လတ်တလော ကျနော်တို့ ဗမာပြည်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ဝင်စားစရာ ဥပဒေအရေးအခင်းဟာ ဆရာ မြို့မငြိမ်း ရဲ့ မြို့မသင်္ကြန်သီချင်းက နိုင်ငံကျော် သံစဉ်စာသားတခု ဖြစ်တဲ့ ဗမာစာလုံး ‘တူးပို့’ ကို ကားစ်ဘတ်ဂ် အုပ်စုမှ ပိုင် ဆိုင်သော ဒိန်းမတ်ဘက်က လက်ခွဲဘီယာလုပ်ငန်း တခုဖြစ်တဲ့ Tuborg ဘီယာလုပ်ငန်းက ၎င်းတို့ရဲ့ အမှတ်တံဆိပ် ဗမာ အသံလှယ်မှာ ‘တူးပို့’ လို့ သုံးစွဲခဲ့တာကို ဆရာမြို့မငြိမ်းရဲ့ ကျန်ရစ်သူ မိသားစု အပါအဝင် တချို့သူတွေကလည်း သဘော မတူနိုင် ကန့်ကွက်ကြတဲ့ကိစ္စ ဖြစ်ပါတယ်။
ဒီနေရာမှာ သဘောမတူနိုင်တဲ့ ဗမာတွေဘက်က လွန်တယ်လို့ တန်ပြန်ဝေဖန်ကြသူတွေက အဓိက ထောက်ပြတဲ့ အချက် တချို့ကတော့
(၁) Tuborg ဘီယာလုပ်ငန်း အမှတ်ဟာ ယင်းအမှတ်တံဆိပ်နာမည်နဲ့ပဲ ၁၈၇၃ ကတည်းက တည်ထောင်ထားခဲ့တဲ့ လုပ် ငန်း ဖြစ်တယ်။ ဒါကြောင့် ဒီဘက်ခေတ်က မော်ဒန်သီချင်းရေးဆရာလို့ ပြောနိုင်တဲ့ ဆရာမြို့မငြိမ်းရဲ့ ‘တူးပို့’ ထက် စောနေ တယ်။
(၂) ဗမာပြည်မှာ တီထွင်ဖန်တီးမှု မူပိုင်ခွင့်ဟာ နှစ်ငါးဆယ်ပဲ ခံတယ်၊ ဆရာမြို့မငြိမ်းရဲ့ သီချင်းတွေကို မူပိုင်လုပ်ထားခဲ့ ရင် တောင် နဂိုစပ်ဆိုခဲ့တဲ့အချိန်နဲ့ ယခု လက်ရှိ ၂၀၁၆ ဟာ ကြားကာလ နှစ်ငါးဆယ် မကတော့တဲ့အတွက် မူပိုင်ခွင့်ဟာ မိသား စုမှာ တကယ် ကျန်ရစ်ရှိသေးရဲ့လား။
(၃) ယင်းမူပိုင်ခွင့်ဟာ ကျန်ရစ်သူ မိသားစုက ပိုင်ဆိုင်သည်ပဲ ထားဦး၊ တူးပို့က လူတဦးတယောက်ရဲ့ တီထွင်ဖန်တီးမှု အနု ပညာ သီချင်းစာသား၊ ဘီယာတံဆိပ်က စီးပွားဖြစ် ကူးသန်းရောင်းဝယ်တဲ့လူသုံးကုန်ပစ္စည်း။ အဲဒီတော့ ‘အနုပညာ ကုန်’ နဲ့ ‘လူသုံးကုန်’၊ အများပြည်သူကို ဖြန့်ဝေတဲ့ ကုန်အမျိုးအစားချင်း မတူတာကို အမှတ်တံဆိပ် နာမည်တူလို့ ဆိုပြီး တရား စွဲလို့ ဖြစ်မလား။ ဥပမာ Microsoft ဆိုပြီး ဆိုင်းဘုတ်တင်၊ ဇီးသီးလှည်းကလေး နောင်ပိန်လုပ်ပြီး ရောင်းရင် Microsoft ကု မ္ပဏီက ဇီးသီးလှည်းကို တရားစွဲလို့ ရမလားစတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
ဒီအချက်တွေမှာ ပါဝင်တဲ့ ရှုထောင့်တွေဟာ မမှန်ဘူးလို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ‘သမိုင်းကို ကလိန်စေ့ ငြမ်းခြုံသော မော် ဒန်လူများ’ ဆောင်းပါးစဉ်မှာ ဖြစ်ပျက်နေတဲ့ အမှုအခင်းတခုဟာ အဓိက အရေးကြီးတဲ့ အချက်ကြီး (major) နဲ့ အကြောင်း အရာ အချက်အလက် ရှုထောင့်အားဖြင့် မှန်ကန်ပေမယ့် အမှုအခင်း ဖြစ်ပျက်ပုံအတွက် အဓိက အရေးကြီးတဲ့ အချက်နဲ့ တ ကယ် ယှဉ်ထိုးကြည့်ရင် အရေးမပါလှတဲ့ အချက်ငယ် (minor) တွေကို ကွဲကွဲပြားပြားနားလည်ဖို့ အရေးကြီးကြောင်း ကျ နော် ဆွေးနွေးခဲ့ပါတယ်။
လက်ရှိ အမှုအခင်းမှာ ဖော်ပြပါ အချက်သုံးချက် အပါအဝင် နောက်အချက်တွေ ဘယ်လောက်လာလာ အဓိကထားပြီး ဆွေးနွေးရမယ့် အချက်ကြီး တချက်ရဲ့ ရှုထောင့်ဟာ ကျန်ရစ်နေပါတယ်။ အဲဒီကျန်ရစ်နေတဲ့ အချက်ကြီးဟာ ဘာလဲဆိုရင် ‘အမှတ်တံဆိပ် နာမည်ကို သုံးစွဲမှုဟာ အများပြည်သူကို ဝေခွဲရခက် ရှုပ်ထွေးစေသလား’ ဆိုတဲ့ မေးခွန်းဖြစ်ပြီး ယင်းမေးခွန်း ဟာ ယခု ဖြစ်ပေါ်နေတဲ့ ဆရာမြို့မငြိမ်းမိသားစု အမှုတွဲသာမက၊ တခြား ပေါ်ပေါက်လာနိုင်တဲ့ မူပိုင်ခွင့် အငြင်းပွားမှု ပြဿ နာတွေကို အဓိက တိုင်တည်ဆုံးဖြတ်ရမယ့် ဥပဒေရေးရာ ရှုထောင့်ကြီး ဖြစ်ပါတယ်။
တနည်းအားဖြင့် မူပိုင်ခွင့်ပြဿနာကို တရားရေးရာ ရှုထောင့်ကနေ သမာသမတ်ကျကျ ဆုံးဖြတ်ဖို့ ဆိုတာမှာ သုံးစွဲသူ ပြည် သူပေါ်မှာ ယင်းအမှတ်တံဆိပ်ရဲ့ သက်ရောက်မှုဟာ ၎င်းတို့ သိမြင်လက်ခံထားတဲ့ အသိတရားတခုနဲ့ ဆင်တူယိုးမှား ဖြစ် ကုန်ပြီး ရှုပ်ထွေးကုန်စေသလားဆိုတဲ့ အချက်ဟာ အဓိက ယှဉ်ထိုးဆုံးဖြတ်ရမယ့် အချက် ဖြစ်ပါတယ်။
ဇီးသီးသည်ဟာ Microsoft ဆိုပြီး လက်တွန်းလှည်းနဲ့ တင်ရောင်းတာကို ဘယ်သူကမှ တရားမစွဲပါဘူး၊ ဘာလို့လဲဆိုတော့ ဒါဟာ ဘာမှ အများပြည်သူအတွက် ရှုပ်ထွေးစရာ အကြောင်းမရှိပါဘူး၊ စိတ်ကူးပေါက်ပြီး ဘေးလ်ဂိတ် ဆိုက်ကားဂိတ် ဆို ပြီး လုပ်ထားလည်း ဘယ်ကွန်ပျူတာကုမ္ပဏီကမှ လာပြီး တရားစွဲမှာ မဟုတ်ပါ။
ဒါပေမယ့် Microsoft ကို software (သို့) ကွန်ပျူတာနဲ့ ဆက်စပ်နေတဲ့ ခွန်အားအတော်အတန် ရှိတဲ့ နိုင်ငံတကာ ဈေး ကွက်ဝင် ကုမ္ပဏီကြီးတခုက ‘Microsafe’ လို့ ဖြစ်စေ၊ ‘Microsoftware’ လို့ ဖြစ်စေ လုပ်ချလာမယ် ဆိုရင်တော့ ကျိန်းသေ ပေါက် တရားစွဲ အရေးယူခံရမှာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ယင်းကုမ္ပဏီရဲ့ ခွန်အား အတိုင်းအတာနဲ့ဆိုရင် အများပြည်သူကို ဆင်တူယိုးမှား ထင်မြင် သိမှတ်မိ စေတဲ့ သြဇာသက်ရောက်မှု အတိုင်းအတာဟာ ထိထိရောက်ရောက်ရှိနေပြီး ယင်း“ဆင်တူယိုးမှား” သြဇာသက်ရောက်မှု ဟာ Microsoft ကုမ္ပဏီအတွက် ဆိုးကျိုးတွေဟာလည်း ရှိနေမှာဖြစ်တယ်။ အဲသလိုပဲ ခွန်အား အတော်အတန်ကြီးတဲ့ နိုင်ငံ တကာ ဈေးကွက်ဝင် အရက်ချက်လုပ်ငန်းတခုဟာ Microsoft ဆိုတဲ့ နာမည်နဲ့ အရက်ဘီယာတံဆိပ် ထုတ်ဝေခွင့်မရှိပါဘူး။ ဒါဟာလည်း အများပြည်သူအပေါ်မှာ ဆင်တူယိုးမှား သြဇာသက်ရောက်မှု ရှိမှာဖြစ်ပြီး သုံးစွဲသူ ပြည်သူတွေရဲ့ ရှိရင်းစွဲ အ မှတ်သညာ အသိတရားဟာ ရောယှက် ရှုပ်ထွေးကုန်မှာ ဖြစ်တယ်။
ဒါကြောင့်မို့လို့ တန်ပြန်ဝေဖန်တဲ့ အချက်တွေထဲကဆို ကုန်ပစ္စည်းမတူဘူးဆိုတဲ့ နံပါတ်(၃) အချက်ကို ခုပြတဲ့ ဥပမာနဲ့ တန်း ပြီး ပယ်ချနိုင်ပါတယ်။ တန်ပြန်ဝေဖန်မှုတွေထဲက နံပါတ်(၂) အချက်ဟာ အသိမ်မွေ့ အနက်နဲဆုံးလို့ ဆိုရပါမယ်။
တူးပို့ဟာ ယခုအခါမှာ မြို့မငြိမ်း မိသားစုမပိုင်တော့ဘူး၊ အမျိုးသားပိုင်ဖြစ်နေပြီ။ တချို့က အမျိုးသားပိုင်ဖြစ်တဲ့အတွက်ကို အမျိုးသား ဘုံပိုင်လက္ခဏာကို ထိပါး ကျူးကျော်မှုနဲ့ တရားစွဲလို့ ရတယ်လို့ အယူအဆရှိနိုင်ကြပါတယ်။ ဒါပေမယ့် ဒီအယူ အဆမှာ အခက်အခဲရှိတာက မြန်မာဘီယာတို့၊ မန္တလေးဘီယာတို့ကိုကော တရားစွဲလို့ရသလား။ အဲသလိုသာ တရားစွဲ မယ်ဆိုရင် ‘မြန်မာ’ ဆိုတဲ့ နာမည်နဲ့ အမှတ်တံဆိပ် တွဲပါတာ မှန်သမျှကို တရားစွဲလို့ ရနေမှာဖြစ်ပြီး အားလုံး ရှုပ်ထွေးကုန် မှာ ဖြစ်တယ်။
ဒီနေရာမှာ အဓိက ကွဲပြားစေချင်တဲ့ အချက်က မြန်မာ၊ မန္တလေး၊ မော်လမြိုင် စတာတွေဟာ ဘယ်သူကမှ မပိုင်ဆိုင်ဘဲ အလိုအလျှောက် ပေါ်ပေါက်လာတဲ့ ဘာသာစကား သင်္ကေတ အမှတ်အသားတွေ ဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါ မဆို၊ ဘယ်ကုမ္ပဏီမဆို လက်ဦးမှုရယူမယ်ဆိုရင် ၎င်းတို့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်တွေမှာ ကြိုက်သလို တွဲစပ်ပြီး သုံးစွဲနိုင်ပါ တယ်။
ဘာသာစကားဟာ (အမှန်တကယ်အားဖြင့် မရှိတဲ့) ‘အမျိုးသားပိုင်’ မဟုတ်၊ လူအားလုံးက ခေတ်အဆက်ဆက် အလို အ လျှောက် ထည့်ဝင်ဖော်ထုတ်ကြတဲ့ တိုးတက်ဖြစ်စဉ် (Spontaneous Order) သာ ဖြစ်တဲ့အတွက် ‘မြန်မာ’ ‘မန္တလေး’ကို တရားစွဲလို့ မရသလို ကျနော့်ကိုယ်ကို ကျနော် ‘ငပုတောညိုထွန်း’လို့ ကလောင်နာမည်ခံပြီး စာရေးရင် ငပုတော ရွာသား တွေလာပြီး ကျနော့်ကို တရားစွဲလို့ မရပါ။
ဒါပေမယ့် ဆိုပါစို့၊ ‘ချမ်းမြေ့ရိပ်သာ ဘီယာ’၊ ‘ရှင်သာရိပုတ္တရာ ဝီစကီ’ ဆိုပြီး ထုတ်လုပ်ခဲ့ရင် တရားစွဲလို့ ရသလား။ နင်ခု ပြောသလိုဆို ‘ချမ်းမြေ့ရိပ်သာ’ တို့၊ ‘ရှင်သာရိပုတ္တရာ’ ဆိုတဲ့ အမည်တွေဟာ ဘာသာစကားပဲလေ။ ဟုတ်ကဲ့၊ ဒါမျိုး လုပ် ရင်တော့ သေချာပေါက်ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်မှာ သက်ရှိထင်ရှားရှိတဲ့ ချမ်းမြေ့ရိပ်သာ ဆရာတော် ကြီးပဲဖြစ်စေ၊ စာပေထဲမှသာလျှင် သိတဲ့ ရှင်သာရိပုတ္တရာပင်ဖြစ်စေ ၎င်းတို့မှနေပြီး ဗမာတွေရဲ့ အမှတ်သညာပေါ်မှာ ထင် ရှားစွာ သီးသီးသန့်သန့် အဓိပ္ပာယ်မျိုးနဲ့ ထည့်ပါဝင်မှုဟာ ရှိနေပြီးတော့ ယင်းလုပ်ငန်းမျိုးတွေဟာ ဖော်ပြပါ နာမည်တွေနဲ့ သက်ဆိုင်တဲ့ ဗမာတွေရဲ့ ရှိရင်းစွဲ အမှတ်သညာ လက္ခဏာအဓိပ္ပာယ် မှတ်သားမှုတွေပေါ်မှာ ရှုပ်ထွေးမှုတွေ ဖြစ်စေမယ့် သဘောဟာလည်း ရှိပါတယ်။
ဒီနေရာမှာလည်း အပြင်မှာ တကယ်သက်ရှိ ရှိသူနဲ့ စာပေထဲမှာသာရှိသူ နှစ်မျိုးဟာလည်း အသေးစိတ်ထပ်ပြီး ကွဲပြား နေတာကို သတိမူကြရပါမယ်။ ဆိုပါစို့၊ ရွှေတိဂုံဘုရားမှာ ပုတီးရောင်းသူဟာ ‘ရှင်သာရိပုတ္တရာ ဘုရားပုတီးလုပ်ငန်း’ ဆိုပြီး လုပ်ရင် အစိုးရဟာ အရေးယူခွင့် မရှိပေမယ့် ‘ချမ်းမြေ့ရိပ်သာ ပုတီးလုပ်ငန်း’ ဆိုပြီး လုပ်ရင်တော့ ၎င်း ချမ်းမြေ့ရိပ်သာ အဖွဲ့အစည်းမှ တာဝန်ရှိသူတွေ သဘောမကျရင် တရားစွဲဆိုခံရနိုင်တဲ့ အလားအလာတွေ ရှိပါတယ်။ သို့သော် တဖက်တွင် ရှင်သာရိပုတ္တရာ အရက်လုပ်ငန်းလို့ လုပ်ခွင့် မရှိသလို၊ ရှင်သာရိပုတ္တရာ ပိုးထည်လုပ်ငန်းလို့လည်း လုပ်ခွင့် မရှိပါဘူး။
ဒါပေမယ့် ရှင်သာရိပုတ္တရာ သင်္ကန်းတိုက်ဆိုရင်တော့ ခွင့်ပြုရမှာ ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သင်္ကန်းတိုက်ရဲ့ လုပ် ငန်းဆောင်တာ လက္ခဏာဟာ ၎င်းသုံးစွဲတဲ့ နာမည်က ပြသတဲ့ အမှတ်လက္ခဏာနဲ့ ကိုက်ညီလျက်ရှိပြီးတော့ အများပြည် သူရဲ့ ရှိရင်းစွဲ အမှတ်အသိတွေအပေါ်မှာ ရှုပ်ထွေးမှုတွေ သက်ရောက်ခြင်း မရှိတဲ့အတွက် ဖြစ်ပါတယ်။
ဒီတော့ အများပြည်သူရဲ့ အမှတ်လက္ခဏာ အသိတရားပေါ်မှာ ရှုပ်ထွေးမှုတွေ သက်ရောက်ခြင်း ရှိမရှိနဲ့ ယှဉ်ထိုး ချိန်ဆ လိုက်ရင် နံပါတ်(၂) အချက်ကိုလည်း ကျနော်တို့က ငြင်းပယ်လိုက်နိုင်မှာ ဖြစ်ပြီး ၎င်းပယ်ချမှုရဲ့ ဆင်ခြေဟာလည်း ဆရာ မြို့မငြိမ်းမိသားစုဟာ မူပိုင်ခွင့် တကယ် မကျန်ရစ်ရင်တောင်မှ ဗမာအစိုးရကိုယ်တိုင်က အရေးယူ ဆောင်ရွက်ရမယ်ဆို တာကို ညွှန်ပြနေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဆရာကြီး မြို့မငြိမ်းရဲ့ တူးပို့စာသား လက္ခဏာဟာ လူသားအချင်းချင်း ချစ်ကြည်ငြိမ်းချမ်းရေးနှင့် ယဉ်ကျေးမှုကို ဗမာတပြည်လုံးက လူတွေဟာ နှစ်စဉ်နှစ်တိုင်း အချိန်အခါ ကာလတခုကို ရောက်တိုင်း အမှတ်ရစေတဲ့ အမှတ်လက္ခဏာတခု အဖြစ် လူပုဂ္ဂိုလ်တဦးက ၎င်း၏ ကြီးမားလှသော အနုပညာ စွမ်းပကားဖြင့် သီးသီးသန့်သန့် ထည့် ဝင်ထားတဲ့ ဖန်တီးမှုဖြစ်တယ်။
ယင်းအမှတ်လက္ခဏာဟာ ‘ဘီယာမူးကြစို့ဟေ့’ လို့ တိုက်တွန်းထားတဲ့ အမှတ်လက္ခဏာအဖြစ် ပြောင်းလဲသုံးစွဲခံရမယ်ဆို ဒါဟာ အများပြည်သူ့အတွက် ပြည်သူ့ရေးရာကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ တရားစီရင်မှု နယ်ပယ်တွင်း ကျရောက်ပြီး၊ ဘယ် သူကမှ တရားစွဲနေစရာမလို၊ တာဝန်သိအစိုးရ ကိုယ်တိုင်က (လူပုဂ္ဂိုလ်တဦးတယောက်က ဗမာလူ့ဘောင်ရဲ့ တိုးတက် ပြောင်းလဲမှု ဖြစ်စဉ်မှာ အနုပညာနယ်ပယ်ကနေ သီးသီးသန့်သန့် ခွန်အားကြီးမားစွာ ထည့်ဝင်ခဲ့တဲ့) ဗမာလူမျိုးတွေက အလိုအလျောက် လက်ခံသိမှတ်ခဲ့တဲ့ * ယင်းရှိရင်းစွဲ စာသားကို မိမိလိုချင်တဲ့ အဓိပ္ပာယ်နဲ့ အသုံးချ ၊ အကျိုးအမြတ်ရယူလို တဲ့ နိုင်ငံခြား ဘီယာကုမ္ပဏီကို ငြင်းခုံချေပ ဟန့်တားဖို့ တာဝန်ရှိနေတာ ဖြစ်ပါတယ်။ [ ** ကြားက အချက်ဟာ အရေးကြီး ဆုံး ဖြစ်ပါတယ်။ နို့မဟုတ်ရင် စစ်အစိုးရဟာ ၎င်းတို့ရဲ့ ဖန်တီးမှု ဒီဇိုင်းကြောင်တွေကို သီးသန့်အဓိပ္ပာယ်နဲ့ ထည့်ဝင်မှုအဖြစ် ဘာမှ ရောယှက်ခွင့် မရှိ၊ တမျိုးသားလုံးက ထာဝရ လက်ခံကာကွယ်ရမယ် ဆိုပြီး သတ်မှတ်နေလိမ့်မယ်]
နိဂုံး မှတ်ချက်အနေနဲ့ ဥပဒေ ရှုထောင့်အားဖြင့် ‘တူးပို့’လို့ သုံးစွဲပိုင်ခွင့် မရှိသလို၊ ‘ထူးပို့’လို့လည်း ဆင်တူယိုးမှား သုံးစွဲခွင့် မရှိပါဘူး။
ယင်းစာလုံးတွေကို ယမကာလုပ်ငန်းတခုက သုံးစွဲခြင်းဟာ ဆရာမြို့မငြိမ်း ရည်ရွယ်ရင်း ဖန်တီးထည့်ဝင်မှု အနှစ်သာရနဲ့ လမ်းလွဲပြီး ယင်းဆင်တူယိုးမှား စာလုံးတွေဟာ အများပြည်သူအပေါ် အမှတ်လက္ခဏာ အသိတရားတွေ ရူပ်ထွေးစေကုန် မှာ ဖြစ်သလို၊ ၎င်းနိုင်ငံတကာ ကုမ္ပဏီကြီးတခုရဲ့ အဖွဲ့အစည်းနဲ့ ငွေကြေးခွန်အား ကြီးမားမှု၊ ကြော်ငြာဖြန့်ဝေနိုင်စွမ်း မြန် ဆန်ကြီးမား သက်ရောက်မှုကိုလည်း သတိပြုစဉ်းစားရမှာ ဖြစ်ပါတယ်။
(ဒေါက်တာညိုထွန်းသည် အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့တွင် နေထိုင်လျက်ရှိသော ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရှင်တဦးဖြစ်သည်။)