နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ကြီး ၄ ကြီးဖြစ်သော ထွက်ခွာရတော့မည့် သမ္မတနှင့် ပြည်ထောင်စုလွှတ်တော် နာယကများဖြစ်သူ ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့နှင့် နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အတူတကွ တက်ရောက်ပြီး မိန့်ခွန်းများ ချွေခြင်းက ဖေဖော်ဝါရီလတွင် လွှတ်တော်သစ် ခေါ်ယူပြီး အုပ်ချုပ်ရေးအစိုးရသစ်တရပ် ဖွဲ့စည်းကာ အာဏာလွှဲပြောင်းမှု မတိုင်မီ ကောင်းမွန်သော သံတမန်ရေး ပြယုဂ် ဖြစ်သည်။
အထူးသဖြင့် တပ်ချုပ်မင်းအောင်လှိုင်အနေဖြင့် ပြည်နယ်နှင့် ဗဟိုအစိုးရကြား အာဏာ ၃ ရပ် ခွဲဝေရေး၊ အခွန်အတုပ် ဝေမျှခံစားရေးနှင့် သယံဇာတ ခွဲဝေသုံးစွဲရေးတို့ကို လက်ခံလိုက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားလိုက်သောကြောင့် အနာဂတ်တွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည့် အလားအလာကောင်းများအတွက် လမ်းပွင့်သွားသည်။
နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရပြီးနောက် တိတ်ဆိတ်ငြိမ်သက်စွာ ဖြတ်သန်းခဲ့ရသော ၃ လတာကာလအတွင်း အစိုးရသစ် အကူးအပြောင်း တည်ငြိမ်ချောမွေ့စေရေး ကိုင်တွယ်ထိန်းကျောင်းနိုင်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးဦးဆောင်မှုနှင့် ဩဇာညောင်းမှုကို ပွဲဦးထွက် ပြသခဲ့သလို ယခုအခါ သမ္မတ ဦးသိန်းစိန်အစိုးရ၊ တပ်ချုပ်မင်းအောင်လှိုင်၏ တပ်မတော်ကိုယ်စားလှယ်များသာမက လွှတ်တော်တွင်ပါ အတည်ပြုပြီးဖြစ်ကာ လက်နက်ကိုင် တိုင်းရင်းသား ၈ ဖွဲ့က လက်မှတ်ရေးထိုးထားသော အပစ်အခတ်ရပ်ဆဲရေး စာချုပ်ကို ကျန်လက်နက်ကိုင် တိုင်းရင်းသားများ အားလုံးပါဝင်လာစေရေး ဆက်လုပ်သွားရတော့မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လိုလားသော တိတ်ဆိတ်ငြိမ်သက်မှုသည် အုပ်ချုပ်ရေးအာဏာ အကူးအပြောင်းကာလအတွက်သာဖြစ်သင့်ပြီး ရေရှည် ဒီမိုကရေစီ တည်ဆောက်ရေးကာလအတွက် ဆက်လက်ဖြစ်ပေါ်မနေသင့်ပါ။ ဒီမိုကရေစီစနစ်တွင် မတူညီ ကွဲပြားခြားနားသည့် အစုအဖွဲ့များ၊ ပုဂ္ဂလိကများထံမှ အသံပေါင်းစုံထွက်နေသင့်ပါသည်။ အထူးသဖြင့် လူနည်းစုများကို ကိုယ်စားပြုသည့် အသံများ ထွက်ပေါ်နေသင့်ပါသည်။ သို့မှသာ ကွဲပြားခြားနားသော အဖွဲ့အစည်းများ အချင်းချင်းကြား နားလည်မှုရှိလာပြီး သဟာဇာတဖြစ်ထွန်းရေး ဦးတည်စေနိုင်လိမ့်မည်။
တချိန်တည်းတွင် ရွေးကောက်ပွဲကြေညာစာတမ်းပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်များမှာ ကျယ်ပြန့်နေသေးပြီး မူဝါဒ လမ်းညွှန်ချက်များနှင့် အသေးစိတ် အကောင်အထည် ဖော်ရေးများ လိုအပ်နေသေးကြောင်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝေဖန်မှုများ ရှိနေခဲ့ပါသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရရှိစေသည်အထိ ယုံကြည်နက်ရှိုင်းစွာ နှစ်မြှုပ်လုပ်ကိုင်လာခဲ့သော လူ့အခွင့်အရေးဆိုင်ရာ စံတန်ဘိုးများကို အလေးထားသူ ကမ္ဘာသူကမ္ဘာသားများကလည်း အထူးသဖြင့် ရခိုင်ပြည် မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် ခွဲခြားဖိနှိပ်မှုကို ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရနှင့် လွှတ်တော်က မြန်မာလူ့အဖွဲ့အစည်းတွင် မလိုလားအပ်သည့် ဘာသာရေးနှင့် လူမျိုး အသားအရောင် ခွဲခြားမှုများအား ဆက်လက်ခွင့်ပြုနေမည်ကို စိုးရိမ်နေကြသည်။
မည်သို့ပင် ဖြစ်စေ ၁၉၈၈ လူထု ဒီမိုကရေစီ အရေးတော်ပုံကြီးမှ ပေါက်ဖွားခဲ့ပြီး ဒီမိုကရေစီရေး အပြောင်းအလဲများကို အကောင်အထည်ဖော်မည့် မဲဆန္ဒရှင် လူထုအများ၏ ထောက်ခံမှုကို တခဲနက် ရထားသေးသော ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် နောက်ဆုံးတွင် ဥပဒေပြု လွှတ်တော်များနှင့် အုပ်ချုပ်ရေးအစိုးရကို ဖွဲ့စည်းပြီး လက်တွေ့နိုင်ငံရေးကွင်းထဲသို့ များမကြာမီ ဝင်လာရတော့မည်။ စိန်ခေါ်မှု အများအပြားနှင့် ရင်ဆိုင်ဖြေရှင်းရာတွင် ၂၅ နှစ်ကျော်ကြာ တိုက်ပွဲဝင်ခဲ့သလို မလျော့သော ဇွဲ လုံ့လ ပညာ သတိတို့ဖြင့် ဆက်လက်လျှောက်လှမ်းကြပါစေဟု အားပေး တိုက်တွန်း ရေးသားအပ်ပေသည်။