မြန်မာနိုင်ငံနိုင်ငံသည် ရာစုနှစ် တဝက်ကျော်ကျော်အတွင်း နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်ပြီး ကြီးမားသော အံ့သြဖွယ် အချိန်ကာလကို ကြုံတွေ့နေရပါသည်။ ယခုဆယ်စုနှစ်များအတွင်း အလွတ်လပ်ဆုံးနှင့် အမျှတဆုံးဟု ဆိုရမည့် နိုဝင်ဘာလက လွှတ်တော်အဆင့်ဆင့် ရွေးကောက်ပွဲများတွင် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အပြတ်အသတ် အနိုင်ရသွားခဲ့သည်။ နိုဘယ်ဆုရှင်လည်းဖြစ် အ တိုက်အခံခေါင်းဆောင်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အစိုးရတက်လာရန် ရှိနေပါသည်။ အသွင်ကူးပြောင်းရေးကာလသည် တိုင်းပြည်ကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် မြန်မာ့တပ်မတော်အတွက် သော့ချက်ကျသောအာဏာများ ထိန်းသိမ်းပေးထားသည့် အခြေခံဥပဒေအောက်တွင် ဖြတ်သန်းနေရသည်ဟု ဆိုရမည်ဖြစ်သော်လည်း ယခုအပြောင်းအလဲသည် နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ အာဏာရှင် အုပ်ချုပ်ရေးစနစ်မှ သိသိသာသာ ဖယ်ခွာလာခြင်းကို ကိုယ်စားပြုနေပါသည်။ လာမည့်လများနှင့် နှစ်များသည် မရေရာသေးသည့် အဆင့်တွင် ရှိနေဆဲဖြစ်သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကန့်လန့်ကာအဖွင့်အတွက် လွန်စွာ အရေးကြီးသော အချိန်များဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က နိုင်ငံတကာမီဒီယာများသည် မြန်မာနိုင်ငံ၏ သိသိသာသာ ဖြေလျော့လာမှုများနှင့် အနောက်နိုင်ငံများအပေါ် တံခါးဖွင့်လာမှုများနှင့်ပတ်သက်၍ ကျိုးကြောင်းဆီလျော်စွာ ခန့်မှန်းခဲ့ကြသည်။ တချိန်တည်းမှာပင် နှိုင်းယှဉ်ကြည့်ပါက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ် အလေးပေးမှုမှာ အနည်းငယ်သာ ရှိခဲ့သည်။ ၎င်းမှာ ကံမကောင်းအကြောင်းမလှ ဖြစ်ခြင်းဟု ဆိုရပေမည်။ တရုတ်နိုင်ငံ၏ နိုးထလာမှုသည် ကမ္ဘာကြီးကို ပြန်လည်ပုံဖေါ်လျက်ရှိရာ အဆိုပါဖြစ်စဉ်၏ အားကောင်းသော သက်ရောက်မှုကို အိမ်နီးချင်း မြန်မာနိုင်ငံလောက် ခံစားရမည့် နိုင်ငံမရှိဟု ဆိုရလိမ့်မည်။
လာမည့်အစိုးရသည် သော့ချက်ကျသော ဦးစားပေးမှု ၂ ခု ရှိလိမ့်မည်ဖြစ်သည်။ ၎င်းတို့မှာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်း၏ ဆယ်စုနှစ် ၇ ခုကြာနေပြီဖြစ်သည့် ပြည်တွင်းစစ်အဆုံးသတ်ရေး ဖြစ်သည်။ အဆိုပါ ရည်မှန်းချက် ၂ ခု ပေါက်မြောက် အောင်မြင်ရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ရေရှည်စဉ်ဆက်မပြတ်ရေး အာမခံချက်ပေးနိုင်ရန် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံသည် အဆိုပါ ဦးစားပေးရည်မှန်းချက်၂ ခု လုံးတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ မြန်မာနိုင်ငံသည် အနောက်နိုင်ငံများနှင့် တံခါးဖွင့်ခဲ့ပြီဆိုသော်လည်း တရုတ်နိုင်ငံသည် စဉ်းစားနိုင်သမျှ အတိုင်းအတာအတွင်း အရေးအပါဆုံးသော ကုန်သွယ်ဘက် ဖြစ်နေဆဲဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ မြောက်ဖက်အစွန်အဖျား နယ်မြေများတလျှောက်တွင် တရုတ်နိုင်ငံ၏ ခန့်မှန်းနိုင်သည်ထက် ပို၍ ကြီးမားသည့် သြဇာလွှမ်းမိုးမှုက မည်သည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်မဆို ၎င်းကို အလွန်အရေးပါသော ပလေယာ (player) ဖြစ်နေစေသည်။
ဆက်ဆံရေးတွင် အပေါင်းလက္ခဏာဆောင်သော သွင်ပြင်များ အလားအလာ ကောင်းလာရေးမှာ ပို၍ပင် အရေးကြီးပါသည်။ မြန်မာနိုင်ငံသည် အာရှ၏ အဆင်းရဲဆုံးနိုင်ငံများတွင် တနိုင်ငံဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှတို့၏ ဆုံချက်၊ အာရှ၏ အသည်းနှလုံးနေရာတွင် တည်ရှိနေပါသည်။ မြန်မာ ခေါင်းဆောင်များအနေဖြင့် ဤအထူးစပယ်ရှယ် ပထဝီအနေအထားကို ၎င်း၏ ပြည်သူများ အကျိုးအမြတ်ရစေရန် ပဲ့ကိုင်နိုင်သည့် သီးသန့်အခွင့်အလမ်း ရှိနေပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် တိုင်းပြည်အနေဖြင့် တရုတ်နိုင်ငံအပေါ် မိတ်ဆွေမဆန်သော ချဉ်းကပ်မှုမျိုးကို ရှောင်ရမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးထံမှ မည်သို့အကောင်းဆုံး အသုံးချရမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံနှင့် သမိုင်းကြောင်းမှာ ရှုတ်ထွေးပြီး ပြဿနာများခဲ့သည်သာဖြစ်ပြီး ဗျူဟာမရှိပဲ ကြုံသည့်တက်နှင့် လှော်ရုံမျှဖြင့် မလုံလောက်တော့ပေ။ ထို့ကြောင့် ရှေ့လာမည့် အစိုးရသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အခြေခံကျကျ ပြောင်းလဲပစ်မှုကို စတင် လုပ်ဆောင်သင့်ပါသည်။ တရုတ်နိုင်ငံ၏ မဟာဗျူဟာ ဦးစားပေးများကို နေရာပေး စဉ်းစားသည့်အချိန်တွင် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ ဗဟိုပြုစဉ်းစားရပေမည်။
ထိုသို့လုပ်ဆောင်ရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ ဘေဂျင်းနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပြုစုပျိုးထောင်ရန်ဆိုသည်မှာ ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒ၏ ပင်မ အိုင်ဒီယာဖြစ်သော်လည်း မြန်မာနိုင်ငံမှ အုပ်ချုပ်သူများသည် တခါတရံ တရုတ်နိုင်ငံကို အန္တရာယ်ပြု ခြိမ်းခြောက်လာနိုင်သူအဖြစ် ရှုမြင်လေ့ရှိကြသည်။ ၁၉၆၀ ခုနှစ်များ၏ နောက်ပိုင်းကာလများက တရုတ်တို့ လက်နက်တပ်ဆင်ပေးထားသော ကွန်မြူနစ်သူပုန်များသည် နယ်စပ်ကို ဖြတ်၍ မြန်မာနိုင်ငံ အရှေ့မြောက်တွင် “လွတ်မြောက်နယ်မြေ” ထူထောင်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် အဆိုပါ သူပုန်ထမှုများ ပြိုလဲသွားခဲ့သော်လည်း ပြည်သူ့စစ်ဆန်ဆန် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံ၏ အချိတ်အဆက်များမှာ ကျန်ရှိနေဆဲဖြစ်သည်။ မြင်သာထင်သာအားဖြင့် အင်အား ၂၅၀၀၀ ခန့်ရှိ ညီညွတ်သော ဝ ပြည်နယ် စစ်တပ် (United Wa State Army) ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် ဆက်ဆံရေးမှာ ငြိမ်သက်နေသော ရေပြင်၌ လှိုင်းထသွားသကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးအစိုးရ၏ ဦးစွာလုပ်ဆောင်မှုများထဲမှ တခုမှာ မြန်မာနိုင်ငံနှင့် နယ်စပ်ရှိ ယူနန်ပြည်နယ်သို့ လျှပ်စစ်မီးပေးမည့် တရုတ်တို့၏ စီမံကိန်းဖြစ်သည့် ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိ အငြင်းပွားဖွယ် မြစ်ဆုံရေလှောင်တမံကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ၎င်းကို ဘေဂျင်းက ကျေနပ်မှု မရှိခဲ့ပေ။ နောက်ပိုင်းတွင် မြန်မာနိုင်ငံမြောက်ဖျား၌ ဆယ်စုနှစ် ၂ ခုခန့်အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (Kachin Independence Army) တို့အကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ တရုတ်နိုင်ငံအတွင်းသို့ ဒုက္ခသည် ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြပြီး လက်နက်ကြီးကျည်ဆန်များလည်း တရုတ်နိုင်ငံတွင်းသို့ ကျရောက်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် တရုတ်တို့ လုပ်ဆောင်နေသော ကြေးနီသတ္တုမိုင်းတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါသည်။ ၂၀၁၀-၁၁ တွင် တရုတ်ပြည်မကြီးမှ ကုမ္ပဏီများက ဒေါ်လာ ၈.၂ ဘီလီယံ ရင်းနှီးမြှပ်နံှခဲ့ကြပြီး ၂၀၁၃-၁၄ တွင် ရင်းနှီးမြှပ်နံှမှုမှာ ဒေါ်လာ သန်း ၁၀၀ အောက်အထိ လျော့နည်းသွားခဲ့ရသည်။
တကယ်တော့ အံ့သြစရာတော့လည်း မဟုတ်လှပေ။ မြန်မာလူထု၏ တရုတ်နိုင်ငံအပေါ်အမြင်မှာ လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍ သိသိသာသာ ပြောင်းလဲသွားပြီး အေးစက်စက်ဖြစ်လာခဲ့သည်။ အစိုးရ၏ ခရိုနီများနှင့် တိုင်းရင်းသား လက်နက်ကိုင်များထဲမှ အီလစ်အလွှာလူတန်းစားများသည် ယူနန်နှင့် စီးပွားရေးလုပ်ကိုင်ရင်း ချမ်းသာလာကြသည်။ သို့သော်လည်း မြန်မာအများစုက တရုတ်တို့၏ ရေအားလျှပ်စစ်များ၊ သတ္တုတွင်းများနှင့် စိုက်ပျိုးရေးစီမံကိန်းများအပေါ် အဂတိလိုက်စားမှုကို အားပေးခြင်း၊ ကျေးရွာနေလူထုကို အိုးမဲ့အိမ်မဲ့ဖြစ်စေခြင်း၊ ပတ်ဝန်းကျင် ပျက်ယွင်းမှုများ ဖြစ်ပေါ်စေခြင်းတို့အတွက် အပြစ်တင်လျက် ရှိကြသည်။ အားနည်းသော အစိုးရအင်စတီကျူးရှင်း များနှင့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ၊ တရုတ်စီးပွားရေး အကျိုးစီးပွားများကသာ ရယူခံစားသွားကြသော အရေးယူအပြစ်ပေးခြင်းမရှိသည့် အလေ့အထတို့သည် အခွင့်အရေးရယူခြင်းကို အခြေပြုသော မြန်မာနိုင်ငံ၏ နိုင်ငံရေးဘောဂဗေဒကို မောင်းနှင်သည့် ခရိုနီအရင်းရှင်ဝါဒ၏ အရေးကြီးသော အကြောင်းတရားများ ဖြစ်ကြသည်။
လွန်ခဲ့သည့်တနှစ်က အသစ်တစ်ဖန် ပြန်လည်လူစုပြီး လက်နက်ကောင်းစွာ တပ်ဆင်ပေးထားသည့် တိုင်းရင်းသား တရုတ်ကိုးကန့်လက်နက်ကိုင်များသည် ယူနန်မှ မြန်မာနိုင်ငံတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီး နယ်စပ်မြို့ဖြစ်သော လောက်ကိုင်မြို့ကို တိုက်ခိုက်ခဲ့ပါသည်။ မြန်မာ့တပ်မတော်က အဆက်မပြတ် ပြန်လည်တိုက်ခိုက်ခဲ့ရာ ပြည်သူများ၏ လှိုက်လှိုက်လှဲလှဲ ထောက်ခံမှုကို ရရှိခဲ့သည်။ ၂၀၁၅ ဖေဖေါ်ဝါရီလက ထိပ်တန်းဗိုလ်ချုပ်တစ်ဦးမှ ကိုးကန့်လက်နက်ကိုင်များတွင် တရုတ်စစ်သားဟောင်းများပါဝင်သည်ဟု စွပ်စွဲခဲ့ရာ ဘေဂျင်းက ကျယ်ကျယ် လောင်လောင် ပြန်လည်ငြင်းဆိုခဲ့သည်။ မတ်လက မြန်မာလေတပ်သည် ကိုးကန့်များအပေါ် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အချို့ဗုံးများသည် တရုတ်ပိုင်နက်ထဲသို့ မတော်တဆ ကျရောက်ခဲ့သည်။
အဆိုပါ အချင်းအရာများသည် မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်တဒါဇင်ကျော်နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် အပြီးသတ် ကြိုးပမ်းနေချိန်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ လက်မှတ်ရေးထိုးဖြစ်ပါက လက်ရှိအစိုးရအတွက် သရဖူဆောင်းနိုင်သည့် အမွေကျန်ရစ်နိုင်မည်။ တရုတ်နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များ တဖွဲ့ကမျှ လက်မှတ်ရေးထိုးခြင်းမပြုသည့် နောက်တွင် အကြီးတန်းမြန်မာစေ့စပ်ညှိနှိုင်းသူတစ်ဦးက တရုတ်နိုင်ငံအား ၎င်းတို့အား လက်မှတ်ရေးထိုးခြင်း မပြုရန် တိုက်တွန်းခဲ့သည်ဟု လူသိရှင်ကြား ဝေဖန်ခဲ့သည်။
တရုတ်အနေဖြင့်ကလည်း စိုးရိမ်ရမှုများ ရှိပါသည်။ တိတိပပဆိုရသော် မြန်မာနိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းလာခြင်းအပေါ် ဘေဂျင်းအနေဖြင့် စိုးရိမ်ပူပန်ရမှု အတော်အတန် ရှိလာသည်။ နည်းလမ်းအားဖြင့် မြန်မာအစိုးရသည် ကာလရှည်ကြာကပင် တရုတ်တို့ အကြံပြုသည့်အတိုင်း တသွေမတိမ်း လုပ်ဆောင်ခဲ့ရာ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခြင်း၊ အနောက်နှင့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ခြင်း၊ အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းသွားခြင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ် ထောက်ခံမှုကို မှီခိုရခြင်းအား လျော့ချလာခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ သို့သော် ဘေဂျင်းအနေဖြင့် အသွင်ကူးပြောင်းခြင်း၏ အမြန်နှုန်း၊ အနောက်အပေါ် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒကို ပြန်လည်ထိန်းညှိရန် မြန်မာဗိုလ်ချုပ်ဟောင်းများ၏ စိတ်အားထက်သန်မှု၊ တိုင်းပြည်အတွင်း နိုင်ငံရေးအရ လုပ်သာကိုင်သာ ပွင့်လာချိန်တွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ လျင်မြန်စွာပြန့်နံှ့သွားခြင်းတို့အပေါ် လက်ခံရန် အဆင်သင့် မဖြစ်ပေ။
ယခုအခါ တရုတ်ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အစိုးရသစ်က မည်သို့ ပုံဖေါ်မည်ဆိုသည်ကို စောင့်ကြည့်လျက်ရှိသည်။ ဘေဂျင်းသည် မြန်မာနိုင်ငံမှ ပြီးခဲ့သည့် စစ်အစိုးရအပေါ် ဆယ်စုနှစ် ၂ ခုကျော် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ထောက်ခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအုပ်ချုပ်ရေး အပြောင်းအလဲတွင် ရုတ်တရက် အနောက်၏ သြဇာလွှမ်းမိုးမှုအောက် ရောက်သွားမလားဟု စိုးရိမ်လျက်ရှိသည်။ သို့သော် လေက မည်သည့်ဖက်သို့ အလေးသာပြီး တိုက်မည်ဆိုသည်ကို သဘောပေါက်နေသည့် သဘောတွင် ရှိနေပါသည်။ ၂၀၁၄ အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ရာ တရုတ် သမ္မတ ရှီကျင်ဖျင့် ကိုယ်တိုင်နှင့် တွေ့ဆုံခဲ့ပြီး ဘေဂျင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ကြိုဆိုကြောင်း ထပ်တလဲလဲ အလေးပေးပြောကြားခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံအတွက် ၎င်း၏ အင်အားကြီး အိမ်နီးချင်းတရုတ်နှင့် ဆက်ဆံရေးကို အသစ်ပြန်စရန် အချိန်ကောင်း ဖြစ်ပါသည်။ ယခု ဆက်ဆံရေးအသစ်ကို ပုံသဏ္ဍာန်အမျိုးမျိုး လုပ်ဆောင်နိုင်ပါသည်။ သို့သော် အရေးကြီးသော အစိတ်အပိုင်း ၃ ခု ပါဝင်သင့်ပါသည်။ ပထမဆုံးမှာ တရုတ်အား ဦးဆောင်စေခြင်းထက်စာလျှင် မြန်မာနိုင်ငံက ၎င်း၏ စီးပွားရေးကို ပြန်လည်သန်စွမ်းလာစေရန် လိုအပ်ချက်နှင့်အညီ ဘီလီယံများစွာတန်သည့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုံးစုံပါဝင်သော ကိုယ်ပိုင်အစီအစဉ်ကို ရေးဆွဲသင့်သည်။ တရုတ်ကို ဖိတ်ကြားသင့်ပြီး အဓိက အခန်းကဏ္ဍတွင် ပါဝင်ရန် အားပေးသင့်သည်။ သို့သော် သက်ရောက်မှု ဒဏ်ခံစားခဲ့ကြရမည့် ရပ်ရွာနေပြည်သူများနှင့် တွေ့ဆုံအကြံဉာဏ်ယူ၍ မြန်မာအစိုးရ ရေးဆွဲထားသော မူဘောင်အတွင်း ပါဝင်စေသင့်သည်။
ဒုတိယအချက်အားဖြင့် မြန်မာနိုင်ငံမှ ခေါင်းဆောင်များ အသိအမှတ်ပြုထားရမည့်အချက်မှာ ငြိမ်းချမ်းရေးဆုံးရှုံးလျှင် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ဆက်ရန် မဖြစ်နိုင်ဟူသောအချက်ဖြစ်သည်။ ဥပမာအားဖြင့် မြစ်ဆုံရေလှောင်တမံတွင် ဝန်းရံနေသော အငြင်းပွားဖွယ်ကိစ္စများမှာ စီးပွားရေးကို အခြေအတင် ငြင်းခုန်နေခြင်းမျိုး ရိုးရိုးလေး မဟုတ်ပေ။ စီးပွားရေးမှာ ကချင်ပြည်နယ်မှ ပဋိပက္ခအပေါ် ရေရှည်ခံသည့် အဖြေရရှိနိုင်မှုနှင့် နီးစပ်စွာဆက်စပ်နေသည်။ ဒေသခံအသိုင်းအဝိုင်းများက တရုတ်၏ စီမံကိန်းများသည် ၎င်းတို့၏ နေအိမ်များနှင့် အသက်မွေးဝမ်း ကျောင်းများကို ဖျက်ဆီးပစ်လိမ့်မည်ဟု ကြောက်ရွံ့နေသည်မှာ ကောင်းမွန်သော အကြောင်းပြချက်ဖြစ်နေသည်။ အနာဂတ်အစိုးရသည် တိုင်းရင်းသား လူနည်းစုနယ်မြေများမှ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားရာတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ချိတ်ဆက်နေသော စီးပွားရေး အကျိုးစီးပွားများ သို့မဟုတ် တပ်၏ မြေယာသိမ်းဆည်းမှု များကဲ့သို့သော ထိလွယ်ရှလွယ်သည့် နိုင်ငံရေးကိစ္စရပ်များကို ထည့်သွင်းစဉ်းရန် လိုအပ်သည်။
တတိယအချက်မှာ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်ရန်သာ ဖြစ်သင့်ပြီး ဦးတည်ရာမဲ့ပြိုင်ဆိုင်သည့် နေရာတခု မဖြစ်သင့်ပေ။ တရုတ်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အနောက်နိုင်ငံများနှင့် ဂျပန်တို့ လိုအပ်သည်ထက်ပိုမို သြဇာလွှမ်းမိုးနေပြီး ထိုလွှမ်းမိုးမှုသည် တရုတ်-မြန်မာ နယ်စပ်၏ အနာဂတ်အပေါ် အကျိုးဆက်များရှိသည်ဟု ရှုမြင်နေရာ ထိုအချက်အပေါ် တိုး၍ စိုးရိမ်လာနေပါသည်။ မြေမြှပ်မိုင်းများ ရှင်းလင်းရေးမှသည် အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးအထိ လိုအပ်ချက်များမှာ ကြီးမားလှပါသည်။ သို့သော်လုပ်ငန်းစဉ်မှာ ပွင့်လင်းမြင်သာမှု ရှိသင့်ပြီး ဖြစ်နိုင်လျှင် စနစ်အသစ်ဖြင့် ကုလသမဂ္ဂနှင့် ချိတ်ဆက် လုပ်ကိုင်ပါက တရုတ်လည်း ပါဝင်လာနိုင်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အသစ်တဖန်ပြန်လည်စတင်ရန် ဘေဂျင်းအား စွဲဆောင်နိုင်လိမ့်မလား။ တရုတ်အနေဖြင့် ၎င်း၏ စီးပွားရေးအကျိုးစီးပွားကို အားပေးလိုလိမ့်မည်ဖြစ်ပြီး နယ်စပ်ဒေသများတွင် သြဇာလွှမ်းမိုးမှုအား ပါဝါသဖွယ် အသုံးပြု၍ ဘယ်လောက်များများ လုပ်ဆောင်နိုင်မည်ဆိုသည်ကို ရှုမြင်လိမ့်မည်ဖြစ်သည်။ ထို့အပြင် တရုတ်အနေဖြင့် ၎င်း၏ အိမ်နီးချင်းက အနောက်၏ သြဇာလွှမ်းမှုနှင့် ပတ်သက်ပြီး ၎င်းတို့၏ ပူပန်မှုများကို ကိုင်တွယ် ဖြေရှင်းပေးသည်ဟု ရှုမြင်ပြီး ရပ်ဆိုင်းနေသော စီးပွားရေးစီမံကိန်းများ အလျင်အမြန် တိုးတက်မှုရှိလာသည်ဟု ရှုမြင်လာသည်အထိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါသော အကူအညီများပေးရန် ငြင်းဆိုနေဖွယ်ရှိသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်တလွှားမှ အားကောင်းသော အမျိုးသားရေးဝါဒီများ၏ တုန့်ပြန်မှုကို အားပေးခြင်းသည် အမှားတခု ဖြစ်ပေလိမ့်မည်။ တဖန်မြန်မာအစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကူအညီများ ပိုမိုရလာရန် မျှော်လင့်လျှက် တရုတ်တို့၏ တောင်းဆိုမှုများကို သီးခြားစီခွဲလျက် စဉ်းစားခြင်းသည်လည်း အမှားတခုပင် ဖြစ်ပေလိမ့်မည်။ ထိုသို့လုပ်ဆောင်မည့်အစား နှစ်ဖက်စလုံးသည် ၎င်းတို့၏ ဆက်ဆံရေးအတွက် အလုံးစုံပါဝင်သော ရှေ့ကို စဉ်းစားထားသည့် မျှော်မှန်းချက်အသစ်ကို ထုဆစ်ကြရမည်ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ရလိုသည့်အရာများရှိသည်မှာ အသေအချာဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ဤအချက်ကို အားသာချက်အဖြစ် အသုံးပြုနိုင်ပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံအပေါ်တွင် တည်နေပါသည်။ မြန်မာနိုင်ငံတွင် အရေးပါသော စားသုံးသူ ဈေးကွက်ကြီးရှိနေပြီး ဆယ်စုနှစ်နှစ်ခုနီးပါး အခြေခံကျသော ကုန်ပစ္စည်းများကို အရေးပါစွာ ဖြည့်သွင်းပေးနေပါသည်။ မြန်မာနိုင်ငံတွင် မကြာမီကမှ ပြီးစီးခဲ့သည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ၊ ရေအားလျှပ်စစ်စီမံကိန်းများသည် ယူနန်နှင့် တရုတ်၏ ကျယ်ပြန့်သော အနောက်တောင်ဒေသအတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆီးရာတွင် မရှိမဖြစ် လို ပ်လှပါသည်။
မြန်မာနိုင်ငံ၏ တည်ရှိနေပုံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံ၊ အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်ပေးသည့် မြေသားတံတားတစင်းသဖွယ် ဖြစ်နေခြင်းကလည်း အရေးပါလှပါသည်။ ရှီကျင်ဖျင့် ထုတ်ဖေါ်ခဲ့သည့် ထူးခြားသော အိုင်ဒီယာ “One Belt One Road” (အာရှပတ်လမ်းတခုတည်း) လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွင် မြန်မာနိုင်ငံသည် အရေးပါသည့် အစိတ်အပိုင်းတွင် ရှိနေပါသည်။ တရုတ်သည် ၎င်း၏ ကုန်းတွင်းပိုင်းကို ဘင်္ဂလားပင်လယ်အော် ရေနက်ဆိပ်ကမ်းနှင့် ဆက်သွယ်ရန် ရထားလမ်းအသစ် ရလိုသည်။ အိန္ဒိယသို့ အဝေးပြေးလမ်းမကြီး ချဲ့လိုသည်။ အနောက်သို့ ဦးတည်မည့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်ရန်အတွက် ရေကြောင်းအဖြစ် ဧရာဝတီမြစ်ကို အသွင်ပြောင်းလိုသည်။ အဆိုပါ စီမံကိန်းများ အားလုံးသည် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် တည်နေပါသည်။
နောက်ဆုံးအားဖြင့် မြန်မာနိုင်ငံသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုကြား ပြိုင်ဆိုင်နေမှု၌ အရေးပါသော နေရာတွင် ထိုင်နေမိရက်သား ဖြစ်နေပါသည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာ တံခါး ဖွင့်လာမှုနှင့် အနောက်နှင့် ချိတ်ဆက်လာမှုကို တရုတ်အနေဖြင့် နှစ်နိုင်ငံအကြား မိုင် ၁၃၀၀ ရှည်သော နယ်စပ်တလျှောက် အနောက်နိုင်ငံ စစ်တပ်တည်ရှိမှု၏ အရိပ်ထိုးမှုဆီသို့ ဦးတည်မသွားပါက ဝမ်းသာစွာ ရှုမြင်လိုပေလိမ့်မည်။
မြန်မာနိုင်ငံတွင် ရေရှည်အတွက် အကြီးဆုံးစိန်ခေါ်မှုတခု ရှိနေပါသည်။ ၎င်းမှာ လူဦးရေ ၁.၂ ဘီလီယံရှိ အာဏာရှင်စနစ် ကျင့်သုံးသော တရုတ်နိုင်ငံ၏ ဘေးတွင် ထိုင်လျက် တံခါးဖွင့်ပေးလာခြင်း၊ ဖြေလျော့မှုများ လုပ်ဆောင်လာရခြင်း၊ တိုင်းရင်းသား လူနည်းစု အသိုင်းအဝိုင်းများထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရန် တရားဝင် တောင်းဆိုလာမှုများအပေါ် ကိုင်တွယ်ဖြေရှင်းပေးရခြင်းများ ဖြစ်သည်။ စိုးရွံ့ရသည့်အချက်မှာ မြန်မာနိုင်ငံအနေဖြင့် ယခုလို အားနည်း၍ ဆင်းရဲနေသေးသည့် အချိန်တွင် တံခါးဖွင့်လာခြင်းသည် တရုတ်၏ နေရာယူသွားခြင်းကို ခံရဖွယ်ရှိသည့် အချက်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာမှ မိတ်ဆွေများကလည်း မြန်မာနိုင်ငံ၏ ဘေဂျင်းနှင့် သိမ်မွေ့သော အနေအထားကို အသိအမှတ်ပြု၍ လိုအပ်သော လုပ်သာကိုင်သာ အနေအထားကို ပေးကြဖို့လည်း အရေးကြီးပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ဖြစ်နိုင်သမျှ အကောင်းဆုံးဆက်ဆံရေး ရှိသင့်ပါသည်။ သို့သော် မြန်မာနိုင်ငံသားများကို အကျိုးအမြတ်ရှိစေမည့် နည်းလမ်းမျိုးသာ ဖြစ်သင့်သည်။ အကျိုးများ၍ ကောင်းမွန်သည်ဟုဆိုရမည့် တရုတ်-မြန်မာ ဆက်ဆံရေးဆိုသည် အမေရိကန်အပါအဝင် လူတိုင်း၏ အကျိုးစီးပွား ပါဝင်ပါသည်။ ယခုအချိန်သည် မြန်မာနှင့် တရုတ်ခေါင်းဆောင်များအတွက် နှစ်နိုင်ငံဆက်ဆံရေးကို အသစ်ပြောင်း၍ စတင်ကျင့်သုံးကြရန် လိုအပ်ပြီဟု အသိအမှတ်ပြုရမည့် အချိန်အခါဖြစ်ပေသည်။
(သန့်မြင့်ဦးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်ပြီး ရန်ကုန် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို ဦးစီးနေသည်)