နှစ်သစ်၊ လူသစ်၊ စိတ်သစ်နှင့် နိုင်ငံသစ်ဆီသို့

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ယခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်က မြန်မာ ပြည်သူလူထုအတွက် ၂ဝ၁၆ အတွက် မျှော်လင့်ချက်၊ အားမာန် နှင့် တာဝန်သစ်များကို လက်ဆောင်ကမ်းလိုက်ပြီ ဖြစ်သည်။ ဆယ်စုနှစ်များစွာအတွင်း အရင်းအနှီးကြီးမားစွာ ပေးဆပ်ထား ရသည့် အောင်မြင်မှု အသီးအပွင့်ကို ၂ဝ၁၆ တွင် မြန်မာပြည်သူ လူထု စတင်ခံစားချိန် ရောက်ပါပြီ။

ရွေးကောက်ပွဲကာလကို တည်ငြိမ်စွာ ဖြတ်သန်းခဲ့ပြီးနောက် အာဏာလွှဲပြောင်းသည့် ကာလတခုကို စောင့်ဆိုင်း နေကြချိန်တွင် မြန်မာပြည်၌ အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများကို စတင်တွေ့လာရသည်။ အမေရိကန် နိုင်ငံက ပိတ်ဆို့အရေးယူမှုတချို့ကို ယာယီပိတ်သိမ်းပေးမှုမှ သည် ပြည်သူလူထုက ညီညွတ်စွာ အမှိုက်ကောက်ကြသည်အထိ ဖြစ်ပါသည်။ အာဏာလွှဲပြောင်းမှုမတိုင်မီ တည်ငြိမ်မှုပျက်ပြား စေရန်၊ ပဋိပက္ခကို ဦးတည်စေရန် မီးမွှေးသည့်လုပ်ရပ်တချို့နှင့် အမုန်းအာဃာတ စကားများကိုလည်း လူထုက သတိကြီးကြီး ထားကာ လက်မခံကြသည်မှာလည်း အားရဖွယ်ရာ ဖြစ်ပါသည်။

နိုင်ငံရေးအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် စစ်မှန်သည့် ဒီမိုကရေစီကို ဖော်ဆောင်ရန် လမ်းပွင့်သွားပြီးနောက် စီးပွားရေး၊ ပညာရေး၊ နိုင်ငံတွင်း ရုပ်ပိုင်းအခြေခံ အဆောက်အအုံများ စသည်ဖြင့် လုပ်ဆောင်စရာ များစွာက စောင့်ကြိုနေပါသည်။ စနစ်ဟောင်းမှ အကျင့်ဟောင်း အကျင့်ဆိုးများကို ဖယ်ခွာ၍ စနစ်သစ်တွင် လူသစ် စိတ်သစ်ဖြင့် တာဝန်သစ်များကို ထမ်း ဆောင်ရတော့မည် ဖြစ်ပါသည်။ ပြည်သူ့ဝန်ထမ်းများ အတွက်လည်း ထိုက်သင့်သော ခံစားခွင့်များနှင့်အတူ ထိုက်သင့်သော တာဝန်ယူမှုများက စောင့်ကြိုနေပါသည်။

ကွဲပြားခြားနားပြီး မျှော်လင့်စရာ အပြည့်ရှိနေသော ၂ဝ၁၆ ခုနှစ်အတွက် ပြည်သူလူထုက စိတ်လှုပ်ရှားမှုအပြည့်၊ မျှော်လင့်ချက်အတိဖြင့် ရှိနေမည်ဟုလည်း ယုံကြည်ပါသည်။ စစ်မှန်သော အပြောင်းအလဲတခု ဖြစ်ထွန်းရေးအတွက် ပြည်သူလူထုက အားမာန်အပြည့်ဖြင့် ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာမှု၊ ဒီမိုကရေစီ အသီးအပွင့်တို့ကို ထိုက်တန်စွာ ခံစားနိုင်မှု၊ တိုင်းရင်းသားဒေသများတွင် လည်း ငြိမ်းချမ်းမှုရရှိပြီး ဖွံ့ဖြိုးတိုးတက်လာမှုများ ရှိစေကြောင်း ဧရာဝတီက ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Loading