၂၀၁၆ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ မနက်(၁း၃၀) နာရီက ရန်ကုန်မြို့မင်္ဂလာဈေးမှာ လောင်ကျွမ်းတဲ့မီးက ညနေပိုင်းအချိန်ထိ မီးကြွင်းမီးကျန်တွေကို ငြှိမ်းသတ်နေရဆဲဖြစ်တယ်။ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၃၆ လောင် ကျွမ်းခဲ့ငြှိမ်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၃၆၀၀၀ကျော်နိုင်ကြောင်း သက်ဆိုင်ရာက မီးလောင်မှုဖြစ်ခဲ့တဲ့ ညနေပိုင်းမှာ ကနဦး သတင်းထုတ်ပြန်ထားတယ်။
အခုလောင်တဲ့ မင်္ဂလာဈေးက ၂၀၁၀ခုနှစ် မေလ၂၄ ရက်နေ့ ကလည်း မီးလောင်ကျွမ်းခဲ့ပြီး အဲဒီတုန်းက နောက်တနေ့ အထိ မီးငြှိမ်းသတ်ခဲ့ရတယ်။ ၂၀၁၀ခုနှစ် မင်္ဂလာဈေးမီးလောင်မှုမှာ ဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေဘီလီယံ၂၀ကျော် ခဲ့ပါတယ်။
မင်္ဂလာဈေး မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့ဝင်ပေါင်း ၈၀၀ကျော်နဲ့ ငြှိမ်းသတ်ခဲ့ကြပြီး မီးသတ်ကား (အထောက်အကူ ပြုယာဉ်၊ ရေသယ်ယာဉ်နဲ့ လူနာတင်ယာဉ် အပါအဝင်) ယာဉ်အစီးရေ ၁၃၄ စီး အသုံးပြုခဲ့ပါတယ်။ မီးငြှိမ်းသတ်ရာမှာ ပါဝင် ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင် ၄ယောက် ထိခိုက် ဒဏ်ရာရခဲ့ကြတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေအပြင် ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၅၀ ကျော်က ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သလို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေကလည်း လုံခြုံရေး တာဝန် ယူပေးကြတယ်။
မင်္ဂလာဈေးမီးလောင်မှုမှာ မီးသတ်တပ်ဖွဲ့ အဆင့်မြင့် အရာရှိကြီးတွေအပါအဝင် အောက်ခြေက မီးသတ်ရဲဘော်တွေပါ
စွမ်းစွမ်းတမံ ငြှိမ်းသတ်နေတာလည်း ရုပ်သံသတင်းတွေမှာ တွေ့နေရတယ်။ ဒါပေမယ့် ဈေးမီးလောင်မှုဟာ အချိန် ကြာမြင့် ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကလည်း များလွန်းလှတယ်။ အရင်ကလည်း မြန်မာနိုင်ငံအနှံ့က ဈေးကြီးတွေမှာ မီးလောင်ကျွမ်းမှုတွေ ရှိခဲ့တယ်။ ဈေးမီးလောင်တိုင်းလည်း အခုလိုပဲ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံခဲ့ရစမြဲဖြစ်တယ်။
ထင်ရှားတဲ့ ဈေးမီးလောင်မှုကြီးတွေက ၂၀၀၈ခုနှစ် ဖေဖော်ဝါရီ၂၅ရက်နေ့မှာ လောင်ကျွမ်းခဲ့တဲ့ မန္တလေး ရတနာပုံဈေး မီးလောင်ကျွမ်းမှုဖြစ်တယ်။
အဲဒီမီးလောင်မှုကြောင့် ရတနာပုံဈေး ဆိုင်ခန်းပေါင်း ၁၅၀၀ကျော် မီးဘေးသင့်ခဲ့ရပြီး ၂၀၀၈ခုနှစ်အတွင်း ဆုံးရှုံးမှု အကြီး မားဆုံးဈေးအဖြစ် မှတ်တမ်းဝင်ခဲ့ရတယ်။၂၀၀၈ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာပဲ မော်လမြိုင်မြို့က ဈေးကြီး မီးလောင်ကျွမ်း ခဲ့သေးတယ်။ မော်လမြိုင်ဈေး မီးလောင်မှုမှာလည်း ဆိုင်ခန်းပေါင်း ၁၁၀၀ကျော် မီးသင့်ခဲ့ရပြန်တယ်။
ဈေးမီးလောင်မှုတိုင်းမှာ မီးသတ်တပ်ဖွဲ့ဝင်တွေ ကြိုးစားပမ်းစား မီးသတ်နေတဲ့ကြားက ပြာပုံဘဝရောက်တဲ့အထိ ဆုံးရှုံးမှု တွေက ကြီးမားခဲ့တာချည်းပါပဲ။ ခေတ်မီ အထပ်မြင့် ဈေးသစ်ကြီးတွေသည်ပင် လောင်စရာကုန်မှ ရပ်သွားရတဲ့ အဖြစ်တွေ ရှိတယ်။ ထင်ရှားတဲ့ သာဓကက မန္တလေးမြို့က ရတနာပုံဈေးမီးလောင်မှုဖြစ်တယ်။ မန္တလေးမြို့ပေါ်က မီးသတ်တွေ သာမ က အနီးအနား ဝန်းကျင်မြို့တွေဖြစ်တဲ့ စစ်ကိုင်း၊ ကျောက်ဆည်၊ မတ္တရာမြို့နယ်ဘက်က မီးသတ်ကားတွေပါ လာရောက် ငြှိမ်း သတ်ခဲ့ပေမယ့် လောင်စရာကုန်မှပဲ မီးက ငြှိမ်းသွားခဲ့ရတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်း(၂၉ ဒီဇင်ဘာ ၂၀၁၅) အတွင်းက မုံရွာမြို့ သီရိရတနာဈေး(ဈေးဟောင်း) မီးလောင်ကျွမ်းခဲ့သေးတယ်။ ဒီဈေးမီးလောင်မှုက မုံရွာမြို့ရဲ့ဒုတိယမြောက် ဈေးမီးလောင်မှုပါ။ ၂၀၁၀ခုနှစ် ဇွန်လအတွင်းက မုံရွာမြို့ရဲ့ အထင်ကရ ချင်းတွင်းရတနာဈေးကြီး မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၄၀၀ကျော် မီးလောင်ခဲ့တယ်။ တောင်ငူဈေးကြီးလည်း မီး ဘေး သင့်ခဲ့ဖူးတယ်။ ရန်ကုန်မြို့က သင်္ဃန်းကျွန်းဈေးလည်း မီးလောင်ခံခဲ့ဖူးတယ်။
ဈေးမီးလောင်မှုတွေက များလွန်းလှပြီ။ ဈေးမီးလောင်ပြီဆိုတာနဲ့ ကာယကံရှင် ဆိုင်ခန်းပိုင်ရှင်တွေက ဒုက္ခနဲ့ နဖူးတွေ့ ဒူး တွေ့ တွေ့ရတော့တာပါပဲ။ ဆိုင်မှာ လုပ်နေတဲ့ ဝန်ထမ်းတွေလည်း တနွယ်ငင်တစင်ပါ ဒုက္ခကြုံကြရစမြဲ။ ဆိုင်ရှင်တွေ ဝန် ထမ်းတွေရဲ့ နောက်ကွယ်က မှီခိုနေတဲ့ ဘဝပေါင်းများစွာလည်း ဒုက္ခတွေ ခါးစည်းခံကြရတယ်။ ဈေးကို အမှီသဟဲပြုနေ ကြရတဲ့ ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ အနှေးယာဉ်လုပ်သားတွေ၊ ဖယ်ရီ ယာဉ်မောင်းတွေ၊ တက္ကစီဆွဲသူတွေ လမ်း ဘေးဆိုင်တွေလည်း မီးဘေးသင့်သလို ခံကြရတယ်။
မီးဘေးကြိုတင်ကာကွယ်မှုနဲ့ ပတ်သက်လို့ အမြဲမပြတ်လည်း လုပ်နေကြတာပါပဲ။ မီးငြှိမ်းသတ်ကြသူတွေကလည်း အား ကြိုးမာန်တက် ကြိုးစားငြှိမ်းသတ်ကြတာပဲ။ တကယ်လို့ မီးလောင်ကျွမ်းခဲ့ရင်လည်း တာဝန်ရှိသူ အဆင့်မြင့် အရာရှိကြီးတွေ ကိုယ်တိုင် မီးလောင်ရာအထိ ရောက်အောင်လာပြီး တရစပ် ညွှန်ကြားချက်တွေလည်း ပေးနေကြတာပါပဲ။ ဒါပေမယ့် ဈေး တွေ မီးလောင်ပါပြီဆိုတာနဲ့ ဘာလို့ အချိန်အကြာကြီး လောင်ပြီး ဆုံးရှုံးမှုတွေက မြင့်မားရတာလဲ။ အဲဒါကို ထည့်သွင်း စဉ်း စားကြဖို့ အချိန်ရောက်ပါပြီ။
ခေတ်ကာလအလျောက် ဈေးတွေ အဆောက်အုံတွေက အထပ်မြင့်တွေဖြစ်လာနေပြီ။ အထပ်မြင့်အဆောက်အအုံတွေ မီးသတ်ဖို့ အဆင့်မြင့် မီးသတ်ယာဉ်တွေ ဖြည့်တင်းဖို့ လိုအပ်နေပြီလား။ ခေတ်မီ မီးသတ်မှုတွေ ကျွမ်းကျင်ဖို့ မီးသတ် တပ်ဖွဲ့ဝင်တွေကို ပြည်ပသင်တန်းတွေ ပို့ဖို့ လိုအပ်နေပြီလား။
နိုင်ငံတကာက တက္ကသိုလ်ကြီးတွေမှာ မီးဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်ကြားနိုင်ပါပြီ။ နိုင်ငံတကာမှာတော့ မီးသတ်တပ် ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ရေး တာဝန်တွေကိုသာ အဓိက ယူကြရတယ်။ လိုအပ်ရင် အသုံးပြုနိုင်ဖို့ မီးသတ်တပ်ဖွဲ့ပိုင် ရ ဟတ်ယာဉ်တွေပါ ထားပေးတယ်။ တခါတရံ အိမ်မွေးကြောင်လေးတွေ သစ်ပင်ထိပ်ရောက်ပြီး ပြန်မဆင်းနိုင်ခဲ့ရင် မီး သတ်တပ်ဖွဲ့တွေ ခေါ်ပြီး အကူအညီတောင်းနိုင်တယ်။
ကျနော်တို့ဆီမှာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေခမျာ မီးငြှိမ်းသတ်ရေးအပြင် ဘုရားပွဲတော်လုံခြုံရေးကအစ သင်္ကြန်ကာလ
လမ်းရှင်းဖို့ အထိတာဝန်ယူကြရတယ်။ တပ်မတော်နေ့ စစ်ကြောင်းကြီးတွေမှာလည်း လက်ကို ဘယ်ညာလွှဲလို့ စစ်ရေးပြ ချီ တက်ရတာတွေလည်း ရှိတယ်။ တခါတရံ လူကြီးလမ်းကြောင်းရှိတယ်ဆိုရင် မီးသတ်တပ်ဖွဲ့ဝင်တွေက အပိုတာဝန်တွေပါ ထမ်းဆောင်ကြရတယ်။ အရင်ကတော့ ယာဉ်မောင်းလိုင်စင် စစ်ဆေးရာမှာတောင် မီးသတ်တပ်ဖွဲ့ဝင်တွေကို အာဏာပိုင် အချို့က အသုံးချခဲ့တယ်။ အာဏာရှင်ခေတ်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေကို တိုင်းပြည်ရဲ့ အရန်အင်အားလိုလို ပြောပြီး ပြည် သူနဲ့ တသားတည်း မဖြစ်အောင် လုပ်ဆောင်ခဲ့ကြတယ်။
တကယ်တော့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြည်သူလူထု အကျိုးသယ်ပိုးနေကြတဲ့ စေတနာရှင်တွေသာဖြစ်တယ်။ ပြည်သူ
တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှု မရှိရအောင် လုပ်ဆောင်နေသူတွေ ဖြစ်တယ်။ မီးဘေးအန္တရာယ် ကြုံကြိုက်လာရင် အသက်ကိုတောင် ထည့်မတွက်ဘဲ ပြည်သူတွေကို ကယ်တင်ခဲ့ကြသူတွေဖြစ်တယ်။
အဲဒီလို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သူတွေကို နိုင်ငံတော်က ဂုဏ်ပြုဘွဲ့တံဆိပ်တွေ နှစ်စဉ် ချီးမြှင့်တယ်။ မီးသတ် တပ်ဖွဲ့ဝင်တွေအတွက် မီးငြှိမ်းသတ်ရေး တာဝန်ဆိုတာသည်ပင် ကြီးလေးတဲ့တာဝန်ဖြစ်နေပါပြီ။ အပိုတာဝန်တွေကို မီးသတ် ရဲဘော်တွေရဲ့ပခုံးပေါ် မတင်စေချင်ဘူး။ မီးငြှိမ်းသတ်ရေးနဲ့ မဆိုင်တဲ့ ဗာဟီရတွေနဲ့ မီးသတ်သမားတွေကို ဝန်မပိ စေချင်ဘူး။
ဒီနေ့ခေတ်မှာ မီးသတ်သမားတွေက ခေတ်မီ မီးငြှိမ်းသတ်ရေးကိရိယာတွေနဲ့ လက်ပွန်းတတီးဖြစ်နေဖို့လိုတယ်။ မီးလောင် ကျွမ်းမှုကို ကြည့်ပြီး ဘယ်လို မီးငြှိမ်းသတ်ရေး ပစ္စည်းတွေသုံးပြီး မီးသတ်ရမယ်ဆိုတာသာ သိဖို့လိုအပ်ပါတယ်။ ဓာတု ပစ္စည်းတွေနဲ့ လောင်စာဆီတွေ မီးလောင်ကျွမ်းခဲ့ရင် ဘယ်လိုငြှိမ်းသတ်မယ်ဆိုတာ စာတွေ့လက်တွေ့ လေ့လာသင်ယူ ထားဖို့ သာလိုတယ်။ မီးလောင်နေတဲ့ အဆောက်အအုံထဲက သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကို အချိန်မီ ကယ်ထုတ် နိုင်ဖို့လည်း အရေးကြီးတယ်။
ဈေးမီးလောင်မှုတွေနဲ့ ပတ်သက်ပြီး သင်ခန်းစာတွေ ထပ်မယူချင်တော့ဘူး။ သင်ခန်းစာတွေက လိုအပ်တာထက် များလွန်း နေပြီ။ မြန်မာလူ့အဖွဲ့အစည်းက မီးကို ရန်သူမျိုး ၅ပါးထဲ ထည့်သွင်းတဲ့ အထိ ကြောက်ကြတယ်။ ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်တွေ လုံခြုံစိတ်ချရဖို့ စွမ်းဆောင်ရည်ပြည့် မီးသတ်တပ်ဖွဲ့ကို ယုံကြည် အားကိုးပါရစေ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)