အနီရောင် ပတ်စပို့ကိုမြင်တိုင်း နှိမ်ချဆက်ဆံတတ်တဲ့ နိုင်ငံတကာကလေဆိပ်က လူဝင်မှုကြီးကြပ်ရေးအရာရှိများကြောင့် မြန်မာတယောက်ဖြစ်ရသည်ကို သိမ်ငယ်နေပါသလား။
မစိုးရိမ်ပါနှင့်။ ရင်ကိုကော့ခေါင်းကို မော့ပြီး မြန်မာတို့တွင် ကြီးကျယ်ခမ်းနားခဲ့သည့် အတိတ်သမိုင်းရှိခဲ့သည်ဟု တွေးလိုက်ပါ။ မယုံလျှင် ပြည်လမ်းမပေါ်ရှိ အမျိုးသားပြတိုက်ကို အရင် သွားကြည့်လိုက်ပါ။ တချိန်က အရှေ့တောင်အာရှနယ်မြေတဝက်နီးပါး စိုးမိုးခဲ့ပြီး အာရှတိုက်၏ အခမ်းနားဆုံးနေရာများအနက် တခုဖြစ်ခဲ့သော သမိုင်းအထောက်အထားများ တွေ့ရလိမ့်မည်။
အမျိုးသားပြတိုက်ထဲဝင်ပြိး ပစ္စုပ္ပန်ကိုမေ့ထားကာ အတိတ်အကြောင်းသာ တွေးကာ မြန်မာတယောက် ဖြစ်ရသည်မှာ ကြီးကျယ်ခမ်းနားလှပေတကားဟု တွေးရင်း သန့်စင်ခန်းဖက် ရောက်လာစဉ် တွေ့လိုက်ရသည်က တွေးနေသော ဂုဏ်သိက္ခာများ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရသည်။ အကြောင်းမှာ အိမ်သာကို အဝင်ဝတွင် နိုင်ငံခြားသား သီးသန့်ဟု စာရေးထားသည်။ သဘောက မြန်မာမဝင်ရ။
ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ် တောင်ပေါ်မြို့ ပြင်ဦးလွင်သို့ ကျနော်အလည်ရောက်ခဲ့တုန်းကလည်း အလားတူ ကြုံခဲ့သည်။ ထိုနေ့က ဇန်နဝါရီ ၅ ရက်ဖြစ်သည်။လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်ကျော်က ဗြိတိသျှနယ်ချဲ့ အုပ်စိုးမှုကို အဆုံးသတ်စေခဲ့သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပပြီးနောက်တနေ့လည်းဖြစ်သည် ပြင်ဦးလွင်မြို့ဘူတာ အစွန်ဘက် တနေရာတွင် မြန်မာမဝင်ရန် ကန့်သတ်ထားသည့် သန့်စင်ခန်းတခု တွေ့ပြန်သည်။ သန့်စင်ခန်း အဝင်ဝတွင် “နိုင်ငံခြားသားများ နားနေခန်း”ဟု အင်္ဂလိပ်လို ရေးထားသည်။
ဘဝတလျောက် နိုင်ငံ၏ နယ်နမိတ်အပြင်ကို တကြိမ်မှ မထွက်ဖူးသော မိဘနှစ်ပါးက မွေးဖွားလာပြီး မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသော ကျနော်သည် ယင်းသန့်စင်ခန်း အဝင်ဝတွင် ရေးထားသော ကန့်သတ်ချက်ကို ချိုးဖောက်ပြီး အထဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ဝင်ဝင်ချင်း အခန်းတွင် ဖိုင်ဘာခုံများ အစီအရီချထားပြီး ထိုအခန်းကို ကျော်သွားပါက ရေအိမ်ကို မြင်ရသည်။ မြန်မာအခေါ် ဘိုထိုင်အိမ်သာတလုံးကို တပ်ထားပြီး ရေအပြည့်ဖြည့်ထားသည့် ပလက်စတစ်ရေတိုင်ကီတခုလည်း ရှိသည်။ မှန်တင်ခုံပေါ်တွင်တော့ ဆပ်ပြာအချို့နှင့် ရေအိမ်သုံးစက္ကူများ ချထားသည်။ ခဏတာတောအတွင်း မေးခွန်းများစွာ ခေါင်းထဲရောက်လာသည်။ မြန်မာများသည်လည်း နိုင်ငံခြားသားများလိုပင် ဒွါရ ၉ ပေါက်ပါသည် မဟုတ်လော။ အစားအစာကို စားသောက်ပြီး ဝမ်းတွင်းတွင် အာဟာရ ချက်လုပ်ကာ မလိုသည်ကို အပြင်သို့ စွန့်ကြသည် မဟုတ်လော။
နိုင်ငံခြားသား သီးသန့်သန့်စင်ခန်း၏ ဆန့်ကျင်ဘက် အရပ်ဖြစ်သည့် ဘူတာ၏ အခြားတဘက်စွန်းတွင် မြန်မာတို့အတွက် သီးသန့်အိမ်သာ တခုရှိသည်။ဝါးလုံးတန်းများ ကာထားသည့် ၂ ခန်းတွဲ အိမ်သာလေးမှာ မြန်မာတို့အတွက် သီးသန့်ဖြစ်သည်။ ထိုနေရာကို သဘောမကျသူများ ရထားသံလမ်းဘေး ခြုံထူသည့်နေရာများကို အသုံးပြုနိုင်သည်။
၁၉ ရာစုနှောင်းပိုင်းက ဗြိတိသျှတို့၏ ရှေ့တန်းစခန်းမှသည် နွေရှောင်အပန်းဖြေမြို့ဖြစ်သည့် မေမြို့ကို သူ့ကျွန်မခံလိုသူ မြန်မာများက မြန်မာဆန်သည့် ပြင်ဦးလွင်ဟု အစားထိုး ခေါ်ဝေါ်ခဲ့ကြသည်။ ကိုလိုနီခေတ် အုတ်တိုက် အနီရောင်အဆောက်အအုံများထက် ပိုမိုခမ်းနားသည့် မြန်မာ့စစ်သူရဲကောင်းများ၏ ပုံတူရုပ်ထုများ တည်ဆောက်ကြသည်။
မြို့၏ ဧရိယာ အများအပြားကိုလည်း ခြံခတ်ကာ စစ်တက္ကသိုလ်အပါအဝင် အစိုးရသင်တန်းကျောင်းများ တည်ထောင်ခဲ့သည်။ တိုင်းပြည်၏ အတော်ဆုံး စစ်ဗိုလ်များအပါအဝင် အရာရှိများ နှစ်စဉ် ထောင်နှင့်ချီပြီး မွေးထုတ်ပေးသောမြို့တစ်မြို့အဖြစ် အသွင်ပြောင်းခဲ့သည်။ သို့သော် မည်သူပင်ဖြစ်စေ ဘူတာအိမ်သာတွင် ခွဲခြားခံရမည်ဖြစ်သည်။
ကလောမြို့တွင်လည်း အလားတူပင်။ ကလောဘူတာ၏ လက်မှတ်ရုံ မျက်နှာခြင်းဆိုင်တွင် “နိုင်ငံခြားသားများအတွက် အိမ်သာ”ဟု ဆိုင်းဘုတ်ချိတ်ထားသည်။ အဝင်ဝကိုလည်း သော့ခတ်ထိန်းသိမ်းထားသည်။ မြန်မာများအတွက် သီးသန့်လုပ်ပေးထားသည့်အိမ်သာကို အလွယ်တကူ ရှာမတွေ့။ ဘူတာကို လှည့်ပတ်ကြည့်ရာ ရေနံဝအာင် သုတ်ထားသည့်အိမ်သာတခုကို ချုံနွယ်ပိတ်ပေါင်းများကြားတွင် ရေတွ့ရသည်။ ထိုအိမ်သာ၏ မျက်နှာခြင်းဆိုင်ရှိ သွပ်ကာထားသည့်အဆောက်အအုံထက်တွင်တော့ “သေးမပေါက်ရ “ဟု မြန်မာလို ရေးထားသည်။ တိုးရစ်ဂိုက်တယောက်နှင့် ကြုံတုန်း ဆွေးနွေးဖြစ်သည်။ “ဖိနပ်ချုပ်တဲ့ နိုင်ငံခြားသားတော့ ဝင်ခွင့်ရမယ်။ မြန်မာဆိုရင် သမ္မတ ဖြစ်နေလည်း ဝင်မရဘူး ထင်တယ်”လို့ ကျနော်က ပြောတော့ သူက “ဒါ့ကြောင့် သမ္မတ ခရီးသွားရင် ကိုယ်ပိုင်အိမ်သာ တကူးတက သယ်သွားတာဖြစ်မယ်”လို့ ပြောပြီး ရယ်မောခဲ့ကြသည်။
မြန်မာနှင့် အိမ်သာ အရေးက ရပ်ကျော်ရွာကျော်တင်မက ကမ္ဘာကြီး၏ ဟိုးတဘက်ခြမ်း အမေရိကန်ပြည်ထောင်စုထိ ရောက်သည်။ နိုင်ငံရေးခိုလှုံခွင့်ရသူ မြန်မာများ အခြေစိုက်ရာ ဖို့ဝိန်းတွင်လည်း မြန်မာမဝင်ရဟု ၂၀၁၀ တုန်းက အိမ်သာတခုရှေ့တွင် စာကပ်ဖူးသည်။ အကြောင်းပြချက်က ကွမ်းတစ်ပျစ်ပျစ် ထွေးသောကြောင့်ဟူ၏။ နောက်ပိုင်းတွင် အဆိုပါလုပ်ရပ်အတွက် ကာယကံရှင်က ပြန်တောင်းပန်ခဲ့ရသည်။ သူတို့ဆီတွင် လူမျိုးရေးခွဲခြားမှုကို လက်မခံနိုင်စရာ အပြုအမူအဖြစ် လက်ခံရှုမြင်ကြသည်။စည်းကမ်းမရှိမှုကိုမူ အခြားနည်းလမ်းတခုဖြင့် ဖြေရှင်းခဲ့သည်။
အတိတ်တုန်းက နာဇီတို့က ဂျူးများကို၊ လူဖြူတို့က လူမည်းများကို၊ ဂျပန်တို့က အာရှသားများကို မတူမတန်သည့် လူမျိုးအဖြစ် ခွဲခြားနှိမ့်ချဆက်ဆံခဲ့သည်ကို သင်ခန်းစာယူ၍ ဘာသာရေး လူမျိုးရေး အသားအရောင် ခွဲခြားမှုကို ယနေ့ကာလ ကမ္ဘာ့နိုင်ငံများက လက်မခံတော့ပေ။ ယနေ့တွင်တော့ မြန်မာ့မြေပေါ်တွင် မြန်မာများကပင် မြန်မာကို ခွဲခြားဆက်ဆံနေကြပေပြီ။ မစင်စွန့်ရန်ကိုပင် ခွဲခြားနေကြသည်။
မာတင်လူသာကင်း၏ နာမည်ကျော်မိန့်ခွန်းထဲကလို ကျနော့တွင်လည်း အိပ်မက်တခုရှိသည်။ လာမည့် လွှတ်တော်ပြန်စချိန်တွင် အမတ်များကို လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြင်ဆင်ဖို့ဖိအားပေးမည်။ ဥပဒေသစ်ထဲတွင် ၂ နိုင်ငံသားအဖြစ် ခံယူခွင့်ကို ပြဌာန်းစေမည်။ ဟိုတယ်နှင့် ကား ရထား လက်မှတ်ဝယ်ရန် မြန်မာနိုင်ငံသား အထောက်အထားကို ပြပြီး အိမ်သာတက်ရန် နိုင်ငံခြားသား အထောက်အထားကို ပြနိုင်ရန် ဖြစ်လေတော့သတည်း။
(ထွန်းခိုင်သည် ရန်ကုန်အခြေစိုက် အလွတ်သတင်းထောက်တဦး ဖြစ်သည်)