ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ချမ်းချမ်းစီးစီးနှင့် စောင်ခြုံအိပ်နေရသော အနယ်နယ် အရပ်ရပ်က ဘုရားဖူးပြည်သူများ၏ ဓာတ်ပုံများကို မြင်လိုက်ရသည့်အခါ တောက်တချက် ပြင်းပြင်းခေါက်မိသည်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ကျိုက်ထီးရိုး စေတီ တော်ကြီး၏ အရိပ်အောက်ဝယ် ဘုရားဖူးများ ယခုလို ဆင်းရဲပင်ပန်းစွာ အိပ်စက်နေရသည်မှာ တွေးကြည့်တိုင်း၊ တွေး ကြည့်လေတိုင်း ရင်နာစရာကောင်းပါသည်။
ပြောမည်ဆိုလျှင် ကျိုက်ထီးရိုးဘုရားကြီးတဆူတည်းတော့ မဟုတ်ပါ။ တန်ခိုးကြီး ဘုရားတော်တော်များများတွင် ဤကဲ့သို့ ဘုရားဖူးများ စိတ်၏ပင်ပန်းခြင်း၊ လူ၏ပင်ပန်းခြင်း၊ ငွေ၏ ပင်ပန်းခြင်းဆိုသည့် ပင်ပန်းခြင်း အဖုံဖုံကို ခံစားနေရသည်မှာ ကြာပြီဖြစ်ပါသည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ တန်ခိုးကြီးဘုရားများ နေ့စဉ်၊ နှစ်စဉ်ရရှိနေသည့် အလှူငွေများကို ဘုရားဂေါပက တွေ ဘယ်လိုစီမံခန့်ခွဲနေသလဲဆိုသည့်ကိစ္စမှာ မေးခွန်းထုတ်ကို ထုတ်ရတော့မည် ဖြစ်သည်။
ရွှေစက်တော်ကိုအိမ်က အမတို့၂၀၁၄ က ဘုရားဖူးသွားသည်။ ခြောက်ပေဆယ်ပေခန့်သာရှိသော ဝါးကပ်ခင်းထားသည့် တဲလေးတလုံး တည အိပ်ခအတွက် ရှစ်သောင်းပေးခဲ့ရသည်။ ဒါတောင် ဘုရားဖူးတွေ ကြိတ်ကြိတ်တိုးသည့် တပေါင်းလ ပြည့်လိုနေ့မျိုးဆိုလျှင် အဆိုပါ တဲတလုံး၏ ပေါက်ဈေးမှာ တသိန်းခွဲအထိ ပေါက်ပါသည် တဲ့။
ကျိုက်ထီးရိုးရှိ ဟိုတယ်၊ တည်းခိုခန်းများ၏ ပေါက်ဈေးလည်း မထူးပါ။ အဓမ္မ အလှူခံခြင်း၊ နည်းမျိုးစုံဖြင့် ဘုရားဖူးများထံမှ ငွေဖန်ခြင်းက ပိုသာပါဦးမည်။ ကျိုက်ထီးရိုးမှ ဘုရားဖူးပြန်လာသည့် ဓမ္မသုတေသီဆရာတော်က တောင်တက်လမ်း တလျှောက်လုံးတွင် အလှူခံများ မှိုလိုပေါက်နေပြီး လာသမျှ ကားတိုင်းရပ်ပေးရကြောင်း၊ ကားပေါ်ပါလာသူများကို အကြွေး တောင်းသလို အတင်းအဓမ္မ ငွေဖလားထိုးပြီး အလှူခံနေကြသည့်အတွက် အလှူခံပုဂ္ဂိုလ်ဖြစ်သည့် မိမိကိုယ်တိုင်ပင် ရှက် ရွံ့ အားငယ်စိတ်ဖြစ်လာကြောင်း ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ ဤမျှ ဖြစ်ချင်တိုင်းဖြစ်ပျက်နေသည်ကို အဘယ် ကြောင့် တာဝန်ရှိသူများ လက်ပိုက်ကြည့်နေပါသလဲ ဟု မေးရပါတော့မည်။
ပြင်ဦးလွင်မြို့ခံ ဦးလေးကြီးနှစ်ယောက်က မိမိတို့မီဒီယာသမားတချို့ကို တကူးတကလှမ်းခေါ်ကာ ရင်ဖွင့်သည်။ ပြင်ဦးလွင်တွင် ပြုလုပ်သည့် နာမည်ကြီး ဘုရားပွဲတော်များ၊ တန်ဆောင်တိုင်ပွဲများတွင် ဆိုင်ကယ်အပ်ခတစီးကို ၁၅၀၀ တောင်း နေသည့်ကိစ္စအတွက် ရပ်ဝေးကလာသော ဘုရားဖူးများကို အလွန်အားနာသောကြောင့် သတင်းရေးပေးရန် မေတ္တာရပ်ခံခြင်း ဖြစ်သည်။ ဘုရားပွဲတွင် ဖွင့်သော ဆိုင်ခန်းခလေလံဈေးလွန်စွာမြင့်ခြင်းကြောင့် ပုံမှန် ငါးရာဖြင့်ရောင်းသော ရှမ်းခေါက်ဆွဲတပွဲကို ဘုရားပွဲတွင် ရှစ်ရာ၊ တထောင်ရောင်းနေရကြောင်း ဈေးသည်များကလည်း ပြောပါသည်။
မန္တလေးတွင်လည်း အခါ ကြီး ရက်ကြီးများဆိုလျှင် တန်ခိုးကြီး ဘုရားများ၌ ဆိုင်ကယ်အပ်ခ နှစ်ဆပေးရပါသည်။ ဆိုင်ကယ်အပ်ခ ပိုမို ကောက်ခံလျှင် အောက်ပါဖုန်းနံပါတ်များသို့ တိုင်တန်းနိုင်ပါကြောင်း စာကပ်ထားပါသည်။ ဘာသာရေးကိစ္စ သွားလာနေချိန်တွင် မည်သူမျှ စိတ်ရှုပ်မခံချင်ပါ။ တိုင်မှ သိကြမှာလားဟု စိတ်ပေါက်ပေါက်ဖြင့် မေးလိုက်ချင်ပါသည်။
တန်ခိုးကြီးဘုရားများသို့ လာရောက်လေ့လာသည့် နိုင်ငံခြားသားဧည့်သည်များကိုမြင်လျှင် စိတ်ထဲမှာကြည်နူးမိသ လောက် အားလည်းနာမိပါသည်။ နိုင်ငံခြားသားများထံမှ ဝင်ကြေး၊ ကင်မရာကြေး၊ ဘာကြေး ညာကြေး စသည်ဖြင့် ခေါင်း စဉ် မျိုးစုံတပ်ပြီး ငွေကောက်နေသော်လည်း ကျန်းမာရေးကိစ္စ ဖြေရှင်းရန် အဆင့်မီသော သန့်စင်ခန်းလေးကိုတောင်မှ ကောင်းကောင်းလုပ်မပေးနိုင်သော မိမိတို့ဆီမှ ဂေါပကများ ကိုယ်စား အားနာမိခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ လာလည်သော နိုင်ငံခြားသားတယောက်အား မြန်မာနိုင်ငံတွင် လည်ပတ်ရ အဆင်ပြေမပြေ မေးမြန်း ကြည့်ရာ မင်းတို့ဆီက လူူတွေက ငါတို့ကို လူလို့ မမြင်ဘူး၊ ငွေထွက်မယ့် အရာတခုလို့ မြင်နေကြတယ် ဟု ညည်းညူ သွားပါသည်။
တန်ခိုးကြီးဘုရားများ၏ ဂေါပကများ စီမံခန့်ခွဲပုံကို ပြောရလျှင် ဘဝင်မကျတာ တော်တော်များပါသည်။ နေ့စဉ်၊ နှစ်စဉ် အလှူငွေများ စဉ်ဆက်မပြတ် ရနေကြသည့် တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးလာကြသည့် သာမန်လူများအတွက် ထည့်တွက်မှု မရှိသလောက်နည်းပါသည်။ ထို့အတူပင် တန်ခိုးကြီးဘုရားများ ရရှိသောအလှူငွေများကို မည်သို့မည်ပုံ စီမံခန့်ခွဲနေသည်။ မည်သို့မည်ပုံ ပြန်လည်အသုံးချနေသည် စသည့် လစဉ်၊ နှစ်စဉ်စာရင်းရှင်းတမ်း အတိအကျ ထုတ်ပြန်မှုလည်း လွန်စွာအားနည်းပါသည်။
ဘာသာရေးကိစ္စဆိုလျှင် လက်ရှောင်တတ်သည့် အကျင့်ရှိသော၊ စေတနာသုံးတန်ပြတ်ပြီး လှူလေ့ရှိသော မြန်မာလူမျိုး များ၏ အလှူငွေများကို သာသနာရေးနှင့် ဂေါပကတို့ ဘယ်နည်း ဘယ်ပုံသုံးစွဲနေသည် ဆိုသည်ကို တိတိကျကျ စာရင်းဝင် စစ်ရမယ့်အချိန် ရောက်ပြီဖြစ်ပါသည်။
သာမန်ဆင်းရဲသား ပြည်သူတို့ ရှိစုရှိမဲ့ငွေလေးဖြင့်် လှူဒါန်းနေကြပါသည်။ ဆင်းရဲသားပြည်သူတို့ ဘုရားသို့ တနှစ်တခါ လာ ဖူးသည့် အချိန်လေးတွင် ဆိုင်ကယ်အပ်ခလေးတောင် လျှော့သွားအောင် လုပ်မပေးနိုင်ကြဘူးလား။ ဖိနပ်လေးတောင် အလကား အပ်လို့မရဘူးလား။ ရွှေသင်္ကန်း၊ ဘုရားပန်းစသည့် လှူတန်းဖွယ်ရာများကို သာမန်ဈေးဖြင့် ရောင်းချအောင် လုပ် မပေးနိုင်ကြဘူးလား။ ဘုရားဖူးလာသည့်ပြည်သူများအတွက် အမောပြေ သောက်သုံးနိုင်အောင် ရေသန့််စက်ကလေးများ၊ ရေသန့်ဘူူးလေးများပင် လုံလုံလောက်လောက်ချမပေးနိုင်ကြဘူးလား၊ နေရာကျယ်ဝန်းစွာယူထားသည့် သာသနာ့ နယ်မြေ များတွင် သာမန်ပြည်သူများ စိတ်လက်ပေါ့ပါးစွာ တည်းခိုနိုင်အောင် ဇရပ်လေးတောင် ဆောက်မပေးနိုင်ဘူးလား ဆိုသည့် မေးခွန်းများမေးချင်ပါသည်။ ဤမျှလောက် သာမန်ကိစ္စရပ်လေးများကိုပင် အခြေခံပြည်သူများအတွက် လုပ်မပေးနိုင်သည့်၊ လုပ်မပေးချင်သည့် ဂေါပကအဖွဲ့များကို ငုတ်တုပ်ထိုင်ကြည့်နေကြတော့မှာလား ဟု သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးကို မေးချင်ပါသည်။
အမျိုးဘာသာသာသနာကို စောင့်ရှောက်မည်ဆိုသည့် မဘသဆရာတော်ကြီးများကိုလည်း ဤနေရာမှ လျှောက်ထားလိုပါသည်။ ရဟန်းသံဃာများ ဖွဲ့ထားသည့် အဖွဲ့အစည်းများစွာ ရှိသော်လည်း မြန်မာလူထုကြားသာမက ကမ္ဘာ့မီဒီယာများတွင်ပါ ရေပန်းစားထင်ရှားနေသည်မှာ မဘသ အဖွဲ့ကြီးသာ ဖြစ်သောကြောင့် ဤအဖွဲ့ကြီးကိုသာ အားကိုးစိတ်ဖြင့် လှျှောက်ထား ခြင်းဖြစ်ပါသည်။ ဂေါပကများ စီမံခန့်ခွဲမှုညံ့ဖျင်းသောကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူများ ယခုလို အဆင်မပြေ ဒုက္ခရောက် နေရသည့် ဘုရားဖူးကိစ္စကို ပြေလည်အောင် ဝင်ရောက်ဖြေရှင်းစေလိုပါသည်။
မဘသအဖွဲ့ကြီးနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည်ကို သဘောပေါက်သော်လည်း ဘာသာ၊ သာသနာနှင့် တိုက်ရိုက် သက်ဆိုင်နေသော ကိစ္စကြီးဖြစ်သောကြောင့် မဘသကဲ့သို့ အင်အားကြီး အဖွဲ့အစည်းကြီးမှ ကြားဝင် ဖြေရှင်းကာ ပြေလည်အောင်လုပ်ပေးမည်ဆိုလျှင် အတိုင်းထက်အလွန် ဝမ်းမြောက်ရမည်ဖြစ်ပါသည်။ ဤကိစ္စသည် မျိုးစောင့်ဥပဒေ ပြ ဌာန်းခြင်းကဲ့သို့ ဘာသာသာသနာအတွက် အရေးကြီးသော ကိစ္စတရပ်ဟု ယူဆမိပါသည်။
သတင်းသမားအမြင်ဖြင့်ပြောရလျှင် ယခုကိစ္စသည် မျိုးစောင့်ဥပဒေထက်ပင် ဗုဒ္ဓဘာသာဝင်များနှင့် ပိုမိုသက်ဆိုင်နေပါ သည်။ အဘယ့်ကြောင့်ဆိုသော် ဘာသာခြားဖြင့်ယူသော ဗုဒ္ဓဘာသာဝင်အရေအတွက်မှာ အယောက်တရာလျှင် လက် ဆယ်ချောင်းမပြည့်ပါ။ သို့သော် ဗုဒ္ဓဘာသာဝင်ဆိုလျှင် နေ့စဉ်မဟုတ်တောင်မှ အခါကြီးရက်ကြီးများတွင် ဘုရားဖူးသွား ကြသည်မှာ အယောက်တရာလျှင် ကိုးဆယ်ခန့်အနည်းဆုံးရှိနိုင်သောကြောင့်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ တိုင်းပြည်တခုတွင် ဗုဒ္ဓဘာသာ အထွတ်အမြတ်နေရာများသို့ သွားရောက်ဖူူးမြော်ရာ၌ ဂေါပကနှင့် သာသနာရေးဝန်ကြီးဌာနတို့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် နောင်ဆိုရင် ဘုရားဖူးတာတော်ပါပြီ အိမ်မှာပဲ နေတာ ကောင်းပါတယ်ဆိုသည့်စိတ်များ မျိုးဆက်သစ်လူငယ်များ စိတ်ထဲရောက်သွားခဲ့လျှင်၊ ဘုရားကျောင်းကန်နှင့် ခပ်ကင်း ကင်းနေလိုသော မျိုးဆက်သစ်များပေါ်ထွက်လာခဲ့လျှင် ဘာသာသာသနာတည်တံ့ရေးအတွက် အန္တရာယ်ရှိနိုင်ပါကြောင်း လျှောက်ထားအပ်ပါသည်။
ဖြစ်ချင်သောဆန္ဒကို တခွန်းတည်းပြောချင်ပါသည်။ တန်ခိုးကြီးဘုရားဂေါပကများကို စာရင်းစစ်ပေးကြပါ။
(ဖိုးစမ်းချောင်း (GG)သည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)