၂၀၁၆ ခုနှစ်မှစ၍ မော်တော်ယာဉ်အို၊ ယာဉ်ဟောင်းလဲလှယ်သည့် စလစ်မှလွဲ၍ နိုင်ငံတွင်းသို့ ဘယ်မောင်း ယာဉ် များ သာ တင်သွင်းရမည်ဟု အစိုးရက ထုတ်ပြန်လိုက်ရာ ယင်းထုတ်ပြန်ချက်သစ်ကြောင့် မော်တော် ယာဉ်ဈေးကွက်နှင့် မော်တော်ယာဉ်တင်သွင်းသည့် စီးပွားရေးလုပ်ငန်းရှင်များအကြား ဂယက် ရိုက်ခတ် မှုများ စွာဖြစ်ပေါ်နေပြီး ကားဈေးများ မြင့်တက်ခြင်း၊ ဘယ်မောင်းယာဉ်သစ်များတင်သွင်းရန် ပြင်ဆင်လာရခြင်း အပါ အဝင် အပြောင်းအလဲများစွာဖြစ်ပေါ်လျက်ရှိသည်။ ယင်းသို့သော အခြေအနေများနှင့်ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် သစ်နေမိုးက မြန်မာ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကို တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ မော်တော်ယဉ်ဥပဒေက ထွက်ပြီးပြီ။ဒါပေမယ့် နည်းဥပဒေက မထွက်သေးဘူး။ဒီလို မထွက်သေး ခင် ကြား ထဲမှာ ကားတင်သွင်းမှု စည်းမျဉ်းက လာမယ့်နှစ်အတွက်ဆိုပြီး ထွက်လာတယ်။ဖရီးပါမစ်တွေ မပိတ်ရုံ တမယ် တင်းကျပ် ထားတဲ့အချက်တွေပါပြီး ဘယ်မောင်းကားသစ်ကိုပဲသွင်းရမယ်ဆိုတာပါလာတယ်။ဒီမှာ ဘယ် လို ဂယက်တွေ ဖြစ်လာနိုင်လဲ။
ဖြေ။ ။ မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သတ်ပြီး ကုန်းလမ်းပို့ဆောင်ရေးဌာနက ကြေညာ ချက် ထွက် တာပေါ့လေ။ အဲဒီမှာ အဓိက အပြောင်းအလဲဖြစ်သွားတာကတော့ ဖရီးပါမစ်တွေပေါ့။ ဖရီးပါးမစ်တွေကို ၂၀၁၄ ကနေ ၂၀၁၆ ဆိုတဲ့ကားသစ်တွေသာ တင်သွင်းခွင့်ပြုတယ်ဆိုတာပါတာပေါ့။ ဒီတော့ လက်ရှိ ဖရီးပါမစ် သွင်းမယ့် ဟာတွေရပ်သွားမယ်။ နောက် ထရပ်ကားနဲ့ ဘတ်စ်ကားတွေကိုလည်း ဘယ်မောင်းတခုပဲ တင်သွင်း ခွင့်ပြုမယ်။ အဲ့ဒါလည်းပါတယ်။ နောက်ဌာနဆိုင်ရာကားတွေ သာရေးနာရေး ကားတွေလည်း ဘယ်မောင်း အသစ်သာ တင်သွင်းခွင့်ပြုမယ်ပေါ့။ ယာဉ်အိုယာဉ်ဟောင်းကတော့ ဆက်သွင်းခွင့်ပြုတယ်။ ၂၀၀၆ခုနှစ်အထက် ၂၀၁၃ ခုနှစ်အထိ၊ ဒါကိုတော့ ဆက်ပြီး ဘယ်ညာ မရွေးသွင်းခွင့်ပြုတာပါတာပေါ့နော်။ဒါက လက်ရှိပြောင်း လဲသွား တဲ့ မော်တော်ယာဉ် တင်သွင်းတဲ့ ခုနှစ်နဲ့ မော်ဒယ်တွေပေါ့နော်။
ကျနော်တို့ကတော့ အခုသွားမယ့် လမ်းကြောင်းကို ကြည့်တာက ယာဉ်အိုယာဉ်ဟောင်း သုံးတာနဲ့ စာရင် ညာမောင်းနဲ့ စာရင် ဘယ်မောင်းကိုပဲ အဓိက ဦးစားပေးတင်သွင်းတဲ့ ပုံစံမျိုးကို သွားတာပေါ့နော်။ ဘာပုံစံလဲ ဆိုရင် ကားသစ်တိုးတဲ့ဟာ အကုန်လုံးကို ဘယ်မောင်း ဖြစ်ရမယ်ပေါ့နော်။ ယာဉ်အိုယာဉ်ဟောင်း ညာမောင်း တစီးရှိပြီး ဖျက်ရင် ညာမောင်းတစီး ယာဉ်အို ယာဉ်ဟောင်း လဲလှယ်တဲ့ ပုံစံ သွားတယ်လို့မြင်ပါတယ်။
မေး။ ။ အခု Show Room တွေမှာ သွင်းထားတဲ့ ညာမောင်းကားတွေရှိနေမယ့်ပေါ့။နောက်ပြီး အရင် ဈေး ကွက် မှာ ရှိနေတဲ့ ညာမောင်းကားတွေလည်း ရှိမယ်ပေါ့။ဆိုတော့ ဒီကားတွေက ဈေးအခြေအနေ ဘာဆက် ဖြစ်လာနိုင်လဲ။
ဖြေ။ ။ အခုဟာ လက်ရှိ သုံးနေတဲ့ကားတွေတော့ ဆက်ပြီးသုံးခွင့်ပြုမှာပေါ့။ ဒါပေမယ့် နှစ်တခု သတ်မှတ် ပြီးရင်တော့ ပယ်ဖျက်သွားမယ့် သဘော ရှိတယ်။ လောလောဆယ်တော့ အဲ့ဒီအချက်မပါသေးဘူးပေါ့။ နောင် ကျရင် တော့ နှစ်တခုနဲ့ တဖြည်းဖြည်း လျော့သွားမယ်လို့ မြင်တယ်။ တခုပြောစရာကျန်နေတာက ကျနော်တို့ အရောင်း စင်တာတွေမှာက ၂ မျိုးရှိတယ်။ယာဉ်အိုယာဉ်ဟာင်း စလစ်နဲ့သွင်းတဲ့ကား လည်း ရှိတယ်။ ဖရီးပါမစ် အတွက်လည်း တင်သွင်းထားတာရှိတယ်။
ဖရီးပါမစ်အတွက်ကို ၂၀၁၀ ကနေ ၂၀၁၃ သွင်းတဲ့ကားတွေ ရှိတယ် ပေါ့။အဲ့ကားတွေကို ကျနော်တို့ ဘာလုပ်ရ မလဲဆိုတာကတော့ အခုထိ မသိသေးဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အဲ့ဒီကားတွေက ယာဉ်အိုယာဉ်ဟောင်း စနစ်လည်းကပ်လို့မရဘူး။ ဖရီးပါမစ်ဆိုပြီတော့မှ တင်သွင်းထား တာ ပေါ့နော်။ သူ့ရဲ့မူအရ ၂၀၁၆ ဇန်နဝါရီ ၁ ရက်နေ့မှာ မူကပြောင်းမယ်ဆိုရင် ဒါတွေကို စလစ်ကပ်ရမလားပေါ့။
မေး။ ။ လက်ရှိ ရှိနေတဲ့ ညာမောင်းတွေကျတော့ လိုင်စင်သက်တမ်းတိုးပေးဖို့၊ မပေးဖို့ ဆိုတာတွေကရော ဒီပြသနာ တွေ ဘာရှိလာနိုင်လဲ။
ဖြေ။ ။ ကျနော်မြင်တာတော့ ချက်ချင်းကြီး ဖျက်ဖို့တော့ မလွယ်ဘူး။ နှစ်အကန့်အသတ်နဲ့ပေါ့။၁၀ နှစ်လား ၁၅ နှစ်လား နှစ်အကန့်အသတ်နဲ့ သွားပြီး ဖျက်သိမ်းပေါ့။ ဒါပဲ ရှိတာ။ တဖြည်းဖြည်း လျော့သွားမှာပေါ့။ ချက်ချင်း ကြီးကတော့ ရှိတဲ့ကားတွေ အကုန်လုံး ဖျက်သိမ်းဖို့က ပြသနာရှိတယ်။
မေး။ ။ ဒါဆို ဥပဒေက ဘယ်မောင်းဆိုရင် နည်းဥပဒေမှာ လက်ရှိကားတွေနဲ့ ပတ်သတ်ပြီးဘယ်လိုဟာမျိုး ထည့်ဆွဲ ရင် အဆင်ပြေနိုင်မလဲပေါ့။
ဖြေ။ ။ နည်းဥပဒေမှာ ဘာမှ ထည့်မထားဘူး။ ကျနော့်ဆီ မူကြမ်းပို့တယ်။ ဒီထဲမှာ မော်တော်ယာဉ် တင်သွင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ထည့်မထားဘူး။
မေး။ ။ ဒါဆိုရင် ဘာနဲ့ ပြန်ထိန်းမလဲပေါ့။ ဥပဒေမှာကျ ပါနေပြီဆိုတော့။
ဖြေ။ ။ ဥပဒေမှာက လမ်းစနစ်နှင့်ကိုက်ညီသည့် မော်တော်ယာဉ်များကိုသာ တင်သွင်းရန်ပေါ့။ဘယ်တော့ သက်ရောက်မယ်ဆိုတာ ဒီဥပဒေမှာ ပြဌာန်းထားတာ မရှိဘူး။အဲ့ဒီ အတွက် ဒီအတိုင်းပဲတော့သွားမှာပေါ့။ နည်း ဥပဒေမှာပါ၊ မပါရင် အမိန့်ကြေညာစာ ထွက်ပေါ့။ နည်းဥပဒေမှာလည်း မပါတဲ့ အတွက် ဒီတိုင်းပဲ ရှိနေမှာပဲ။ သူက ဘယ်မောင်းမဟုတ်ပဲ ညာမောင်းဖြစ်ရင် ဘာဖြစ်မယ်ဆိုတာမျိုး ဘာမှ ရေးထားတာ မရှိဘူး။ ဥပဒေရော နည်းဥပဒေရော။ အဆင်ပြေသလို အမိန့်ကြော်ငြာစာနဲ့ပဲသွားမယ်ဆိုတဲ့သဘော။
မေး။ ။ အခုလို့ မူဝါဒသစ်နဲ့ နှစ်သစ်မှာစမယ်ဆိုတော့ ကားဈေးတွေက တက်မယ့်သဘောလား။
ဖြေ။ ။ လောလောဆယ် စပ်ကူးမက်ကူးမှာတော့ နည်းနည်းလေး တက်မှာပေါ့။ဒါပေမယ့် ရေရှည်သွား ရင်တော့ အများကြီး မတက်နိုင်ဘူး။ Brand New တွေကလည်း ကြည့်တော့ ရောင်းတဲ့ဈေးက အများကြီး မရှိပါဘူး။ မရှိတဲ့ အခါကျ အရင်လို တပ်မတော် အစိုးရလက်ထက်မှာလို လုံး၀ အပိတ် ကစားတာ မဟုတ်တဲ့ အတွက် အများကြီး ဆွဲတင်လို့မရဘူး။ တခုရှိတာ က လက်ရှိကားဈေးက လာမယ့် ၁ ရက်နေ့မှာ တက်သွားမလားဆိုတဲ့ နေရာမှာ တက်တာတော့ တက်တာပဲ။ ဒေါ်လာဈေးကလည်းတက်နေတယ်။ ဒါပေမယ့် လာမယ့် ၆လ ၁နှစ်လောက်အတွင်းတော့ အများကြီး မတက်နိုင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သွင်းထား တဲ့ကားတွေလည်း များတယ်။ Show Room ထဲမှာကိုက ရောင်းမထွက်တဲ့ ကားတွေက ၅သောင်း လောက်ရှိတယ်။ တနိုင်တပိုင် တင်သွင်းတဲ့ ကားတွေလည်း လေးငါးသောင်း ရှိတယ်။ဒါကြောင့် ဒီလေးငါး ခြောက်လအတွင်း မှာ အများကြီးတက်သွားမယ်လို့ မမြင်ပါဘူး။
မေး။ ။ အခုသွင်းခွင့်ပေးတာတွေက ဘယ်မောင်း ကားအသစ်တွေပေါ့။သွင်းတဲ့ဈေးနှုန်းနဲ့ ပြည်တွင်းမှာ ထုတ်မယ့် ဈေးနဲ့ဆိုရင် ရှေ့အလားအလာ ဘယ်လိုရှိလည်း။ကားသစ်ဈေးကွက် အလားအလာပေါ့ဆရာ။
ဖြေ။ ။ နောက်ပိုင်းကျရင်တော့ ဘယ်မောင်းနဲ့ အသစ်လမ်းကြောင်းသွားတယ်ဆိုရင် မော်တော်ယာဉ် ထုတ်လုပ်တဲ့သူတွေ အတွက်ကတော့ ပြည်တွင်းမှာကားထုတ်လုပ်ဖို့ ဖြစ်လာတာပေါ့။ မဟုတ်ရင် သူတို့က ကားထုတ်လုပ်ပြီး ယာဉ်အို ယာဉ်ဟောင်းကားတွေနဲ့ မယှဉ်နိုင်တဲ့ အတွက်ကြောင့် တွက်ခြေမကိုက်ဘူးလို့ ပြောကြတာ။ အခုမူအရဆိုရင်တော့ နောက်ပိုင်းကျရင် မြန်မာပြည်မှာ ကားတပ်ဆင် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ပိုပြီး ရင်းနှီးမြှုပ်နှံမယ်လို့ မြင်တယ်။ အဲ့လို လုပ်နိုင်ဖို့ဆိုတာလည်း သူတို့လုပ်နိုင်ကိုင်နိုင်အောင် ဥပဒေတွေ ပြဌာန်းပေးဖို့လိိုတာပေါ့နော်။ ဒီတိုင်းကြီးတော့ မလွယ်ဘူး။
မေး။ ။ ကားသစ်ဈေးကွက်က မျှော်လင့်လို့ရမလား။ ဖြစ်လာနိုင်လားပေါ့။
ဖြေ။ ။ အခုဟာ အဲ့ဒီလိုသွားနေတာပေါ့။ကားဟောင်းကနေ ကားသစ်ကို သွားတာပေါ့။ တခုပဲ ရှိတယ် အကူးအပြောင်းကာလမှတော့ နည်းနည်းလေး လုပ်ရကိုင်ရတာ ကသိကအောက် ဖြစ်မှာပေါ့။ အခုသွား နေတာကတော့ ကားဟောင်းဈေးကွက်ကနေ ကားသစ် brand new ဈေးကွက်ကိုသွားနေတယ်။ တဖက် မှာလည်း ထုတ်လုပ်မှုအတွက်အားပေးရင် ပိုကောင်းတာပေါ့။ လက်ရှိ နည်းဥပဒေမှာတော့ ထုတ်လုပ်မှုအတွက် အားပေးထားတာ သိပ်မတွေ့ဘူးပေါ့။ ကားထုတ်လုပ်မှုနဲ့ ပတ်သတ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှှံမှုကို ၁၀၀ ရာခိုင်နှုန်း အပြည့်ပေးထားတယ်ပေါ့။ ဒါပေမယ့် ပံပိုးမှုဆိုတာ ကိုယ့်တိုင်းပြည်မှာက မြေယာက ဈေးကြီးနေတာ၊ လျှပ်စစ်မီး မရဘူး၊ တခါ ဥပဒေကမတည်ငြိမ်ဘူး။ ဒါတွေ ရှိတဲ့အတွက် မော်တော်ကား ရင်းနှီးမြှုပ်နှံမှုတော့ နည်းတာပေါ့။ လက်ရှိပြောရရင် ဆူဇကီး တခုပဲရှိတာပေါ့။
မေး။ ။ ဒါဆိုရင်တော့ ကားမူဝါဒက ထုတ်ပြန်ချက်တွေနဲ့ပဲသွားရအုံးမယ်ဆိုတဲ့သဘောပေါ့။
ဖြေ။ ။ နည်းဥပဒေထဲမှာလည်း မပါတဲ့ အတွက် အမိန့်ကြေညာစာနဲ့ပဲ သွားရအုံးမှာပါ။
မေး။ ။ နောက်ဆုံးအနေနဲ့ဆို မြန်မာ့ ကားလောကအပြောင်းအလဲကို ရှေ့ကို ဘယ်လိုပုံစံနဲ့မြင်ထားလဲဗျ။
ဖြေ။ ။ အခုဟာ ပြောင်းသွားပြီဆိုတော့ ကားဟောင်း Used ကားတင်သွင်းတဲ့သူတွေ၊ Used ကား အရောင်းစင်တာတို့ Used ကားတင်သွင်းတဲ့ တနိုင်တပိုင်သူတွေကတော့ လောလောဆယ် တခြား အလုပ် ပြောင်းဖို့ စဉ်းစားရမှာပေါ့။ သူတို့အတွက်တော့ အခက်အခဲပဲ။ အခုဟာလည်း ကျနော်တို့နိုင်ငံက စီးပွားရေး လုပ်မကောင်းတဲ့ အတွက် လူတိုင်းလိုလို ကားသွင်းနေကြတာပေါ့။
ဆရာဝန်လည်း ကားသွင်း ရုံးဝန်ထမ်းလည်း ကားသွင်းတာပဲ။ သင်္ဘောသားလည်း ကားသွင်း အဲ့လိုမျိုးတွေ ဖြစ်နေတာပေါ့။ ဒီပုံစံတော့ ပြောင်းသွားမယ်။ လောလောဆယ် ကားလောကမှာ မှီခိုနေတဲ့ လူတွေ ရှိကြ တာပေါ့။ အဲ့လူတွေ အတွက် ဒီအပြောင်းအလဲမှာ အခြားလုပ်ငန်းသစ် ရင်းနှီးမြှုပ်နှံဖို့ ပိုလိုလိပ်မယ် ။ လုပ်ငန်း ကြီးသမားတွေ brand new လုပ်တဲ့ ကုမ္ပဏီကြီးတွေအတွက်က ပိုပြီး လုပ်လို့ ကိုင်လို့ကောင်းလာမယ်။ ခုနကပြောတဲ့ ကျန်တဲ့ တနိုင်တပိုင်လုပ်တဲ့သူတွေအတွက်က ရေရှည်မှာ ခက်ခဲသွားမယ်။
မေး။ ။ ကားမူဝါဒ တွေ ခဏခဏ ပြောင်းနေတဲ့ ကျနော်တို့နိုင်ငံရဲ့အခြေအနေအပေါ် ဘာမှတ်ချက် ပေးချင် ပါသလဲ။
ဖြေ။ ။ တည်ငြိမ်ဖို့တော့ လိုတာပေါ့။ မော်တော်ယာဉ် ဥပဒေထွက်လာပြီး နည်းဥပဒေမှာလည်း ဖတ်ကြည့် တော့ ပြည့်စုံတာ မပါဘူး။လက်ရှိက အမိန်ကြေညာ ချက်နဲ့ပဲသွားနေတာနဲ့ စာရင် ဥပဒေ၊ နည်းဥပဒေမှာ ပြည့်စုံ တဲ့ဟာတွေ ပါဖို့လိုတယ်။ဥပဒေ နည်းဥပဒေ ရေးဆွဲတဲ့ နေရာမှာလည်း သက်ဆိုင်ရာ မော်တော်ကား လုပ်ဆောင် နေတဲ့ အသင်းအဖွဲ့တွေကို ဖိတ်ခေါ်ပြီး အကြံညဏ်ပြု့ရေးဆွဲရင် ပိုပြီး ပြည့်စုံလိမ့်မယ်လို့မြင်တယ်။ မဟုတ် ရင်တော့လည်း အခက်အခဲတွေ ကြုံတွေ့နေရမှာပါ။ အခုနည်းဥပဒေမှာ ကျနော်တို့ အကြံပြုထားတာတွေတော့ ရှိပါတယ်။