နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်အရ NLD ဟာ အတိုက်အခံ ဘဝကနေ အစိုးရဖြစ်လာပါတော့မယ်။ ရွေးကောက်ပွဲကို နိုင်အောင် လုပ်ဖို့ထက် တိုင်းပြည်ကို အုပ်ချုပ်တဲ့ အလုပ်က ပိုခက်ခဲပါတယ်။ အထူးသဖြင့် အုပ်ချုပ်ရေး အတွေ့အကြုံ မရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွက် မလွယ်ပါဘူး။
၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းတာနဲ့ အတူ လွတ်လပ်ရေးရအပြီး ပါလီမန် ဒီမိုကရေစီ ၁၀ နှစ်ပဲ သက်တမ်းရှည်ခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကလည်း အသေမွေး ဖြစ်ခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ပေါ်ပေါက်လာတာ ဖြစ်ပေမ့ယ် လူထုဆန္ဒနဲ့ အညီလို့ ပြောဖို့ ခက်ခဲတာကို အားလုံး ရိုးရိုးသားသား ဝန်ခံကြရပါလိမ့်မယ်။
ဒါပေမယ့် ဦးသိန်းစိန် အစိုးရဟာ အသွင်ကူးပြောင်းရေး အစိုးရ Transitional Government အဖြစ်တော့ လုပ်ဆောင်ရမယ့် ကိစ္စတွေ အတော်များများကို လုပ်ခဲ့တာကို အသိအမှတ်ပြုရပါမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး အဓိက အတိုက်အခံကို နိုင်ငံရေး ပင်မရေစီးကြောင်းထဲ ဝင်ခွင့်ရအောင် ညှိနှိုင်းပေးခဲ့တာ၊ တိုင်းရင်းသား လူမျိုးစု အရေးကို စစ်မြေပြင်ကနေ ဆွေးနွေးပွဲ စားပွဲဝိုင်းတွေကို ပို့ပေးနိုင်ခဲ့တာတွေက ထင်ရှားပါတယ်။
တချိန်တည်းမှာ သမတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးရဲ့ ဆိုးမွေတွေကို ဆက်ခံရပါတယ်။ ဒီ ပြသနာတွေ အားလုံးကို ၅ နှစ်အတွင်းမှာ အကုန်အစင် ဖြေရှင်းပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်တာ သဘာ၀ ကျပါတယ်။ ကျန်နေသေးတဲ့ ပြဿနာတွေကို ၂၀၁၆ မှာ တက်လာမယ့် အစိုးရသစ်က ဆက်လက် ကိုင်တွယ်ရပါမယ်။ ဒါကြောင့် NLD အစိုးရသစ်မှာလည်း စိန်ခေါ်မှုတွေ မနည်းမနော ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့်လည်း စစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက မပြောင်းမလဲ ရှိနေပါတယ်။ အစိုးရသစ်အနေနဲ့ အဓိက ရင်ဆိုင်ရမယ့် အခက်အခဲဟာ ဖွဲ့စည်းပုံအရ ကာကွယ်ရေးနဲ့ ပြည်ထဲရေး ကဏ္ဍကို ထိန်းချုပ်နိုင်ခွင့်မရတဲ့ ကိစ္စပါပဲ။
လွတ်လပ်ရေး မရခင် အကူးအပြောင်းကို တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလ အစိုးရဟာ အင်္ဂလိပ်ဆီက ပြည်ထဲရေးနဲ့ ကာကွယ်ရေးကို ရအောင် တောင်းခဲ့တယ်။ တောင်အာဖရိက အပြောင်းအလဲမှာလည်း မန်ဒဲလားနဲ့ အေအန်စီ ခေါင်းဆောင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရဟာ လူဖြူတွေကို ပိုနေမြဲ ကျားနေမြဲ အခွင့်ထူးတွေ အများကြီး လိုက်လျောခဲ့ပေမယ့် ပြည်ထဲရေးနဲ့ ကာကွယ်ရေးကိုတော့ လူဖြူတွေ လက်ထဲ မအပ်ခဲ့ပါဘူး။ တရားဥပဒေ စိုးမိုးရေးကို ဖျက်လိုဖျက်စီး လုပ်ချင်တဲ့ အင်အားစုတွေကို ထိထိရောက်ရောက် ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့ လိုလို့ဖြစ်ပါတယ်။ ဒီအုပ်စုတွေကို လူဖြူအစိုးရက နောက်ကွယ်က အားပေး အားမြှောက်လုပ်နေတယ်လို့ မန်ဒဲလားက စွပ်စွဲခဲ့ပါတယ်။ ဒါကြောင့် အပြောင်းအလဲကို အနှောင့်အယှက်ပေးမယ့် ဒီအင်အားစုကို ရင်ဆိုင်နိုင်ဖို့ အဓိက ကျတဲ့ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန နှစ်ခုစလုံးကို အေအန်စီကပဲ ကိုင်ထားဖို့ လိုအပ်တယ်လို့ မန်ဒဲလားက စဉ်းစားခဲ့ပါတယ်။
NLD အစိုးရအနေနဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးကို ဌာနတွေကို မကိုင်ထားနိုင်တဲ့ အတွက် တရားဥပဒေ စိုးမိုးရေး၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးလို ဒီမိုကရေစီအတွက် အခြေခံ ကျတဲ့ အပြောင်းအလဲတွေကို အကောင်အထည်ဖော်တဲ့ အခက်အခဲတွေ ရှိနေပါလိမ့်တယ်။ မန်ဒဲလား ပြောသလို နိုင်ငံရေး နေရာ တွေကို ရပြီး အာဏာမရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံရနိုင်ပါတယ်။
ဒါပေမယ့် အင်တာဗျူးတခုမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအရ ပေးထားသလောက် လက်တွေ့မှာ စွက်ဖက်မှုတွေ မလုပ်ခဲ့ဘူးဆိုတဲ့ သဘောမျိုး ပြောခဲ့တယ်။ ကျန်ခဲ့တဲ့ ၅ နှစ်တာ အုပ်ချုပ်ခဲ့တဲ့ အစိုးရဟာ စစ်ခေါင်းဆောင်တွေ လွှမ်းမိုးတဲ့ အစိုးရ ဖြစ်နေတဲ့အတွက် သဘောထား ကွာဟစရာ သိပ်မရှိနိုင်ပေမယ့် အရပ်သား စစ်စစ်တွေ ခေါင်းဆောင်တဲ့ အစိုးရ လက်ထက်မှာ တပ်မတော်က ဖွဲ့စည်းပုံအတိုင်း လုပ်ပိုင်ခွင့်တွေကို တိုးတောင်းလာရင် နိုင်ငံရေး အကြပ်အတည်း တွေ့နိုင်ပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားမှာတော့ အစိုးရသစ်နဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ထပ်လောင်း ကတိပြုသွာပါတယ်၊ ပိုပြီး ထူးခြားတာက တပ်မတော်အကြီးအကဲရဲ့မိန့်ခွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းမှာ တည်ငြိမ်ရေး၊ ညီညွတ်ရေး၊ ဖွံ့ဖြိုးရေးတို့ကို အလေးပေးပြောသွားတာခြင်း တူနေပါတယ်။
တနည်းအားဖြင့် တိုင်းပြည်ရှေ့ခရီး အတွက် ဘယ်အရာတွေကို ဦးစားပေးဖို့ လိုအပ်သလဲဆိုတာကို တပ်မတော်နဲ့ အစိုးရသစ်တို့ကြားမှာ အခြေခံ သဘောတရား တူညီသွားတဲ့ သဘောပါပဲ။ ရှေ့မှာလည်း တပ်မတော်နဲ့ အစိုးရကြားမှာ နားလည်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်သွားနိုင်မယ်ဆိုရင် ဖွဲ့စည်းပုံအရ အကန့်အသတ်တွေကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
နောက်တချက်က ပြည်ထောင်စု ပြဿနာပါ။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူရည်တူ ပြည်ထောင်စုမူကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က တလျှောက်လုံး ထောက်ခံခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ အစိုးရသစ်တို့ကြားမှာ ညှိနှိုင်းရတာ မခဲယဉ်းနိုင်ပါဘူး။ ဖက်ဒရယ်အခြေခံ ပြည်ထောင်စု၊ တိုင်းရင်းသား တန်းတူရေးဟာ ဆွေးနွေးပွဲတွေကနေ ဖြတ်သန်းရမယ်ဆိုတာကို စစ်တပ်ကိုယ်တိုင်က လက်ခံထားပြီ ဖြစ်သလို အများသဘောတူညီတဲ့ စာချုပ်တခုလည်း ရရှိထားပြီ ဖြစ်နေတယ်။
ဒါကြောင့် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းခဲ့စဉ်ကလိုမျိုး ဖက်ဒရယ်မူ အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းတဲ့ အတိတ်က အဖြစ်မျိုးကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။
ဒါပေမယ့် အစိုးရနဲ့ စစ်တပ်က ပြဒါး တလမ်း၊ သံတလမ်း ဖြစ်နေရင် ငြိမ်းချမ်းရေး ခရီး မချောမွေ့မှာကိုတော့ တိုင်းရင်းသား ခေါင်းဆောင်တွေက စိုးရိမ်နေတာလည်း ကြားရပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသား ပါတီတွေ ထင်သလောက် အနိုင်မရခဲ့တဲ့အတွက် စိုးရိမ်သူတွေလည်း ရှိပါတယ်၊ ဒါပေမယ့်လည်း ရွေးကောက်ပွဲ အနိုင်ရခါစမှာ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ အခြေခံတဲ့ နိုင်ငံရေး ဆိုတာကို ပြောခဲ့ပါတယ်။ တိုင်းရင်းသား အရေး ဆွေးနွေးပွဲတွေဟာလည်း အင်အားဗဟိုပြု အပေးအယူတွေအစား ကျင့်ဝတ်ဗဟိုပြု အပေးအယူတွေ ဖြစ်မယ်ဆိုရင် ညှိနှိုင်းမှုတွေမှာ မပြေလည်စရာ အကြောင်းမရှိပါဘူး။
မြန်မာပြည် နိုင်ငံရေးအကြောင်း ပြောတဲ့ အခါ သားသုံးသားလို့ ပြောကြပါတယ်။ သံဃာဖြစ်တဲ့ ဘုရားသား၊ စစ်သားနဲ့ ကျောင်းသားတို့ကို ရည်ညွှန်းပါတယ်။ သံဃာတွေက ဦးဆောင်တဲ့ အရှိန်တက်နေတဲ့ အမျိုးသားရေး လှုပ်ရှားမှု၊ လောလောဆယ်မှာ နှိပ်ကွပ်ခံထားရတဲ့ ပညာရေး လှုပ်ရှားမှုဟာ အစိုးရသစ် အတွက် စိန်ခေါ်မှုတွေပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာသာရေးကို အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်တာမျိုး မလိုလားတာကို သူ့ မိန့်ခွန်းတွေကို လေ့လာမယ်ဆိုရင် သိဖို့ မခဲယဉ်းပါဘူး။
အမျိုးဘာသာသာသနာအရေး လှုပ်ရှားတဲ့ သံဃာတွေဘက်က ထွက်လာတဲ့ သတင်းတွေအရ မျိုးစောင့်ဥပဒေ မူကြမ်းတွေကို လွှတ်တော်တင်ဖို့ NLD ကို ချဉ်းကပ်ခဲ့တာ အဆင်မပြေရာကနေ ဆက်ဆံရေး အေးခဲသွားပုံရပါတယ်။ ဒါကို နိုင်ငံရေးအရ အခွင့်ကောင်းယူပြီး ရွေးကောက်ပွဲမှာ NLD ကို အထိနာသွားအောင် အသုံးချတဲ့ အင်အားစုတွေလည်း ရှိနိုင်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်တဲ့ အချိန်မှာ မျိုးစောင့် ဥပဒေကို မပျက်စီးအောင် အန်အယ်ဒီကို မဲမပေးဖို့ စည်းရုံးခဲ့တာ ရှိခဲ့ပါတယ်။
နောက်ဆုံး အန်အယ်ဒီက ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက်မှာ မဘသ ဆရာတော်တွေကလည်း အန်အယ်ဒီ အစိုးရနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ မီဒီယာတွေမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး နှစ်သစ်မှာ အန်အယ်ဒီ နာယက သူရ ဦးတင်ဦးက မဘသ ဦးဆောင် ဆရာတော်တွေကို သွားရောက်တွေ့ဆုံပါတယ်။ အများထင်သလို အခြေအနေတွေက မဆိုးပါဘူး။ ၂ဝ၁၆ ရဲ့ နှစ်သစ်မင်္ဂလာနေ့မှာ မင်္ဂလာရှိသော တွေ့ဆုံမှုဖြစ်တယ်လို့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ ဒေါက်တာအရှင်သောပါက မိန့်ပါတယ်။
မြန်မာပြည် လွတ်မြောက်ရေး တိုက်ပွဲနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတို့မှာ သံဃာတွေ အခန်းကဏ္ဍ အရေးကြီးတာ မှန်ပါတယ်။ တပ်မတော်ခေါင်းဆောင်တွေကလည်း သမိုင်းမှာ စစ်တပ်အခန်းကဏ္ဍက အရေးကြီးခဲ့တာကို အကြောင်းပြပြီး နိုင်ငံရေးမှာ အခွင့်ထူးတွေကို ကိုယ့်သဘောနဲ့ ကိုယ် ရယူထားတာ ရှိပါတယ်။
တကယ်တော့ ဒီမိုကရေစီမှာ စစ်တပ်ဟာ နိုင်ငံရေးမှာ ဝင်မစွက်ဘဲ ပြည်ပရန် ကာကွယ်ရေးမှာ ဘောင်သတ်ထားဖို့ လိုသလို ဘာသာရေး ဝတ်ကျောင်းတော်နဲ့ နိုင်ငံတော်ကို ခွဲခြားရပါတယ်။ မြန်မာပြည်အတွက် အကောင်းဆုံး အဖြေကတော့ Twin Toleration လို့ ခေါ်တဲ့ အပြန်အလှန် ခန္ဓီစ သဘောတရား လိုအပ်ပါတယ်။ ဘာသာရေး အာဏာပိုင်တွေဟာ ဒီမိုကရေစီ အစိုးရ တရပ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ လုပ်ကိုင် ဆောင်ရွက်နေတာကို ဝင်ပြီး မထိန်းချုပ်ဖို့နဲ့ ဒီမိုကရေစီ အစိုးရကလည်း ဘာသာရေး အကြီးအကဲတွေက နိုင်ငံသားတဦးချင်းစီရဲ့ အခွင့်အရေးတွေ အပေါ် လေးစားနေသမျှ ဘာသာရေး ကိစ္စတွေမှာ ဝင်ပြီး မထိန်းချုပ်ဖို့ လိုပါတယ်။ ဒါဟာ ဘုရားဟောတဲ့ အလယ်အလတ် လမ်းစဉ်လည်း ဖြစ်ပါတယ်။
နောက်ဆုံး “သား” ကတော့ ပညာရေး လွတ်လပ်ခွင့်အတွက် လှုပ်ရှားတောင်းဆိုနေတဲ့ ကျောင်းသားတွေပါပဲ။ ကျောင်းသားလှုပ်ရှားမှုဟာ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ခွဲခြားလို့ မရပါဘူး။ ဒီမိုကရေစီ ပညာရေး ကျောင်းသားလှုပ်ရှားမှုဟာ ဒီမိုကရေစီ အစိုးရ ကျောင်းသားတွေအနေနဲ့ အန်အယ်ဒီ အစိုးရရဲ့ လုပ်ပိုင်ခွင့်မှာ ဖွဲ့စည်းပုံအရ အကန့်အသတ်တွေ ရှိနေတာကို နားလည်ဖို့ လိုပါတယ်။ ကျောင်းသားလှုပ်ရှားမှုဟာ ပြောင်းလဲနေတဲ့ အခင်းအကျင်းနဲ့ အညီ လက်တွေ့ကျတဲ့၊ ကျိုးကြောင်း ဆီလျှော်တဲ့ ခြေလှမ်းတွေ ဖြစ်ဖို့ လိုပါတယ်။ ဒီမိုကရေစီ အပြောင်းအလဲမှာ အရပ်သား ဒီမိုကရက် အချင်းချင်း ပြဿနာ ဖြစ်လေလေ အာဏာရှင် ဘက်သားတွေ အခွင့်သာလေလေ ဖြစ်သွားတဲ့ သင်ခန်းစာတွေ အတိတ်မှာရော၊ မျက်မှောက်ခေတ်မှာပါ တသီးတတန်းကြီး တွေ့နေရပါတယ်။
နိဂုံးချုပ်ရရင် ဒီနေ့ ကမ္ဘာကြီးမှာ မအောင်မြင်တဲ့ ဒီမိုကရေစီ အကူးအပြောင်းတွေက မြန်မာပြည်အတွက် လေ့လာ သင်ခန်းစာယူစရာတွေ ရှိနေပါတယ်။ အောင်မြင်တဲ့ ဒီမိုကရေစီ အကူးအပြောင်း နမူနာကို မြန်မာတွေက ကမ္ဘာကြီးကို ပြသဖို့က လုပ်စရာများစွာ ကျန်ပါသေးတယ်။
(ညီစောလွင်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်နေသော မြန်မာသတင်းစာဆရာတဦး ဖြစ်သည်)