အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ခဲ့သော်

ကျော်စွာမိုး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း အသစ်တခုမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လိမ့်မလဲဆိုတာကတော့ အားလုံးသိချင်နေကြတာပဲဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတနေရာကို ရယူနိုင်ခွင့်မရှိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့်မတ်လမှာ သူ့ရဲ့ပါတီ အာဏာလွှဲပြောင်းရယူတဲ့အခါ ဘယ်နေရာကို တရားဝင်ရယူဖို့ ရှိနေပါသလဲ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ အန္တိမရည်မှန်းချက်ကတော့ သမ္မတရာထူးပဲဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် မြန်မာ့တပ်မတော်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) အရ သမ္မတရဲ့ မိဘ၊ သားသမီးနဲ့ဇနီး၊ ခင်ပွန်းတို့ဟာ နိုင်ငံခြားသားဖြစ်ခွင့်မရှိတာမို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းနဲ့ လက်ရှိသားနှစ်ယောက်တို့ဟာ ဗြိတိသျှနိုင်ငံသားဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတ ရာထူးကိုရယူဖို့ မဖြစ်နိုင်ဘဲ ဖြစ်နေပါတယ်။

ဒီပုဒ်မ ၅၉ (စ)ကို ဆိုင်းငံ့ထားပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ရာထူးကို ရယူနိုင်လိ့မ်မယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ အာဏာလွှဲပြောင်းရတော့မှာမို့ တပ်မတော်အနေနဲ့ ဒီလို ဆိုင်းငံ့ထားမှုကိုသဘောတူလက်ခံမယ့် ဖြစ်နိုင်ချေကတော့ အတော်ကလေး နည်းပါတယ်။

ဒီလို အနေအထားမှာ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ အစိုးရအဖွဲ့မှာ ဘာရာထူးကို ရယူလိမ့်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ တချို့က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူလိမ့်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီဝင်တွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ကရင်လူမျိုး ဦးမန်းဝင်းနိုင်သန်း တို့ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရာထူးတွေအတွက် လျာထားတယ်လို့ သတင်းတွေ ထွက်လာပြီးနောက်မှာတော့ သို့လောသို့လောတွေဖြစ်ကုန်ပါတယ်။

အချို့လေ့လာသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲမှာရော အစိုးရအဖွဲ့ထဲမှာပါ ပါဝင်ခြင်းမရှိဘဲ ပါတီရဲ့ ခေါင်းဆောင်အဖြစ်သာ ဆက်ရှိနေလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်ရာထူးကိုရယူသည်ဖြစ်စေ “ခေါင်းဆောင်” အဖြစ် ဆက်ရှိနေမှာကတော့ အသေအချာပဲဖြစ်ပါတယ်။ သူက နိုင်ငံရဲ့ တရားဝင်ခေါင်းဆောင် ဘယ်သူပဲဖြစ်ပါစေ၊ လာမယ့် အစိုးရသစ်မှာ သူ့အနေနဲ့ “သမ္မတအထက်ကနေ” အုပ်ချုပ်မယ်လို့ အတိအလင်းပြောထားပါတယ်။

ဒါပေမယ့် အစိုးရကို အကောင်းဆုံး ထိန်းကျောင်းနိုင်ဖို့ဆိုရင် တရားဝင်ရာထူးတခုခုကို ရယူဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယူဆကောင်းယူဆနိုင်ပါတယ်။ နိုင်ငံရဲ့အရေးနဲ့ ပတ်သက်ပြီး အဓိက ဆုံးဖြတ်ချက်ချတဲ့ အဖွဲ့အစည်းတွေအပေါ် သူ့အနေနဲ့ လွှမ်းမိုးနိုင်မှုရှိရေး စဉ်းစားစရာအချက်တွေ ရှိနေပါတယ်။ အထူးသဖြင့် အရေးအကြီးဆုံး အဖွဲ့အစည်းကတော့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဖြစ်နိုင်ပါတယ်။

ဒီကောင်စီကို အဖွဲ့ဝင် ၁၁ ယောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ရေးနဲ့ လုံခြုံရေးကိစ္စ ရပ်ဆိုင်ရာမူဝါဒတွေ ချမှတ်နိုင်တဲ့အပြင် နိုင်ငံတဝန်း အရေးပေါ်အခြေအနေကြေညာဖို့ သမ္မတကို တင်ပြနိုင်တဲ့ အာဏာလည်းရှိပါတယ်။ ဒီကောင်စီမှာ သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ ပါဝင်ပါတယ်။ ဒီဝန်ကြီးတွေထဲမှာမှ ပြည်ထဲရေး ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို တပ်မတော်က ခန့်အပ်တာဖြစ်ပါတယ်။

ဒီလိုမျိုး အာဏာရှိပြီး တပ်မတော်က နေရာအများစုရယူထားတဲ့ (ဒုသမ္မတ တယောက်မှာ တပ်မတော်မှ အမည်စာရင်း တင်သွင်းထားခြင်းဖြစ်သည့် အလျောက်) ကောင်စီမှာ နေရာတနေရာ ရယူနိုင်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အဓိက စိုးရိမ်စရာတခုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သမ္မတရာထူးကိုလည်း ရယူနိုင်ခြင်းမရှိတဲ့ ဒီလို အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးကို ရယူကောင်းရယူနိုင်ပါလိမ့်မယ်၊ ဒီလိုဆိုရင် သူ့အနေနဲ့ ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီအစည်းအဝေးတိုင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကာကွယ်ရေးဦးစီးချုပ်နဲ့ အခြားတပ်မတော် ခေါင်းဆောင်တို့နဲ့အတူတကွ တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ သူ ရွေးချယ်တဲ့“သမ္မတ” ကလည်း အဲ့ဒီအစည်းအဝေးမှာ ရှိနေမှာပဲဖြစ်ပါတယ်။

ဒီလို နိုင်ငံခြားရေးဝန်ကြီးရာထူးကို ရယူမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ကို အရင်လောက် အာရုံစိုက်နိုင်တော့မှာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် လွှတ်တော်မှာ သူ့ပါတီက အမတ်နေရာ အများစုကို အနိုင်ရထားတဲ့အပြင် လွှတ်တော်နှစ်ရပ်လုံးရဲ့ ဥက္ကဋ္ဌရာထူးကိုလည်း ရယူနိုင်မှာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့အပေါ် ပိုမိုအာရုံစိုက်ဖို့ကို တွေးကောင်းတွေးနေနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ ဝါရှင်တန်ပို့စ် သတင်းစာက ဒေါ်အောင်ဆန်းစုကြည်ကို “အာဆီယံထိပ်သီး ဆွေးနွေးပွဲရှိတဲ့အခါ ဒါမှမဟုတ် နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှုမျိုးတွေရှိတဲ့အခါ သူတို့အနေနဲ့ ရှင့်ကို အဲ့ဒီမှာ ရှိစေချင်မှာပဲ၊ တခြားတယောက်လာတာကို လိုချင်လိမ့်မယ်မထင်ဘူး” လို့ မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေကတော့ ပြတ်သားပါတယ်။ “ကျမသွားမှာပါ၊ သမ္မတနဲ့အတူ ကျမသွားမှာပါ။ သူ (သမ္မတ) ကျမဘေးမှာ ထိုင်လို့ရပါတယ်”တဲ့။

ဒီလိုမျိုး လုပ်နိုင်ဖို့အတွက် သူ့အနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးရာထူးကို ရယူကောင်း ရယူနိုင်ပါတယ်၊ ဒီရာထူးဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်လောက် နိုင်ငံတကာ သံတမန်ရေးရာကို နားလည်တတ်ကျွမ်းသူတယောက်မှ မရှိပါဘူး။ တကယ်လို့ သူ့အနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးရာထူးကို မရယူဘူး ဆိုရင်တောင်မှ နိုင်ငံတကာခေါင်းဆောင်တွေ တွေ့ ချင်သူကတော့ သူပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် ဖြစ်နေသမျှ ကာလပတ်လုံး ဘယ်ရာထူးပဲရယူယူ ကျေနပ်ကြမှာပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading