒဏ် ၇ ခု ပေါင်းပြီး အမိန့်ချခဲ့တာလို့ ဆိုပါတယ်။ စွပ်စွဲခံရသူများဘက်က ရှေ့နေများက အယူခံကို ၇ ရက်အတွင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာသံရုံးအနေနဲ့ ဥပဒေအထောက်အကူပြု အဖွဲ့ကို ဆက်လက်ပံ့ပိုးမှာဖြစ်ပြီး ဥပဒေကြောင်းအရ ဆက်လက် ကူညီပေးသွားမယ့်အကြောင်း ဧရာဝတီကို ပြောပါတယ်။ ဒါကြောင့် လိပ်ကျွန်းလူသတ်မှု အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးအနေနဲ့ ဘယ်လို ကူညီမှုတွေ ဆက်လက်လုပ်ဆောင် နေသလဲ ဆိုတာကို ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းထောက် ငြိမ်းငြိမ်းက သံအမတ်ကြီး ဦးဝင်းမောင်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မေး။ ။ လိပ်ကျွန်းလူသတ်မှုမှာ မြန်မာသံရုံးဘက်က ဘယ်လိုဆက်ပြီး အကူအညီပေးသွားမလဲ။
ဖြေ။ ။ ကျနော်တို့ဘက်က ကြိုပြင်ထားပြီးသားပါ။ ပထမက နိုင်မယ်ဆိုရင်တမျိုး၊ အာမခံရမယ်ဆိုရင် တမျိုး၊ ပြစ်ဒဏ် ချမယ်ဆိုရင် အယူခံဝင်ဖို့ ဆက်လုပ်ရမယ်ပေါ့။ ကျနော်တို့ ဆက်လုပ်ပေးပါ့မယ်။
မေး။ ။ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို တရားခံတွေအဖြစ် သေဒဏ်ချလိုက်တဲ့ ထိုင်းတရားရုံးရဲ့ အဆုံးအဖြတ်ကို ဘယ်လိုမြင်ပါသလဲ။ တအား ပြင်းထန်နေသလား။
ဖြေ။ ။ ဒါကတော့ သူတို့နိုင်ငံရဲ့ ဥပဒေအတိုင်းပဲလေ။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ နိုင်ငံတော် အစိုးရ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရော၊ ကျနော်တို့ရော ထိုင်းအစိုးရနဲ့ တွေ့တိုင်း မေတ္တာရပ်ခံတယ်။ ပြောတယ်။ ဒီဟာနဲ့ ပတ်သက်ရင် သူတို့ရဲ့ အခု နိုင်ငံရေး အခြေအနေအရလည်း ပါမှာပေါ့။ ဥပဒေကြောင်း အရတော့ ဒီအတိုင်းပဲ သွားမှာပေါ့။ အယူခံ ကျရင်လည်း တမျိုးပြောင်းနိုင်တာပေါ့။ ဆက်ပြီးတော့ ကျနော်တို့ လုပ်သွားပေးပါမယ်။ သူတို့နိုင်ငံရဲ့ ဥပဒေအတိုင်း ကျနော်တို့ နောက်ကနေ လိုက်ရှင်းရမှာပေါ့။
မေး။ ။ ထိုင်းအစိုးရဘက်က တာဝန်ရှိသူတွေနဲ့ မကြာခင်တွေ့ဆုံ ဆွေးနွေးသွားဖို့ရော ရှိသလား။
ဖြေ။ ။ ကျနော်တို့နိုင်ငံက လူကြီးတွေ တရားဝင် အလည်အပတ်ခရီးစဉ်တွေ လာတိုင်း ဒီကိစ္စကို ပြောပါတယ်။ သမ္မတရော၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရော၊ လွှတ်တော်ဥက္ကဋ္ဌ လာတုန်းကလည်း ပြောပါတယ်။ ဒါပေမယ့် ဥပဒေကြောင်းအရတော့ သူ့ဟာသူ ရှိနေမယ်။ ဥပဒေကြောင်းအရပဲ လိုက်ရှင်းရမှာပဲ။ ဟိုသွားပြောရင်လည်း မရပါဘူး။ ဥပဒေ အတိုင်းပဲ အားလုံးဖြစ်မှာပါ။ ကလေးအတွေး တွေးပြီး ဒီလိုပြောရင်တော့ ရမယ်ဆိုတာမျိုးတော့ မရပါဘူး။ ကျနော်တို့ ကောင်စယ်လာ အဆင့်သည် အယူခံတင်ပြီးရင်၊ နောက် သံတမန်အထူးအခွင့်အရေးနဲ့ ဆက်တင်မယ်။ ကျနော်တို့ လုပ်ပေးနေကျ ပုံစံအတိုင်း လုပ်ပေးမှာပဲ။ အရပ်စကားနဲ့ ပြောလို့မရပါဘူး။
မေး။ ။ အခု အမှုက တခြားနိုင်ငံသားတွေ အသတ်ခံရတာ ဖြစ်တဲ့အပြင် ထိုင်းရဲ့ Tourism နဲ့ ပတ်သက်နေတော့ အယူခံအဆင့်ဆင့်မှာ လွတ်နိုင်မယ်လို့ မျှော်လင့်လို့ရပါ့မလား။။
ဖြေ။ ။ ကျနော်တို့ ဥပဒေကြောင်းအရပဲ သွားမယ်။ ဒီအမှုစဖြစ် ကတည်းက ကျနော် သံအမတ်ကြီး စဖြစ်တာ။ ဒီကလေးတွေကို ကျနော်တို့ အများကြီး စောင့်ရှောက်ပေးတယ်။ မေးနေတယ်။ သူတို့တခုခုကို မပြောနိုင်ဘူး။ ဖြစ်သမျှအကြောင်း ကျနော်တို့ ဥပဒေအရ ကူညီပေးတယ်။ ထိုင်းရှေ့နေများ ကောင်စီဆိုလည်း တခေါက် ၇ ဦးစီနဲ့ လိုက်ကူညီ ပေးတယ်။ အခေါက်ပေါင်း မနည်းပါဘူး။ ကာယကံရှင် ကိုယ်တိုင်က ကြောက်သလိုလို၊ မတတ်သလိုလိုနဲ့ လုပ်တုန်းက လုပ်ခဲ့ပြီးပြီဆိုရင် ပြောနိုင်ရမယ်။ သူတို့ကိုယ်တိုင်က မပြောနိုင်ဘူး။ သက်သေ အထောက်အထား လိုက်ကြပါ ဆိုတော့လည်း အဲဒီမှာ မြန်မာ ၅ ထောင်လောက် ရှိတယ်။ လိုက်ခေါ်တော့လည်း မသိချင်ယောင်ဆောင်ပြီး ထွက်သွားကြတယ်။ အဲဒီအကျိုးတွေပေါ့။ ကျနော်တို့ ချက်ချင်း မဖြေရှင်းနိုင်ခဲ့ဘူး။ ကျနော်တို့ကတော့ အယူခံဝင်မှာပါ။
မေး။ ။ ထိုင်းမှာက မြန်မာအလုပ်သမား သန်းနဲ့ချီရှိတော့ တခြားလူတွေမှာလည်း ဒီလို စွပ်စွဲခံရမှုတွေ ဆက် မကြုံရအောင် သံရုံးဘက်က ဘာတွေ ကာကွယ် စောင့်ရှောက်မှုပေးနိုင်မလဲ။
ဖြေ။ ။ အမှုဆိုတာတော့ ပွင်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ နိုင်ငံက အလုပ်သမားတွေ ဒီမှာလာပြီး အလုပ်လုပ် ဝင်ငွေရှာကြတယ်။ လူငယ်လူရွယ်တွေ ညအချိန်မတော်ထွက်တော့ သူများအစာ ဖြစ်သွားတာပါပဲ။ တဖက် အဖွဲ့အစည်းက ဒါကို ဝင်စားသွားတာပေါ့နော်။ လက်ညှိုးထိုးတာပေါ့။ တချို့မဟုတ်ဘဲ ခံရတာလည်း ရှိတာပဲ။ တချို့ကလည်း ဟုတ်ရဲ့သားနဲ့ မဟုတ်ဘူး ဆိုပြီး ပြောတော့ ကျနော်တို့ အလုပ်ရှုပ်ရတာလည်း ရှိတာပဲ။ အမျိုးမျိုးပေါ့နော်။
အလုပ်သမားတွေ ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ကိုယ့်နေရာ ကိုယ်နေရင် ကာကွယ်မှု တဝက်က သူတို့အပေါ် မူတည်တယ်။ ကျန်တဲ့ တဝက်က ကျနော်တို့ ဒီမှာ ထိုင်းရောက် မြန်မာ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေ ဖွဲ့ထားတယ်။ လူက များတဲ့ အခါကျတော့ အနည်းဆုံး တပတ်ကို ၂ မှု လောက်တော့ ဖြစ်နေတာ။ ဆိုင်ကယ်တိုက်မှု၊ ရန်ဖြစ်တာ၊ သူများကို သွားစလို့ သေနတ်နဲ့ ပစ်ခံရတာတို့ အစုံ ဖြစ်တယ်။ ကျနော်တို့လည်း လိုက်ရှင်းပေးနေတယ်။ တချို့လည်း ကိုယ့်ဘက်က မှန်တဲ့အတွက် ကာကွယ်စောင့်ရှောက်မှု အပြည့်ရတယ်။
ဖြစ်စဉ် အတော်များများက ညအချိန်မတော်မှာ ဖြစ်တာများတယ်။ ည ၁၂ နာရီ ပတ်လည်ချည်းပဲ။ အဲဒီအချိန်က အလုပ် သမားတွေ နားရမယ့်အချိန်။ တချို့ ညအချိန်မတော် အပြင်မှာရှိလို့ ဖြစ်တဲ့ဟာတွေကျတော့ သက်သေမရှိဘူး။ တကယ် ဖြစ်ပြီဆို မြန်မာ အလုပ်သမားအချင်းချင်း သက်သေ လိုက်ပေးမယ့်လူက မရှိဘူး။ လက်ရှိ အလုပ်သမားတွေအနေနဲ့ ကာကွယ်မှု တဝက်ကို သူတို့ကိုယ်တိုင် လုပ်ရမယ်။ ကျနော်တို့ အစိုးရနဲ့ သံရုံးကတော့ ဖြစ်လာရင် ကိုယ့်ဘက်က မှားမှား မှန်မှန် ဒီလိုပဲ လိုက်နေရတဲ့ အနေအထားရှိတာပေါ့။ မမှန်ရင်တော့ ကျနော်တို့ လိုက်လုပ်ပေးရတာ အခက်အခဲ ရှိတယ်။
မေး။ ။ သံရုံးကနေ အလုပ်သမားတွေ အတွက် လက်ရှိ ကာကွယ် စောင့်ရှောက်မှု လုပ်ငန်းတွေ ဘာတွေ ဆက်လုပ် နေလဲ။
ဖြေ။ ။ ကျနော်တို့က ထိုင်းမှာရှိတဲ့ ၇၇ ခရိုင်မှာ မြန်မာရှိတဲ့ ခရိုင် ၄၀ ကျော်ကို ကျနော်တို့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဆိုပြီး အားလုံး ၉ ဖွဲ့ ဖွဲ့ထားပေးတာ ရှိတယ်။ နယ်မြေအလိုက် ခွဲထားတယ်။ ကျနော်တို့ အမြဲ ကွန်တက်လုပ်ပြီး လိုက်လုပ်ပေးနေတယ်။ ထို့အတူပဲ ဒီဘက်က NGO အဖွဲ့တွေကလည်း လိုက်လုပ်ပေး နေတယ်။ ကျနော်တို့ဆီက လူများတော့လည်း အမှုများတာပေါ့။ ဒီဘက် လိုက်နေတုန်း ဟိုဘက်ကဖြစ်၊ ဟိုဘက် လိုက်နေတုန်း ဒီဘက်ကဖြစ်။ လုပ်တော့ လုပ်ပေးနေပါတယ်။ နိုင်ငံတော် အစိုးရကလည်း အလုပ်သမား သံအရာရှိဆို ၂ ယောက်တောင် တိုးပေးထားတာ။
လူကများတော့ ကျနော်တို့ စောင့်ရှောက်နိုင်တဲ့ အနေအထားက တဝက်လောက်ပဲ ရှိပါတယ်။ ဒီထက် ပိုလုပ်နိုင်အောင် ကျနော်တို့လည်း ထပ်ဖွဲ့စည်းပါမယ်။ နှစ်ဆန်းပိုင်းမှာ တနှစ်တခါ အစည်းအဝေး လုပ်တယ်။ ဇန်နဝါရီ လကုန်ပိုင်းမှာ ကူညီ စောင့်ရှောက်ရေး အဖွဲ့တွေ၊ အန်ဂျီအိုတွေ ခေါ်ပြီး တိုးချဲ့ရမှာပေါ့။ ကျနော်တို့လုပ်ပေးသလို အလုပ်သမား အချင်းချင်း လည်း ရိုင်းပင်းစေချင်တယ်၊ ပိုပြီးစည်းလုံးစေချင်တယ်။ ရဲစခန်းလိုက်ရင် သူက အလုပ်ပျက်တယ်၊ သူ့ကို ရန်ရှာမယ်ဆိုပြီး ထွက်ပြေး သွားတာလည်း ရှိတယ်။ အလုပ်သမားတွေ ကိုယ်တိုင်လည်း တကိုယ်ရေဖြစ်ဖြစ် အဖွဲ့လိုက်ဖြစ်ဖြစ် စည်းကမ်း တကျ နေဖို့ လိုတယ်။ တကယ်ဖြစ်လို့ လိုက်ရတာ ကျနော်တို့မှာ အဆင်ပြေတယ်။ အခုဆိုရင် ကျနော်တို့ [လိပ်ကျွန်း အမှုမှာလည်း] အများကြီး ထပ်လုပ်ရအုံးမှာ။