ဂီတဟာ ကြမ်းတမ်းတဲ့သူရဲ့ နှလုံးသားကို သိမ်မွေ့လာစေတယ်၊ ခံစားမှုကို ဖြစ်တည်လာစေတဲ့ အစွမ်းရှိပါတယ်။ ဂီတ ပုံစံမျိုးစုံ ကွဲထွက်လာပေမယ့် ဂီတနဲ့ပတ်သက်ရင် ကိုယ့်အကြိုက် ဂီတရဲ့ တေးသီချင်း သံစဉ်တွေကိုတော့ ဘယ်သူမဆို ခံစားကြိုက်နှစ်သက်ကြ သူချည်းပါပဲ။ ဂီတပုံစံတွေ မျိုးစုံထွက်ပေါ်လာပေမယ့် Rock ဂီတကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမယ့် ဂီတတခု မဟုတ်ဘူးဆိုတာ Rock ပရိသတ်တွေ သိနေပါတယ်။ ဒါကြောင့် Rock ဂီတက နှလုံးသားချင်းဆက်နွှယ်နေပြီး လူတွေရဲ့ ရင်ခုန်သံပေါ်မှာ အခြေပြု တည်ဆောက်ထားတဲ့ ဂီတဖြစ်လို့ ခံစားတတ်တဲ့လူသားတွေ ရှိနေသရွေ့ Rock ကလည်း ပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ ဆိုလာတဲ့ IC Band ရဲ့ အဆိုရှင် ရော့ကာကြီး လေးဖြူကို ဧရာဝတီ သတင်းထောက်ယုမွန်ကျော်က တွေ့ဆုံ မေးမြန်း ထားပါတယ်။
မေး။ ။ အခု IC အဖွဲ့က ဖျော်ဖြေမယ့်ပွဲတွေမှာ JBL က စက်ပစ္စည်းသစ်တွေနဲ့ လဲပြီး ဖျော်ဖြေမှုတွေ လုပ်နေပြီလို့ သိရပါတယ်။ ဒီလို စက်ပိုင်းဆိုင်ရာက သီဆိုဖျော်ဖြေမယ့် အဆိုတော်အတွက် ဘယ်လောက်အထိ အထောက်အပံ့ ပေးနိုင်တယ်လို့် ကိုလေးဖြူ မြင်မိပါလဲ။
ဖြေ။ ။ အများကြီး သက်ရောက်မှု ရှိတာပေါ့။ အခု ကျနော်တို့ စကားပြောနေတဲ့အသံက ဒီလောက်လောက်ပဲ ရှိတာလေ။ ဒါကို လူတသိန်းကြားအောင် ချဲ့ရတဲ့အခါမှာ မလိုလားအပ်တဲ့ Noise တွေ ပေါ်လာမှာပဲ။ မလိုလားအပ်တဲ့ အသံတွေ ထွက်ပေါ်လာတယ်၊ အဲဒါတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်တဲ့ System ကိုစောင့်ကြည့်နေတာ။ ဒီပစ္စည်းတွေက ဒီဘက်ခေတ်မှ ရောက်လာတာလေ။ နားထောင်တဲ့သူတွေနဲ့ ထုတ်လွှတ်တဲ့ကြားမှာ အသံကို အကောင်းဆုံး ဖြစ်စေတယ်။ ဒီ System က လာတဲ့ ပရိသတ်ကို Calculate လုပ်ပြီးမှ ထုတ်တာလေ။ လူဦ်းရေ ၆ ထောင်ရှိရင် ၆ ထောင်အတွက် ထုတ်လွှတ်ပေးတဲ့ System တွေ၊ Software တွေက တဆင့်လွှတ်ပေးတာ။ လူတသိန်းဆိုရင်လည်း Force ဘယ်လောက်နဲ့ သွားမယ် အသေးစိတ် Detail ကို ကွန်ပျူတာနဲ့တွက်ပြီးတော့မှ အသံကို ထုတ်ပေးတာ။ သူက ဘယ်လောက် အကျိုးရှိတယ်ဆိုတာ ခန့်မှန်းလို့ ရလောက်ပြီပေါ့။ အရင်တုန်းက ဒီလိုမျိုးတွေ မရှိခဲ့ဘူးလေ။ အခုဒါက ခေတ်ပြောင်းသွားတဲ့ သဘောလေ။
မေး။ ။ အခုနောက်ပိုင်း Show ပွဲတွေမှာ လာကြည့်တဲ့ ပရိသတ်ရော၊ အဆိုတော်တွေရော စင်အပြင်အဆင် တွေကရော အများကြီး ပြောင်းလဲလာပြီလို့ ကိုလေးဖြူက ပြောတယ်။ တခြားအပိုင်းတွေမှာ ပြောင်းလဲလာဖို့ကရော ဘာတွေ လိုအပ်တယ်လို့ မြင်မိပါလဲ။
ဖြေ။ ။ ကျနော်တို့ဘက်ကလည်း လိုက်လျောညီထွေစွာ လိုက်ပြီးတော့ ပြောင်းရမယ်ပေါ့။ ဥပမာ ပြောင်းလဲချင်ကြ တာတော့ တနိုင်ငံလုံးကပဲလေ။ အစိုးရကအစ ပြည်သူလူထုအဆုံး အကုန်လုံးက ပြောင်းလဲချင်ကြတယ်။ ပြောင်းလဲချင်ကြ တာကို ကျနော်တို့က ဘယ်လိုမျိုး Message ပေးလဲဆိုတော့ မိမိကိုယ်ကိုယ်လည်း အရင် ပြောင်းလဲပါဦး။ မိမိကိုယ်ကနေ အရင်စပါလို့ အဲဒီ Message လေးပေးချင်ပါတယ်။
မေး။ ။ ဂီတနဲ့ ပတ်သတ်ပြီးမေးချင်တာက အခုနောက်ပိုင်းမှာ အဆိုပြိုင်ပွဲတွေကလည်း အများကြီးရှိလာပြီ၊ ပရိသတ် သိတဲ့ပွဲတွေရော၊ မသိတဲ့ပွဲတွေရော အများကြီးပဲ။ ဒီလို များပြားစွာပေါ်လာတဲ့ ပြိုင်ပွဲတွေနဲ့ ပတ်သတ်ပြီးရော ဘယ်လိုများ မြင်မိပါလဲ။
ဖြေ။ ။ နည်းတောင် နည်းပါသေးတယ်။ အမှန်တကယ် ဒီထက်အများကြီး ပေါ်လာရမှာ။ နည်းသေးတယ်ဆိုတာက ဒီလိုလေ၊ ကောင်းမွန်တဲ့ တယောက် ထွက်ပေါ်ဖို့အတွက် အများကြီးထဲကမှ ပိုပြီး အရည်အချင်း ရှိတဲ့သူ ထွက်ပေါ်တာလေ။ အဲဒါရှိတယ်။ အများကြီးရှိမှ အဲဒီအထဲက တကယ်တော်တဲ့ တယောက်က ထွက်လာမှာ။ သုံးလေးယောက်ပဲ ရှိတဲ့အထဲက တယောက်ထွက်လာရင် စဉ်းစားကြည့်လေ။ အရေအတွက်များတဲ့ထဲက ထွက်တာနဲ့ နည်းတဲ့ထဲက ထွက်တာနဲ့လေ။
မေး။ ။ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ မေးခွန်းရော မေးလို့ရမလား။
ဖြေ။ ။ ကျနော်နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ်ခင်ဗျ။
မေး။ ။ ဒါဆို အခု ပြောင်းလဲလာတဲ့ နိုင်ငံရေးမှာ ကိုလေးဖြူအနေနဲ့ရော ဂီတပိုင်းမှာ ဘယ်လို ပြောင်းလဲမှုကို မျှော်လင့်ထားတာမျိုးရော ရှိပါသလား။
ဖြေ။ ။ ဟုတ်ကဲ့။ အများကြီး ရှိပါတယ်။ ဒါကလည်း ရှင်းရှင်းပြောရရင် ကျွဲကူးရေပါပေါ့။ နိုင်ငံတော်က ပြောင်းလဲမယ်၊ အစိုးရက ပြောင်းလဲမယ်၊ လူတွေကလဲ ပြောင်းလဲမယ်ဆိုရင် ကျနော်တို့ Music ကလည်း မလွဲမသွေ ပြောင်းရမှာပဲ။ ဆိုလိုတာက တင်ဆက်ပုံ တင်ဆက်နည်းတို့၊ ဂီတအမျိုးအစားတို့၊ အမှန်က Music ဆိုတာ သစ်ပင်လိုပဲ အမြဲတမ်း Develop ဖြစ်နေရမှာလေ၊ တနေရာမှာ ရပ်နေလို့ မရဘူး။ ဒါပေမယ့် နှစ်ရှည်လများ ဒီတခုတည်းကိုပဲ ထုံပြီး ဒီတခုထဲကိုပဲ သာယာနေတဲ့ အဲဒီလောက် ကောင်းမွန်နေတဲ့ Music မျိုးကတော့ ကမ္ဘာမှာ ဘယ်နှခုမှ မရှိပါဘူး။ Rock Music ကတော့ ပုံစံသာ နည်းနည်းပြောင်းရင် ပြောင်းသွားမယ်။ သ့ူရဲ့ အရိုးအရေကတော့ ဒီအတိုင်းပါပဲ။ သူက ကြာရှည်ခံတယ်။ အဲဒါကြောင့်သူများတွေက ပြောကြတယ်၊ Rock Will Never Die ဆိုပြီးတော့လေ၊ ကျနော်တို့လည်း အဲဒီလိုပဲ Rock ကို ချစ်မြတ်နိုးပါတယ်။ ပြောင်းလဲတယ် ဆိုတာကလည်း သူ့ရဲ့ အသွင်အပြင်နဲ့ ပရိသတ်တွေဆီကို တဆင့် ရောင်းချတဲ့နည်းတို့၊ နောက်ပြီး Data Travelling ပေါ့၊ ကျနော်တို့ရဲ့ အနုပညာပစ္စည်းကို ဘယ်လိုဖြန့်ဖြူးမလဲ ဆိုတဲ့နည်းစနစ်တွေရော ပြောင်းလဲရမှာ ပေါ့။ အခုဆိုရင် သီချင်းတွေကို ဟန်းဖုန်းကနေ ဝယ်လို့ရနေပြီ။ ကျနော်တို့ အရင်တုန်းက ဆိုရင် ဘားလမ်းမှာ သွားဝယ်ရတယ်။ နောက်တခါ City Mart မှာ ဝယ်လို့ရတယ်။ အခုဆိုရင် အွန်လိုင်းပေါ်မှာ ဝယ်လို့ရလာတယ်။ အဲဒီလိုမျိုးပေါ့။ အဲဒါတွေ ပြောင်းလဲလာတယ်။ ပြောင်းလဲသင့်ပြီ။
မေး။ ။ ဒီဘက်ခေတ် အရည်အသွေးမြင့် စက်ပစ္စည်းတွေရဲ့ အထောက်အပံ့အများကြီးရလာတဲ့ အခုခေတ်မှာ အနုပညာ ဖန်တီးသူရဲ့ အရည်အသွေးပိုင်း ဆိုင်ရာမှာ ပိုပြီး မြင့်တက်လာမလား၊ ဆုတ်ယုတ်သွားနိုင်မလား ဆိုတာ ကိုလေးဖြူရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ နှစ်ခုစလုံးရှိတယ်။ ကောင်းတဲ့ဟာရှိသလို မကောင်းတဲ့ဟာလည်း ရှိတယ်။ နှစ်ခုစလုံး တွဲယူရတယ်။ ကောင်းတဲ့ဟာ ကျတော့ သူက Individual အရမ်းလုပ်လို့ ရသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ High Technology အသစ်တွေနဲ့ လူတွေကို သီချင်းကို တယောက်တည်း ရေးလို့ရအောင်၊ သီချင်းအသစ်တွေကို တယောက်တည်း လုပ်လို့ရ သွားအောင်၊ တယောက်တည်း စုစည်းလို့ ရသွားအောင်၊ တယောက်တည်း Composing မှာ တယောက်တည်း လုပ်လို့ရအောင် ပစ္စည်းတွေ ပေါ်ပေးတယ်။ တကယ့် အခြေခံ Base က ရေးတဲ့သူရဲ့ နှလုံးသားကပဲ အဓိက ကျတယ်။ သူ့ဆီက ထွက်လာတဲ့ ဟာကသာ အဓိက၊ ကျန်တဲ့ဟာတွေက Tools တွေပဲလေ။ လက်နက် ကိရိယာတွေပဲ။ ဒါတွေနဲ့ အားသုံးပြီးမှ ထုတ်လို့ရတာ။ အခုက ဘာခေတ် ရောက်နေလဲဆိုတော့ Tools တွေ အရမ်းများတယ်။ ဒါပေမယ့် ဒီရင်ထဲက ဖြစ်ဖို့ လိုတယ်။ ဒါက ကောင်းသွားတယ်၊ တိုးတက်တဲ့အပိုင်းပေါ့၊ ပစ္စည်းတွေ များလာတာ။ မကောင်းတာတွေက ဘာတွေလဲ ဆိုတော့ ဒီဟာကို တန်ဖိုးထားမှုတွေ။ ဥပမာ – နင်လည်း လုပ်တတ်တယ်၊ ငါလည်း လုပ်တတ်တယ်၊ လူတိုင်း လုပ်တတ်တယ်၊ ဒါဟာ ဘာမှမဆန်းဘူး ဆိုတဲ့ဟာမျိုး။ Music For free ဆိုတဲ့ ဟာမျိုးတွေ၊ တချို့လွဲမှားတဲ့ အတွေးအခေါ်တွေ ကလေးတွေမှာ ဖြစ်သွားဖို့ Chance များတယ်။ သူက နှစ်ခုကို တွဲယူရတာကိုး။ အကောင်းနဲ့ အဆိုးကတော့ ဒွန်တွဲနေမှာပဲ၊ တခုတည်း ယူလို့ မရဘူး။
မေး။ ။ Rock ဂီတကို ဒီဘက်ခေတ် လူငယ်တွေ စိတ်ဝင်စားမှု အပိုင်းနဲ့ Rock ဂီတရဲ့ မြန်မာနိုင်ငံမှာ ရပ်တည်မှု အနေအထားကိုရော ကိုလေးဖြူ ဘယ်လိုသုံးသပ် ပြောပြချင်လဲ။
ဖြေ။ ။ ကျနော်ကတော့ Blind Face ပဲပြောပြော Rock music ကတော့ ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက လူတွေရဲ့ ရင်ခုန်သံပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတဲ့ ဂီတဖြစ်နေတဲ့ အတွက်ပါ။ အဲဒါက တော်ရုံတန်ရုံ လူသိ နားလည်မှာ မဟုတ်ဘဲ နှလုံးသားချင်း ချိတ်ဆက် နားလည်ရတဲ့အလုပ် သူတီးတဲ့ Base နဲ့ သူတီးတဲ့ Dram နဲ့ သူဆိုတဲ့ Tempo နဲ့ ချိတ်ဆက်ထားတာ၊ နှလုံးသားချင်းချိတ်ဆက်ပြီး လုပ်နေရတဲ့အလုပ်ပါ။ လူတွေမှာ မွေးကတည်းက ပါတဲ့နှလုံးသားနဲ့ ဆောက်တည်ပြီး၊ အခြေခံပြီး လုပ်နေရတဲ့ အတွက် လူတွေရှိနေ သမျှ သူကလည်း ရှိနေဦးမှာပါ။