၁၉၄၀ ခုနှစ်ဝန်းကျင် စစ်ကြိုခေတ်က တေးရေးဆရာ မြို့မငြိမ်း ရေးသားဖန်တီးခဲ့တဲ့ တေးသွားတွေထဲက “တူးပို့” ဆိုတဲ့ ဝေါဟာရ စကားလုံးဟာ မြန်မာ့ရိုးရာသင်္ကြန်နဲ့ ဆက်စပ်ပြီး ကျော်ကြားလူသိများပါတယ်။ ဒိန်းမတ်နိုင်ငံ အခြေစိုက် ကားလ်စ်ဘာ့ဂ် (Carlsberg) ကုမ္ပဏီက ထုတ်လုပ်တဲ့ “Tuborg” ဘီယာကို မြန်မာ့ဈေးကွက်ထဲမှာ ဖြန့်တဲ့အခါ အသံထွက်ကို “တူးပို့” ဆိုပြီး သုံးစွဲခဲ့ပါတယ်။ အဲဒီလို သုံးစွဲတာနဲ့ ပတ်သက်ပြီး မြို့မငြိမ်းရဲ့ မိသားစုဝင်တွေက တရားဥပဒေကြောင်းနဲ့ အညီ ကန့်ကွက်ဖို့ ပြင်ဆင်နေပြီလို့ ဇန်နဝါရီ ၁၅ ရက်က မီဒီယာများကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့ပါတယ်။ ဒီလို တရားစွဲဆိုတော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး တူးပို့ တေးသွားပိုင်ရှင် မြို့မငြိမ်းရဲ့ သတ္တမမြောက် သားဖြစ်သူ ဦးရွှန်းမြိုင်ကို ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ Tuborg ဘီယာကို ၁၈၇၀ ခုနှစ်ဝန်းကျင်က ထုတ်တယ်လို့ သိရပါတယ်။ နှစ်ချီနေတဲ့ကုန်ပစ္စည်း အမှတ်တံဆိပ် တခုကို ထုတ်လုပ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတခုကို တရားစွဲဆိုမှာ ဖြစ်တဲ့အတွက် ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။
ဖြေ။ ။ နိုင်ငံတကာမှာ အင်မတန် ထင်ရှားထည်ဝါတဲ့ ကုမ္ပဏီ၊ ကမ္ဘာနဲ့ ချီပြီး အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ တိုက်ရိုက် ဆက်ဆံရမှာပေါ့၊ ဒါပေမယ့် တပည့်မကောင်းတော့ ဆရာခေါင်းပဲလေ။ ဇန်နဝါရီ ၁၅ ရက်နေ့ကစပြီး ဒီအတွက် အလုပ် စလုပ်သွားမယ်။ Step by Step လုပ်သွားမယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးကိုလည်း ဒီကိစ္စကို တင်ပြဖို့ရှိတယ်။ စင်ကာပူ ရှေ့နေနဲ့ နိုင်ငံတကာ ဥပဒေအရ ဖြေရှင်းသွားပါမယ်။ သူကလည်း လူမှုရေးအရ မေတ္တာနဲ့ ကူညီပေးမှာပါ။ ပြီးတော့ ဥပဒေကြောင်းဆိုင်ရာ ကိစ္စတွေကို မန္တလေးက ရှေ့နေကြီး ဦးကျော်အေးနဲ့လည်း တိုင်ပင် ဆွေးနွေးနေပါတယ်။
မေး။ ။ မြို့မငြိမ်းရဲ့ သံစဉ်တခုဖြစ်တဲ့ “တူးပို့” ဆိုတဲ့စကားလုံးကို အသုံးပြုဖို့ Myanmar Carlsberg ကုမ္ပဏီက တာဝန်ရှိသူနှစ်ဦးက လာတွေ့ခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲအချိန်တုန်းကရော ဘာတွေပြော ဆိုဖြစ်ခဲ့ပါသလဲ။
ဖြေ။ ။ သူတို့နဲ့ ပထမအကြိမ်တွေ့ဆုံကတည်းက ဒီလိုလုပ်ဖို့ Denied လုပ်ခဲ့ပါတယ်။ လေးကြိမ်လောက် တွေ့ဆုံပြီးမှ မထုတ်ဖြစ်ပါဘူးလို့ ပြောပြီး အခုလိုလုပ်တာ။ အရက်ကြော်ငြာဖို့ မပြောနဲ့။ လွန်ခဲ့တဲ့နှစ်က ရွှေမန်းမာလာ သီချင်းနဲ့ ကုန်ပစ္စည်းတခု ကြော်ငြာဖို့ ကမ်းလှမ်းတာတောင် လက်မခံခဲ့တာ။ အရက်၊ ဘီယာဆို ဝေးရော။ ဖေဖေ့သီချင်းကို စီးပွားရေး အသွင်သဏ္ဍန်ဖြစ်စေတဲ့ အနေအထား ဘယ်တော့မှ မဖြစ်စေချင်ပါဘူး။
မေး။ ။ မြန်မာနိုင်ငံဈေးကွက်မှာ Tuborg ဘီယာ အမှတ်တံဆိပ် နာမည်ရလာတဲ့အတွက် မြို့မငြိမ်း မိသားစုတွေက အခုလို ထကန့်ကွက်ကြတယ်ဆိုပြီး ဝေဖန်နေတဲ့ စကားသံတွေလည်း ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြို့မငြိမ်းရဲ့ သားတယောက်အနေနဲ့ ဘယ်လို တုံ့ပြန့်ချင်ပါသလဲ။
ဖြေ။ ။ သူတို့ စီးပွားဖြစ်တာ မဖြစ်တာ အဘိုးတို့နဲ့ မဆိုင်ပါဘူး။ ဒါကိုလည်း မုဒိတာ မပွားနိုင်စရာ မရှိပါဘူး။ ဒါပေမယ့် လူမှုရေး ကျင့်ဝတ်တော့ ရှိဖို့လိုအပ်ပါတယ်။ သာမန်လူပြိန်းနည်းပဲ စဉ်းစားကြည့်ပါ။ အခုလို ပြောနေဆိုနေ၊ မီဒီယာတွေမှာ ပါလာတာတွေကိုက သူတို့အတွက် ကြော်ငြာပေးသလို ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒီအပေါ်မှာ မနာလိုဝန်တိုမှု မရှိပါဘူး။
မေး။ ။ မြို့မငြိမ်း မိသားစုအနေနဲ့ Myanmar Carlsberg ကုမ္ပဏီဘက်က ဘာတွေလုပ်ပေးဖို့ မျှော်လင့်ပါသလဲ။
ဖြေ။ ။ “တူးပို့ ဘီယာ” ဆိုတဲ့ မြန်မာစာတန်းကို ဖျက်သိမ်းပေးဖို့ဆိုတာ အရမ်းလွယ်ပါတယ်။ သူတို့လည်း စီးပွားရေး လုပ်ငန်းကြီး လုပ်နေတဲ့သူတွေပါ။ ဒီအတွက် ကောင်းကောင်း ကာကွယ်မှုတွေ ရှိမှာပါ။
မေး။ ။ အကယ်၍ တဖက် ကုမ္ပဏီက ဒီကိစ္စအတွက် စေ့စပ်ညှိနှိုင်းပြီးတော့ ထိုက်သင့်တဲ့လျော်ကြေး သဘောမျိုး ပေးလာခဲ့ရင် ဆက်လက် အသုံးပြုခွင့် ပေးသွားမှာလား။
ဖြေ။ ။ ငွေကြေးရလိုမှုနဲ့ တရားစွဲမှာ မဟုတ်ပါဘူး။ ငွေကြေးဆိုတဲ့စကား ဒီနေရာ မပြောချင်ပါဘူး။ သူတို့ဒီလိုလုပ်တဲ့ အတွက် တန်ရာတန်ကြေးတော့ ပေးရပါမယ်။ ဥပဒေကြောင်းအရပေါ့။ သူတို့ အစကမ်းလှမ်းလာတုန်းက အကြောင်းသင့်လို့ ကူညီဖြစ်မယ် ဆိုရင်တောင် ငွေကြေးစကား မဆိုပါဘူး။ အခုက စည်းကမ်းဖောက်ပြီး ဒီလို လုပ်သွားတာပါ။ လျော်ကြေးဆိုတာမျိုး တောင်းချင်တောင်းမယ်။ အဲဒါ ဆက်အသုံးပြုခွင့် အတွက်တော့ မဟုတ်ဘူး။ သူတို့ အလွဲသုံးစား လုပ်မှုအတွက် လုပ်မှာဖြစ်ပါတယ်။
မေး။ ။ မြို့မငြိမ်းရဲ့ သီချင်းတွေကိုရော မူပိုင်ခွင့် မှတ်ပုံတင်ထားပါသလား။
ဖြေ။ ။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတော့ မြို့မငြိမ်းရဲ့ သီချင်းတွေကို တပုဒ်လုံး ဒါမှမဟုတ် စာသားဖြစ်စေ စီးပွားရေးအရ အသုံးပြုမယ်ဆိုရင် မြို့မငြိမ်းမိသားစုရဲ့ ခွင့်ပြုချက်ယူဖို့ သတင်းစာမှာ ကြေညာခဲ့ဖူးပါတယ်။
မေး။ ။ မြို့မငြိမ်းရဲ့ တေးသွားတွေဟာ မြန်မာတွေနဲ့ ရင်းနှီးတဲ့သံစဉ်တွေပါ။ ဒါပေမယ့် ပိုင်ပိုင်နိုင်နိုင် လက်ဆုပ် လက်ကိုင်ပြဖို့ မူပိုင်ခွင့်နဲ့ စကားပြောလာရင် တရားဥပဒေကြောင်းအရ အရေးနိမ့်နိုင်မယ်ဆိုတဲ့ စကားသံတွေ အပေါ် ဘယ်လို အဖြေပေးချင်ပါသလဲ။
ဖြေ။ ။ ဒါဟာ အနိုင်၊ အရှုံး တခုတည်းအတွက် လုပ်တာမဟုတ်ဘူး။ သင်္ကြန်တွင်းမှာ တူးပို့ တူးပို့ သီချင်းနဲ့ အားလုံး ရင်းနှီးခဲ့ကြတာပါ။ တူးပို့သီချင်းကို မြန်မာလူမျိုးအားလုံး သိပြီးသားပါ။ တရားရင်ဆိုင်ရင် အားနည်းကောင်း အားနည်းနိုင်မယ်။ ဒါပေမယ့် ဒီအစဉ်အလာကို ငုံ့မခံဘူးဆိုတာ ပြချင်ပါတယ်။ ဒါဟာ မြို့မငြိမ်းမိသားစုရဲ့ ကိစ္စတခုတည်း မဟုတ်ပါဘူး။ သင်္ကြန်ဆိုတာ မြန်မာအမျိုးသား တစုလုံးအတွက်ကော၊ အနုပညာ သမားတွေအတွက်ကော တန်ဖိုးရှိပါတယ်။ အခုလို လုပ်လိုက်တာဟာ စော်ကားတာနဲ့ တူတူပါပဲ။