မန်မာနိုင်ငံမှာ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာမည့် NLD အစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာနိုင်သည်ဟု သုံးသပ်မှုများရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာလျှင် မြန်မာ့စီးပွားရေး အလားအလာ ကောင်းမွန်လာမည်ဖြစ်သော်လည်း ပြည်တွင်းလုပ်ငန်းများသို့ အနည်းနှင့်အများထိခိုက်မှုများရှိနိုင်ပါသည်။ လာမည့် အစိုးရသစ် လက်ထက်မှာ မြန်မာ့စီးပွားရေး အလားအလာနှင့် အာဆီယံ စီးပွားရေးအသိုက်အဝန်းအတွက် မြန်မာလုပ်ငန်း ရှင်များ ပြင်ဆင်ထားသင့်သည်များကို ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းကို တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ မြန်မာ ပါဝင်ရတော့မယ့် အာဆီယံ စီးပွားရေးအသိုက်အဝန်း (Asean Economic Community AEC) အတွက် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်ပါသလဲ။
ဖြေ။ ။ အဓိကပြင်ဆင်ထားရမှာကတော့ ကျနော်တို့ရဲ့ Mind-Set တွေကို ပြောင်းသင့်ပြီ။ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာ ခြင်း၊ မလာခြင်းထက် အခြေအနေက ပြောင်းသွားပြီ။ လက်ရှိ ကျနော်တို့ဆီမှာ အများစု ဖြစ်နေတာက ကိုယ်ထုတ် ချင်တာ ထုတ်မယ်၊ ပြီးကျမှ ဈေးကွက်ထဲမှာ ရအောင်ရောင်းမယ်ဆိုတာမျိုး။ တကယ် coustomer လိုချင်တဲ့ပစ္စည်းကို သိပြီး ထုတ် လုပ်ရောင်းချရမှာ။ ဒါက သိပ်ကိုအခြေခံကျတဲ့ အိုင်ဒီယာပါပဲ။ နိုင်ငံခြား ကုမ္ပဏီဝင်လာမယ်ဆိုရင်တော့ ဝင်လာရင် ယှဉ် ပြိုင်မှု ပိုပြင်းထန်လာမယ်၊ ပြိုင်ဘက်ကအသစ်ဖြစ်လာမယ်။ အရင်တုန်းက ကွင်းထဲမှာ ကိုယ်တ ယောက်တည်း ပြေးနေ တာလေ။ အခုက ယှဉ်ပြေးမယ့် သူရှိလာပြီ။ ဒါကြောင့် သေသေချာချာ ပြင်ဆင် ထားဖို့ လိုပြီ။
မိရိုးဖလာအတိုင်း လုပ်နေရင်တော့ သေချာတယ်၊ မရနိုင်ဘူး။ လိုချင်တဲ့ ပစ္စည်းကို စရိတ်အနည်းဆုံး၊ ကွာလတီ အကောင်း ဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုဆန်းသစ်တဲ့ တီထွင်မှုတွေ၊ အိုင်ဒီယာတွေနဲ့ လုပ်မလဲ စဉ်းစားပြီး လုပ်သင့်ပြီ။ ပိုဆိုးတာ ကိုယ်က လုပ်ငန်းငယ်မဟုတ်လား၊ ဒါပေမယ့် လုပ်ငန်းငယ်ဆိုပြီး ငယ်ရင် ရှုံးမှာပဲဆိုတာမျိုး အတွေးမျိုး ကြိုမ တွေး ပါနဲ့။ လုပ်ငန်းငယ်ဖြစ်တဲ့ အလျောက် ကိုယ့်မှာ အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။
ဒီလိုပဲ ကုမ္ပဏီကြီးတွေမှာလည်း ရှိတာပါပဲ။ ကုမ္ပဏီကြီးဆိုတော့ သူက ရွေ့ပြောင်းဖို့မလွယ်ဘူး၊ တခုခု ဆုံးဖြတ်မယ် ဆို လည်း အဆင့်ဆင့်တက်ရတဲ့အတွက် ကြာတယ်။ သူတို့က လေးတယ်။ ကိုယ်က လုပ်ငန်းငယ်ဆိုတော့ ကိုယ်ပဲ စဉ်းစား၊ ဆုံးဖြတ်တဲ့သူ ဖြစ်တဲ့အတွက် လျင်မြန် ဖျတ်လတ်တယ်။ အဲအခွင့်ကောင်းပေါ် မူတည်ပြီး ဈေးကွက်ကို ထိုးဖောက်နိုင်မယ့် မဟာဗျူဟာကို သေချာဆွဲပြီး လုပ်နိုင်ရမယ်။
နောက်တခုက မြန်မာလူမျိုးအကြောင်းကို မြန်မာလူမျိုးက လွဲပြီး ဘယ်သူမှ ပိုမသိဘူး၊ နိုင်ငံခြားသားက ဆယ်နှစ်လောက် လာနေပြီး လေ့လာစေဦး။ မသိနိုင်ဘူး။ ကိုယ့်လူမျိုးအကြောင်းကို ကိုယ်က အသွေးထဲ အသားထဲက သိနေတာလေ။ မြန် မာလူမျိုးက ဘယ်လိုဟာမျိုးဆိုရလဲ ဆိုတာ သိနေတယ်။ ပြင်သင့်တာတခုက မြန်မာလူမျိုးတွေ အချိန်မလေးစားဘူး။ နိုင်ငံ ခြားကုမ္ပဏီတွေ အချိန်လေးစားတယ်။ အဲကတည်းက စားသုံးတဲ့သူနဲ့ ပေးတဲ့သူက ကွာသွားပြီ။ ပြီးတော့ ပြည်တွင်း ဈေး ကွက်ကိုပဲ မကြည့်နဲ့။ ပြည်ပဈေးကွက်ထိ ဖောက်နိုင်အောင်လုပ်ပါ။ ကိုယ့်ရဲ့ ကတုတ်ကျင်းထဲကနေပြီး ထိုင်စောင့် မနေပါ နဲ့။ ဒါတွေက ပြင်ဆင်ထားဖို့ လိုတဲ့အရာတွေပါ။ ဒါမှ ဈေးကွက်ထဲမှာ ဆက်ပြီး ရပ်တည်နိုင်မှာ။
မေး။ ။ အစိုးရက အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း (SMEs) တွေ ရပ်တည်နိုင်ဖို့အတွက် ဘယ်လို ထောက် ပံ့ ပေးသင့်ပါသလဲ။
ဖြေ။ ။ အဲဒီမှာ ပြောရရင် ကိုယ့်လူမျိုးရဲ့ အားနည်းချက်ကို အရင်ပြောရမယ်။ တကယ်လုပ်ငန်းအောင်မြင်တဲ့အချိန်မှာ လုပ်ငန်းမှာ ထပ်ပြီး ရင်းနှီးမြုပ်နံှဖို့ (Reinvest) ဆိုတာထက်ကို အကုန်လှူပစ်ကြတယ်၊ စက်ကြီး ဟောင်းနေတာကို အသစ် ပြန်လုပ်ဖို့ စိတ်မကူးဘူး။ အဲလိုနဲ့ နေလာရင်း နည်းပညာအသစ်တွေ ဝင်လာတဲ့အချိန်ကျ ပိုက်ဆံက မလိုက်နိုင် တော့ဘူး။ အဲလိုအချိန်မှာ အစိုးရက SMEs တွေကို အတိုးနည်းနည်းနဲ့ ငွေချေးလို့ရအောင် ကူညီပေးသင့်တယ်။ ပြီးတော့ နည်းပညာအားဖြင့် ကိုယ့်ဆီမှာ အရမ်းကွာနေပြီဆိုရင်တော့ အစိုးရက စောင့်ကိုစောင့်ရှောက်ရတော့မယ်။ သူတကယ်ပဲ SMEs တွေကို စောင့်ရှောက်ချင်တယ်ဆိုရင်ပေါ့။
မေး။ ။ SMEs တွေသာ ပျောက်ကွယ်သွားမယ်ဆိုရင် နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးက ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။ SMEs ပျောက်တယ်ဆိုတာ မရှိဘူး။ အမေရိကန်၊ ဂျပန်မှာလည်း စီးပွားရေးကို တကယ် ထောက်ပံ့ နေတဲ့ သူတွေက SMEs တွေပါပဲ။ သူတို့က စီးပွားရေးရဲ့ ဒေါက်တိုင်တွေပဲ။ ကိုယ့်နိုင်ငံရဲ့ အခြေအနေအရ SMEs မှာ ရိုးရာ လုပ်တယ်။ ပြန် မတီထွင်နိုင်တဲ့သူက ဈေးကွက်ကနေ ပျောက်သွားမယ်။ အသစ်ပြန်ပေါ်လာမယ့်ဟာက coustomer အကြိုက် ပိုသိတာတွေ ပေါ်လာမယ်၊ ကွာလတီ ပိုကောင်းလာမယ်။
မေး။ ။မြန်မာလုပ်ငန်းရှင်တွေအတွက် လက်ရှိမှာ တရုတ်ဈေးကွက် တခုတည်းကိုပဲ အားကိုးနေရတယ်။ အဲဒါနဲ့ ပတ် သက်ပြီး ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ စောစောက ပြောသလိုပါပဲ။ ကိုယ်က ကိုယ်ထုတ်ချင်တာ ထုတ်တာလေ။ အဲတော့ ကိုယ်ထုတ်လိုက်တဲ့ ကုန် ပစ္စည်း ကို တရုတ်ကလွဲပြီး ဘယ်သူကမှ မဝယ်တာ။ အရင် အိန္ဒိယဆင်းရဲတုန်းက ကိုယ့်ဆီက ဝယ်သေးတယ်။ အခု သူကလည်း ကနေဒါတို့ ဘာတို့ဆီကနေ ဝယ်တော့တယ်။ အဲဒါကြောင့် တရုတ်ချည်းပဲ သွားရတာလေ၊ ဈေးကွက် အများ ကြီးဖြန့်ချင်ရင် ဈေးကွက်တွေရဲ့ လိုအပ်ချက်ကို သိရမယ်။ ကိုက်ညီအောင် ထုတ်နိုင်ရမယ်။ အဲဒါဆိုရင် ဘာမှ မရောင်းနိုင် စရာမရှိဘူး။ ရေရှည်မှာ တရုတ်တခုတည်းကို မှီခိုတာ အန္တရာယ်များတာပေါ့။ တရုတ်မှမဟုတ်ဘူး။ အမေရိကန်ကြီးတခု တည်း အားကိုးရင်လည်း အန္တရာယ်များမှာပဲလေ။ ဈေးကွက်မှာ ဘယ်သူကိုမှ တယောက်တည်း အားကိုးလို့မရဘူး။
မေး။ ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်လာဖို့ ဘာတွေက အခက်အခဲဖြစ်နေပါသလဲ။
ဖြေ ။ ။ အဓိကကတော့ နိုင်ငံရေးနဲ့ ဥပဒေပါပဲ၊ နိုင်ငံရေးကတည်ငြိမ်မှု အားနည်းတယ်၊ ဥပဒေကလည်း မရှိတာ မဟုတ် ဘူး။ ရှိတယ်၊ ဒါပေမယ့် အသက်မဝင်ဘူး။ ဥပဒေနဲ့အညီ လုပ်နိုင်အောင် လုပ်ဖို့အတွက် အားနည်းနေသေးတယ်။ Law Enforcement အပိုင်းပေါ့။
မေး ။ ။ ၂၀၁၆ ခုနှစ် အစိုးရသစ် တက်ပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (FDI) ကြီးကြီးမားမား ဝင်လာနိုင် ပါသလား။
ဖြေ ။ ။ အဲလိုတော့ သိပ်မမြင်ဘူး။ ဒါပေမယ့် အကူအညီနဲ့ ချေးငွေကတော့ နောက်တက်လာမယ့် အစိုးရက ဒီမိုကရက်တစ် အစိုးရဖြစ်လို့ အားလုံးက ဝိုင်းပြီးပံ့ပိုးကြမယ်လေ။ အဲအချိန်မှာ အစိုးရရဲ့ ပေါ်လစီက ကုန်ထုတ်လုပ်ရေးနဲ့ စိုက်ပျိုးရေး မှာ ထည့်နိုင်ရင်တော့ တိုင်းပြည်က လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာနိုင်မယ်။
မေး ။ ။ နိုင်ငံတနိုင်ငံ စီးပွားရေးတိုးတက်လာဖို့ ကုန်ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ဖွံ့ဖြိုးဖို့ လိုတယ်ပေမယ့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် ထုတ်ပြန်ချက်အရ သဘာဝအရင်းအမြစ် ကဏ္ဍမှာ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုက အများဆုံးလို့ သိရပါတယ်။ ခုနက ကဏ္ဍနှစ်ရပ်မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေဝင်လာဖို့ အစိုးရက ဘယ်လို မက်လုံး ပေးသင့်ပါသလဲ။
ဖြေ ။ ။ တိုးလာဖို့ မလွယ်ဘူး။ မက်လုံးပေးလည်း နိုင်ငံခြားသားကတော့ မလာဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုကနေ လာ ပြီး ရင်းနှီးမြုပ်နှံတဲ့အခါ ကုန်ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍာဟာ အရင်းအနှီး အရမ်းကြီးတယ်၊ မြုပ်သွားပြီး ပြန်မ ပေါ်တဲ့ ပိုက်ဆံတွေလည်း ရှိတယ်။ အဲဒီအတွက် အစိုးရက မက်လုံးကြီးကြီးပေးမှသာ လာကြမယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မလာ ဘူး ဆိုရင်လည်း အစိုးရက လုပ်ပေးရမှာလေ။ သဘာဝရင်းမြစ်တွေက ဝင်လာတဲ့ငွေတွေကို ခုနက ပြောတဲ့ ကဏ္ဍ တွေမှာ ပြန်သုံးရမယ်။ အခုပြဿနာက သဘာဝရင်းမြစ်က ပိုက်ဆံရတယ်။ ဒါပေမယ့် အဲပိုက်ဆံတွေက ကုန်ထုတ်လုပ်မှုကို ရောက်မလာဘူး။
မေး ။ ။ ဆရာအနေနဲ့ လာမည့် အစိုးရသစ်ကရော ခုလိုကဏ္ဍတွေမှာ သေချာကိုင်တွယ်နိုင်မယ်လို့ သုံးသပ်မိ ပါသလား။
ဖြေ ။ ။ ခုချိန်ထိကတော့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဖို့ နည်းနည်း အားနည်းနေတယ်ထင်တာပဲ။ သူတို့ပြောနေတဲ့ စကား တွေကို နားထောင်ကြည့်ရသလောက်လေ။ ခုက ပြောင်းရင်ပြီးရော ဆိုပြီး လုပ်နေကြတာ တွေရှိတယ်။ ပြောင်းတိုင်း ကောင်းတာမှ မဟုတ်တာ။ ကောင်းတဲ့ဘက်ကို ပြောင်းမှ ကောင်းတာလေ။ မကောင်းတဲ့ဘက်ကို ပြောင်းရင် ပိုဆိုးကုန်မှာ ပေါ့၊ တကယ် နားလည်ပြီး တကယ်ပြောင်းဖို့ လိုအပ်ပါတယ်။
မေး။ ။ ငွေကြေးဖောင်းပွမှုကို ဘယ်လိုပုံစံနဲ့ ထိန်းလို့ရနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အစိုးရရဲ့ဝင်ငွေ၊ ထွက်ငွေမမျှတတဲ့ အချိန်မှာ ငွေကြေးဖောင်းပွမှုဖြစ်တတ်တယ်။ အစိုးရက အကြွေးပိုများ လာ တယ်၊ အဲလို အကြွေးများလာတာနဲ့ ငွေတန်ဖိုးကျလာတယ်။ ချက်ချင်း ငွေကြေး ဖောင်းပွလာမယ်။ အဲဒီတော့ အစိုးရရဲ့ လိုငွေကို ငွေစက္ကူရိုက်ထုတ်ပြီး ဖြေရှင်းမလား။ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းမလား။ ငွေစက္ကူ ရိုက်တာကတော့ ပြည်သူ ကို တိုက်ရိုက်ထိမယ့် နည်းလမ်းလေ။ ဒေသတခုတည်းမှာ လှည့်လည်သုံးစွဲတဲ့ ငွေကြေး ပမာဏက များလာတာနဲ့ သူရဲ့ တန်ဖိုးက ကျလာတယ်။ သူ့တန်ဖိုး ပြောင်းလဲတာနဲ့ ကုန်ဈေးနှုန်းက လိုက်ပြောင်းမယ်။
အမေရိကန်လို နိုင်ငံမျိုးမှာတော့ အဲလိုဖြစ်လာတဲ့အခါ ဘဏ်အတိုးနှုန်းမြှင့်လိုက်တယ်။ အတိုးနှုန်းမြှင့်လိုက်တော့ လူတွေ က ဘဏ်မှာ ငွေလာအပ်ကြတယ်။ အဲလိုနည်းနဲ့ ငွေတွေပြန်သိမ်းတယ်။ ဒါကညင်ညင်သာသာ ငွေသိမ်းတဲ့နည်းပေါ့။ အစိုး ရရဲ့ ဝင်ငွေ/သုံးငွေနဲ့ ထိန်းလို့ရတယ်။ နောက်တခု Private Sector တွေမှာ တိုးတက်အောင်လုပ်ပြီး ထိန်းမလား။ ဖွံ့ဖြိုးစ နိုင်ငံတွေမှာ အကုန် ပတ်ထိန်းရပါတယ်။
မေး ။ ။ အစိုးရသစ်အနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ဘာတွေလုပ်ပေးဖို့ လိုအပ်ပါသလဲ။
ဖြေ ။ ။ မြင်တာကတော့ တက်တက်ချင်း ၂၀၁၆ မှာတော့ ဘာမှ သေချာမလုပ်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်း ပြည်က ပိုက်ဆံမရှိဘူးလေ။ အဲဒီအတွက် နောက်တက်လာမယ့် အစိုးရဟာလည်း သဘာဝရင်းမြစ်ကို အားကိုး ရမှာပဲ။ ကျန် တာတွေအားလုံးက ကျနေတာဆိုတော့။ သဘာဝရင်းမြစ်က ရလာတဲ့ငွေကိုမှ ကုန်ထုတ်လုပ်ရေးနဲ စိုက်ပျိုးရေးမှာ ပြန်သုံး ရင်တော့ မဆိုးပါဘူး။ ဒါပေမယ့် လက်တွေ့ဘဝကျ သူလည်းလျော့ဖို့ မဖြစ်နိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူက ပညာ ရေးကြီး ပြင်ပါမယ်ဆိုပြီး တက်လာတာလေ။ အဲဒါကြောင့် ၂ နှစ်အတွင်းမှာတော့ ကြီးကြီးမားမား ပြောင်းလဲလာမှာ မဟုတ် သေးဘူး။ ၂၀၁၇ အလွန်မှာ ပေါ်လစီကောင်းရင်တော့ စီးပွားရေးက တက်လာမယ်။
မေး ။ ။ မိရိုးဖလာလုပ်ကိုင်နေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဘာအကြံပြုလိုပါသလဲ။
ဖြေ ။ ။ Traditional စွဲထားတဲ့အစွဲတွေကို ဖျောက်လိုက်ဖို့ လိုလာပြီ။ ငါဒီလိုပဲ လုပ်လာလို့ နင်တို့ကို ကျောင်း ထားပေးနိုင် တယ်ဆိုတာမျိုးတွေက ခုချိန်မှာ ပြောလို့မရတော့ဘူး။ ကိုယ့်ပတ်ဝန်းကျင်ကို လေ့လာပါ။ သူများရဲ့ အား သာချက်၊ ကိုယ့်ရဲ့ အားသာချက်ကို လေ့လာပြီး စားသုံးသူအတွက် တကယ်လိုအပ်တဲ့၊ သူများနဲ့ မတူတဲ့ ဝန်ဆောင်မှုတွေ ပေးပါ။