နေပြည်တော်တွင်၂၀၁၆ ခုနှစ် ဇန်နဝါရီ လ ၁၂ ရက်မှ ၁၆ ရက်ထိ ၅ ရက်တာ ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များစသည်တို့ကို ကဏ္ဍကြီး ၅ ရပ်အဖြစ် ချမှတ်ကာ အဓိက ဆွေးနွေးမည်ဖြစ်သည်။ သို့သော်လည်း ဆုံးဖြတ်ချက် တစုံတရာ ချမှတ်မည် မဟုတ်ပါ။
နိုင်ငံရေးကဏ္ဍတွင် ဖက်ဒရယ်စနစ် ထူထောင်ရေးကို အခြေခံမည့် မူဝါဒချမှတ်ခြင်း၊ စီးပွားရေးကဏ္ဍတွင် အခွန်ကောက်ခံ၍ ခွဲဝေသုံးစွဲခြင်း၊ လူမှုရေးကဏ္ဍတွင် စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ပြည်ပရောက် ဒုက္ခသည် ခိုလှုံထားသူများ ပြန်လည်နေရာချထားရေး၊ လုံခြုံရေးကဏ္ဍတွင် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အခြေခံသင့်သည့် မူဝါဒများ ချမှတ်ရန် ဆွေးနွေးခြင်း၊ မြေယာနှင့် သဘာဝသယံဇာတကဏ္ဍတွင် သယံဇာတများ ခွဲဝေသုံးစွဲရေး ကိစ္စများကို ဆွေးနွေးမည်ဟု သိရသည်။
ထိုသို့ဆွေးနွေးမည့် အကြောင်းအရာများကို ဆန်းစစ်ကြည့်ရာတွင် လူ့အခွင့်အရေး ဆိုသော ခေါင်းစဉ်ကို သီးခြား အဖြစ် ဖော်ပြထားခြင်းမရှိပါ။ အမှန်တော့ တိုင်းပြည်၏ ကိစ္စအရပ်ရပ်ကို ချဉ်းကပ်ရာတွင် လူ့အခွင့်အရေးကို အခြေခံ ရှုထောင့်မှ ထား၍ ချဉ်းကပ်သင့်ပေသည်။
လုံခြုံရေးကဏ္ဍကိုလည်း မည်သည့်ပုံစံမျိုးဖြင့် ချဉ်းကပ်မည်နည်း။ လုံခြုံရေး ကဏ္ဍတွင် အချုပ်အခြာအာဏာ ကာကွယ်ရေးနှင့် လူတဦးချင်းစီ၏ လုံခြုံရေးဟူ၍ ၂ မျိုးရှိပေသည်။ အချုပ်အခြာအာဏာ ကာကွယ်ရေးဆိုသည်မှာ မိမိတိုင်းပြည်ကို တိုင်းတပါးက ရန်စကျူးကျော်ခြင်းမှ ကာကွယ်ရန်နှင့် မြို့ပြလုံခြုံရေးဟု ဆိုသော နိုင်ငံတွင်း နေထိုင်သော လူတဦးချင်း၏ လုံခြုံရေး (သို့တည်းမဟုတ်) တရားဥပဒေစိုးမိုးရေး ဖြစ်ပေသည်။
အခြားသော နိုင်ငံများတွင်တော့ တပ်မတော်မှ အချုပ်အခြာအာဏာ ကာကွယ်ရန် အဓိကတာဝန်ယူပြီး မြို့ပြလုံခြုံရေး ဆိုင်ရာ တာဝန်တွင်မူ ပြည်ထဲရေးနှင့် ရဲအပါအဝင် အခြားသောအဖွဲ့အစည်းများမှ တာဝန်ယူလေ့ရှိပါသည်။ ထိုအဖွဲ့ အစည်းများသည် အရပ်သားအစိုးရ၏ ဦးဆောင်မှုအောက်တွင် တာဝန်ထမ်းဆောင်ရသော အဖွဲ့အစည်းများ ဖြစ်ကြပြီး နိုင် ငံရေး ဦးဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်လေ့ မရှိတတ်ကြပါ။ ကျနော်တို့ နိုင်ငံတွင်လည်း လုံခြုံရေးကဏ္ဍကို ခေတ်စနစ်နဲ့အညီ ပြောင်းလဲရန် တကယ်ကို လိုအပ်နေပါသည်။
လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (Security Sector Reform – SSR) ဆိုသည်မှာ ပဋိပက္ခအလွန် ပြဿနာများကို အဖြေရှာရန်နှင့် ရေရည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အာမခံချက် ရှိစေရန်အတွက် အဓိကဖြစ်သည်။ နိုင်ငံတွင်း လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု မရှိခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို များစွာထိခိုက်စေပါသည်။ ထိုကဲ့သို့ လုံခြုံမှု ကင်းဝေးသော ဒေသများတွင် နေထိုင်ရသူများအနေဖြင့် ထိုစနစ်၏ ဒုက္ခများကို ခါးစည်းခံရလေ့ရှိသည်။ အထူးသဖြင့် မိန်းကလေးများ၊ ကလေးများ၊ ဆင်းရဲသားများအနေဖြင့် ပိုမိုဆိုးရွားစွာ ခံစားရလေ့ရှိပါသည်။
လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းကို ကုလသမဂ္ဂက ဖွင့်ဆိုရာတွင် တရားဥပဒေစိုးမိုးမှု ရှိစေရေးနှင့် လူ့အခွင့်အရေး စံချိန် စံနူန်းများအား အပြည့်အ၀ လေးစားပြီး ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် အစရှိသဖြင့် ခွဲခြားမှုမရှိဘဲ လူတိုင်း တန်းတူခံစားခွင့်ရနိုင်ရေးနှင့် အချုပ်အခြာအာဏာ ကာကွယ်နိုင်ရေးအတွက် ပွင့်လင်းမြင်သာသော၊ ထိရောက်သော လုံခြုံရေး အစီအမံများကို ချမှတ်ထားသည့်အတိုင်း အကောင်အထည်ဖော်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် အောင်မြင်မှု ရှိ/ မရှိဆုံး ဖြတ်ခြင်းတို့အား (အစိုးရမှ)စောင့်ကြည့်ခြင်းနှင့် သုံးသပ်ခြင်းဖြစ်သည်ဟု ဆိုထားပါသည်။
SSR နှင့် ပတ်သက်ပြီး နိုင်ငံတနိုင်ငံနှင့် တနိုင်ငံယူဆပုံချင်းမှာ တူညီနိုင်မည် မဟုတ်သဖြင့် ၎င်းဖြစ်စဉ်တွင် ပါဝင်နေသော ဖြစ်စဉ်များမှာလည်း ထပ်တူကျမည် မဟုတ်နိုင်ပါ။ ထို့ကြောင့် နိုင်ငံချင်းအလိုက် SSR ဖြစ်စဉ်များကို သီးခြားရေးဆွဲရ ပေမည်။ သို့သော်လည်း SSR ကိုပုံဖော်ရာတွင် အချို့သော စည်းမျဉ်းစည်းကမ်းများမှာ နိုင်ငံကွဲပြားသော်လည်း ဘုံတူညီချက်များ ရှိကြပါသည်။ ယင်းတို့မှာ
၁။ SSR ကို အကောင်အထည်ဖော်ရာတွင် ပြည်သူကိုဗဟိုပြုချဉ်းကပ်ရမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိသော သက်ဆိုင်သူအားလုံးက ပါဝင်၍ သဘောတူ ရေးဆွဲထားသော လုပ်ငန်းစဉ်ဖြစ်ရမည်။
၂။ SSR သည် တိုင်းပြည်၏ လုံခြုံရေးဆိုင်ရာ မူဝါဒများနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ရန်အတွက် ဖြစ်ပါသည်။ အရေးကြီးသည်မှာ များပြားလှသော လုပ်ငန်းများအတွက် ဘတ်ဂျက်ခွဲဝေ သုံးစွဲခြင်းဖြစ်ပေသည်။
၃။ SSR ဖြစ်စဉ်ကိုအကောင်အထည်ဖေါ်ရာတွင် အစိုးရဘက်မှ အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော နိုင်ငံတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊
တရားရေးဆိုင်ရာနှင့် စောင့်ကြည့်လေ့လာရေးဆိုင်ရာ အဖွဲ့ အစည်းများစသည်ဖြင့် အဖွဲ့အစည်းပေါင်းစုံ ပါဝင်သင့်ပါသည်။ ထိုသို့ ပါဝင်မှသာ ပဋိပက္ခအလွန်နိုင်ငံများတွင် ဖြစ်လေ့ရှိသော အဓိက ပြဿနာများကို တားဆီးနိုင်မည် ဖြစ်ပေသည်။
၄။ SSR ကို ပြည်သူများအားလုံးအတွက် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိသော လုံခြုံရေးအစီအစဉ် ဖြစ်လာစေရန် ဆောင်ရွက်သင့်သည်။
၅။ (က) နိုင်ငံလုံးဆိုင်ရာ အတိုင်းအတာဖြင့် ဆွေးနွေးသဘောတူထားသော သဘောတူညီချက်များနှင့် အလုပ်ဖြစ်နိုင်သော ပေါ်လစီမူဘောင်များ၊
(ခ) မည်သည့်တာဝန်များ ထမ်းဆောင်ရမည်ကို တိတိကျကျ သိရှိထားသော စောင့်ကြည့်နိုင်သော အဖွဲ့အစည်းများ
(ဂ) ခိုင်မာ တောင့်တင်းသော လုံခြုံရေးဆိုင်ရာ ယန္တရားများ ပေါ်ပေါက်လာစေရန် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက် စောင့်ကြည့်ရေးအဖွဲ့များအတွက် ကျယ်ပြန့်သော စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ချက် (လုပ်ငန်း)များသည် ကောင်းမွန်ပြီး အလုပ်ဖြစ်သော လုံခြုံရေးစနစ် တည်ဆောက်ရာတွင် အသုံးပြုရမည့် အချက်များဖြစ်ပါသည်။
SSR အောင်မြင်စေရန်အတွက် လုံခြုံရေးကဏ္ဍမှာ တာဝန်ရှိသော၊ လုံခြုံရေးဆိုင်ရာကိစ္စများ တာဝန်ထမ်း ဆောင် နေသော အဖွဲ့အစည်းပေါင်းစုံ ပါဝင်ရပေမည်။ ထိုသို့ ပါဝင်မှသာလျှင် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော သူတို့ အမြင်များကို ပြောင်းလဲစေနိုင်ပြီး လိုအပ်သော အရည်အသွေးမြှင့်တင်ခြင်းများကို လုပ်ဆောင်နိုင်ပေမည်။
ပါဝင်သင့်သောအဖွဲ့များမှာ
(၁) လုံခြုံရေးပိုင်ဆိုင်ရာမှ အဓိကကျသောဇာတ်ကောင်များဖြစ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့၊ လုံခြုံရေး ဆိုင်ရာအေးဂျင့်များ(ပုဂ္ဂလိက)၊ နယ်ခြားစောင့်တပ်များ၊
(၂) လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စောင့်ကြည့်လေ့လာ အကဲဖြတ်သော အဖွဲ့အစည်းများ။ ။ဥပမာအားဖြင့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့များ၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ထဲရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲရသော အဖွဲ့အစည်းများ၊ ထုံးတမ်းစဉ်လာနှင့် ရှေးရိုးအစဉ်အလာအရ တာဝန်ရှိသူ အကြီးအကဲများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊
(၃) တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူထားရသော အဖွဲ့အစည်းများ။ ။ တရားရေးဌာနမှ တာဝန်ရှိသူများ၊ အကျဉ်း ထောင်၊ စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းများ
(ထောက်လှမ်ရေးဌာနများ)၊ ဓလေ့ထုံးတမ်းဆိုင်ရာ တရားစီရင်ရေးမှ တာဝန်ရှိသူများ၊
(၄) အစိုးရမှ တရားဝင် အသိအမှတ်ပြုခြင်း မခံထားရသော အဖွဲ့အစည်းများ။ ။ လွတ်မြောက်ရေးတပ်ဖွဲ့များ (တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ)၊ ပြည်သူ့စစ်များ (သို့) နိုင်ငံရေးပါတီများမှ ဖွဲ့စည်းထားသော လက်နက်ကိုင် တပ်ဖွဲ့များ၊ ပုဂ္ဂလိက လုံခြုံရေးအေဂျင်စီများတို့ ဖြစ်သည်။
SSR ၏ အဓိက အနှစ်သာရသည် လုံခြုံရေးနှင့် သက်ဆိုင်သောအဖွဲ့အစည်းများနှင့် သက်ဆိုင်သူပုဂ္ဂိုလ်များ အားလုံးအကြား ပွင့်လင်းမြင်သာမှု၊ ယုံကြည်မှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်အောင် တည်ဆောက်ပေးနိုင်သော ပေါ်လစီနှင့် အုပ်ချုပ်ရေး ယန္တရား ဖြစ်ပါသည်။ SSR သည် ပြသနာများကို အချိန်တိုအတွင်းဖြေရှင်းနိုင်ဖို့ထက် တဖြည်းဖြည်းနှှင့် ရေရှည်တွင် အောင်မြင်မှု ရရှိစေရန် ဖြစ်ပါသည်။ SSR သည် လူ့အခွင့်အရေး စံချိန်စံနူန်းများကို ဗဟိုပြုပြီး တိုင်းပြည်တွင်း နေထိုင်သော လူတဦးချင်းစီ၏ လုံခြုံစိတ်ချစွာနေနိုင်ရေးနှင့် တိုင်းပြည်၏ လုံခြုံရေး (အချုပ်အခြာအာဏာ)ကို ကာကွယ်ရန် ဖြစ်ပါသည်။
ပဋိပက္ခအလွန် လူ့အဖွဲ့အစည်းများတွင် လုံခြုံရေးကဏ္ဍနှင့် စီမံခန့်ခွဲမှုများကို ပြုပြင်ပြောင်းလဲခြင်းသည် တိုင်းပြည်၏ ရေ ရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက် အကောင်းဆုံးဖြစ်ပါသည်။ နောက်တက်လာမည့် အစိုးရသစ် အတွက်လည်း ထိုဆွေးနွေးပွဲများတွင် အပစ်ရပ် သဘောတူလက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ရေးသည်လည်း အရေးကြီးသည်ဟု အကြံပြုချင်ပါသည်။
ကုလသမဂ္ဂမှ အကြံပြုထားသည်မှာလည်း SSR ပြောင်းလဲမှုတွင် သက်ဆိုင်သူအားလုံး ပါဝင်နိုင်ခြင်း အရေးကြီးသည်ဟု ဖြစ်ပါသည်။ ထိုသို့ အားလုံးပါဝင်ဆွေးနွေးထားသော
ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်သည်သာ တတိုင်းပြည်လုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အကျိုးဖြစ်ထွန်းပါမည်။
(ဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ တွဲဘက်အတွင်းရေးမှူးဖြစ်သည်)