ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အစိုးရသစ်ထံ အာဏာလွှဲအပ်ရန် နီးကပ်လာချိန်တွင် အစိုးရဌာတချို့ ဘတ်ဂျက်ငွေများကို ပုံအော အသုံးပြုခြင်း၊ ဖားကန့် ကျောက်စိမ်းတူးဖော်မှု ကဲ့သို့သော လုပ်ငန်းများကို အလွန်အကျွံ လုပ်ဆောင်ခြင်းနှင့် မျှတမှု မရှိဟု ဝေဖန်ခံနေရသော ကျောက်ဖြူစီမံကိန်းကို ရက်ပိုင်းအတွင်း အများစုမဲ အင်အားဖြင့် ခွင့်ပြုလိုက်ပြီး တရုတ်ကုမ္ပဏီသို့ အားချင်း ချပေးလိုက်ခြင်း စသည့် မေးခွန်းထုတ်စရာ လုပ်ရပ်တို့ကို လုပ်ဆောင်လာကြောင်း တွေ့ရသည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရယန္တယား ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် ထုတ်ဖော် ပြောဆိုထားသည်။ NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် သဘာဝအရင်းအမြစ်များ ထုတ်ယူရာမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ်ပြည်ထောင်စု မူနှင့်အညီ ဒေသအလိုက် မျှတစွာခွဲဝေ ခံစားခွင့်ရှိရေး၊ ပွင့်လင်းမြင်သာသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပေါ်ပေါက်လာစေရေး၊ သဘာဝအရင်းအမြစ်များ ထုတ်ယူရာတွင် ပွင့်လင်းမြင်သာသော အစီအမံများကို ပြည်သူများသို့ အသိပေးရန်၊ အလွန်အကျွံ သစ်ထုတ်လုပ်မှု လျှော့ချရေး၊ သဘာဝအရင်းအမြစ်များကို လက်ဝါးကြီးအုပ် စီမံခန့်ခွဲခြင်းနှင့် ညီမျှခြင်း မရှိသော ခွဲဝေသုံးစွဲခြင်းတို့ ပပျောက်ရေးတို့ကို ဖော်ဆောင်ရန် ကတိပြုထားရာ ယင်းအချက်များက လက်ကျန်အစိုးရ သက်တမ်းအတွင်း ထင်တိုင်းကြဲ လုပ်ဆောင်သွားရန် တွန်းအားများ ဖြစ်လာပုံရသည်။
ဖားကန့်တွင် ကြီးမားသော ယန္တယားကြီးများဖြင့် တူးဖော်နေမှုကို တာဝန်သိပြည်သူများက ဓာတ်ပုံသက်သေများဖြင့် လူမှုကွန်ရက်များတွင် ဖြန့်ကာ တပ်လှန့်နေခြင်း၊ လွှတ်တော်အမတ်များက မေးခွန်းထုတ်ခြင်းတို့ကို အစိုးရက အရုပ်ဆိုးစွာပင် လျစ်လျူရှုခဲ့ကြသည်။ တာဝန်ရှိ အစိုးရဌာနက လွှတ်တော်တွင် ဖြေရှင်းရာတွင် ပို၍ တာဝန်မဲ့သော ဖြေရှင်းချက်များကိုသာ ကြားခဲ့ကြရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ကိုင်ခွင့်ချပေးရေး ဆုံးဖြတ်ချက်တွင်လည်း ထို့အတူဖြစ်သည်။ မျှတမှု မရှိသော အကျိုးအမြတ်ခွဲဝေမှုကို ထောက်ပြနေကြသည့်ကြားမှ ကြံ့ခိုင်ရေးပါတီ အင်အားများမှုကို အသာစီးယူကာ ဆုံးဖြတ်လိုက်ကြသည်။ နောက်အစိုးရအတွက် ကိုင်တွယ်ရခက်စေမည့် ဝန်ထုပ်ဝန်ပိုးကို တာဝန်မဲ့ ချန်ပစ်ခဲ့ခြင်းသာ ဖြစ်သည်။
လွှဲမှားသော စီမံခန့်ခွဲမှု၊ ကိုယ်ကျိုးစီးပွား တခုတည်းကိုသာ ကြည့်ခဲ့မှု၊ အကျင့်ပျက်ခြစားမှုများကြောင့် အဘက်ဘက်က ယိုယွင်းပျက်စီးခဲ့ပြီးဖြစ်သော မြန်မာပြည်၏ လက်ရှိအခြေအနေတွင် အစိုးရသစ် မတိုင်မီ ရသလောက်ယူမည်ဟူသော လုပ်ဆောင်ချက်များက ဗူးလေးရာ ဖရုံဆင့်သကဲ့သို့ ဖြစ်နေသည်။ ယင်းအခြေအနေများကို ထိရောက်စွာ ကိုင်တွယ်ခြင်း မရှိသော ယခုအစိုးရအတွက်လည်း ထပ်မံစွန်းထင်ဦးမည့် သမိုင်းအမည်းစက်ဖြစ်သည်။
မကျန်တော့သော အစိုးရသက်တမ်းတွင် စိတ်စေတနာကောင်းဖြင့် အာဏာလွှဲပြောင်းပေးရန် လိုပါသည်။ အစိုးရသစ်အတွက် ဝန်ထုပ်ဝန်ပိုးအသစ်များ ထပ်ပေးရန် မသင့်တော့ပါ။