နိုင်ငံတော်သမ္မတကြီး ဦးသိန်စိန်ဟာ ပြည်ထောင်စုလွှတ်တော်မှာ သူ့ရဲ့နောက်ဆုံးမိန့်ခွန်းလို့ ဆိုနိုင်မယ့် လေးဆယ့်ငါးမိနစ်လောက်ကြာတဲ့ မိန့်ခွန်းတခုကို ဇန်နဝါရီလ ၂၈ရက် မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို သမ္မတရာထူးက မနားခင် နှုတ်ဆက်တဲ့ မိန့်ခွန်းလို့လည်း ဆိုနိုင်ပါတယ်။
ထုံးစံအတိုင်း သမ္မတဟာ သူတာဝန်ယူခဲ့တဲ့ ငါးနှစ်သက်တမ်းကာလအတွင်း လုပ်ခဲ့တာတွေ အောင်မြင်ခဲ့တာတွေကို အဓိ ကထား ခပ်များများ ထည့်သွင်းပြောကြားခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ သမ္မတဆိုတာ အစိုးရအဖွဲ့ရဲ့ခေါင်းဆောင်ပါ။ ဒါကြောင့် သမ္မတပြောတဲ့ မိန့်ခွန်းဟာ အစိုးရကို ကိုယ်စားပြုပြောတယ်လို့ မှတ်ယူနိုင်ပါတယ်။
စာရေးသူဟာလည်း ပြည်သူတယောက်အနေနဲ့ သမ္မတက အစိုးရအဖွဲ့ကိုယ်စား လွှတ်တော်ကို နောက်ဆုံးပြောကြားမယ့် မိန့်ခွန်းဖြစ်နေတာကြောင့် စိတ်ဝင်စားပြီး Hluttaw ရုပ်သံလိုင်းကို ခပ်စောစောကတည်းက ဖွင့်ထားပြီး မိတ်ဆွေအချို့နဲ့ အတူ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြပါတယ်။ စိတ်လှုပ်ရှားစရာတွေ ထည့်ပြောမှာပဲလို့ မျှော်လင့်ပြီး စိတ်ဝင်တစား ရှိခဲ့တာပါ။ ဒါပေမယ့် သမ္မတ မိန့်ခွန်းပြောကြားပြီးတဲ့အခါမှာတော့ မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။
သမ္မတဦးသိန်းစိန် မိန့်ခွန်းဟာ ပြည်သူတဦးအနေနဲ့ မှတ်ချက်ပေးရရင် အံ့သြစရာ စိတ်လှုပ်ရှားစရာ မကောင်းပါဘူး။ သမ္မ တဟာ သူ့ လက်ထက် လုပ်ဆောင်ခဲ့တဲ့ ကောင်းပေ့ အဖူးအညွှန့်လေးတွေကို စီကာပတ်ကုံး ပြောသွားတာ များပါတယ်။ (ဝန်ခံတာ နည်းနည်းလည်း ပါပါတယ်)၊ သမ္မတဟာ သူ့မိန့်ခွန်းထဲမှာ မပြောခဲ့ဘဲ ကျန်နေခဲ့တာတွေများစွာ ရှိခဲ့ပါတယ်။
အမှန်တကယ်တော့ နိုင်ငံတနိုင်ငံ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုးမှာ သမ္မတတဦးအဖြစ် ဦးဆောင်ဖို့ ဆိုတာကတော့ လွယ်ကူတဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။ မလွယ်ကူတဲ့ နိုင်ငံကို ငါးနှစ်သက်တမ်းပြီးဆုံးသည်အထိ အောင်အောင်မြင်မြင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ကို ချီးကျူးရမှာဖြစ်ပါတယ်။ ချီးကျူးပြီးတဲ့နောက်မှာတော့ သမ္မတမိန့်ခွန်းပြောတဲ့ အထဲမှာ မပါဝင်ခဲ့တဲ့အရာတွေကို ပြောကြည့်ရအောင်ပါ။
အရင်ဦးဆုံး ပြောချင်တာက နောက်လာမယ့် အစိုးရအတွက် စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်သလဲဆိုတာ သမ္မတက လုံး ဝထည့်သွင်း မပြောခဲ့ပါဘူး။ သမ္မတတဦးနဲ့ တဦး ၊ အစိုးရအဖွဲ့ တခုနဲ့တခု အပြောင်းအလဲပဲဆိုဆို အလွှဲအပြောင်းလို့ပဲ ဆို ဆို ကိုယ့်လက်ထက်မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေနေတွေ ဖြေရှင်းခဲ့ရတာတွေကို အကြောင်းပြုပြီး နောင်သမ္မတ လက်ထက်၊ အစိုးရလက်ထက်မှာ ဘာတွေက စိန်ခေါ်မှုတွေ ဖြစ်နိုင်တယ်၊ အခက်ခဲတွေ ရှိနိုင်တယ်၊ သင်ခန်းစာတွေက ဘာတွေလဲ။ စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို ဘယ်လိုပြင်ဆင်ထားသင့်တယ် ဆိုတာမျိုးကို အကြမ်းဖျင်းလောက်တော့ မဖြစ်မနေ ထည့်သွင်း ပြောကြားခဲ့သင့်ပါတယ်။
နောက်ထပ်ကိစ္စကတော့ လယ်သိမ်းယာသိမ်းကြောင့် ဖြစ်နေတဲ့ ပြဿနာတွေပါ။ တနိုင်ငံလုံး လက်ညှိုးထိုးမလွဲ ဖြစ်နေ တာက တောင်သူတွေ ဆန္ဒပြနေတာတွေ၊ ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်ရတာတွေ၊ ထောင်ချခဲ့တာတွေ ဘယ်လောက် ရှိခဲ့တယ်။ အစိုးရနဲ့ လွှတ်တော်က မြေယာကိစ္စတွေကို ဖြေရှင်းနေတယ်ဆိုပေမယ့် ဘာကြောင့် မပြေလည်တာ၊ ဘယ်ဟာ က အခက်ခဲဖြစ်ခဲ့တာတွေကို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောပြခဲ့သင့်ပါတယ်။
ဆင်းရဲချမ်းသာကွာခြားမှု၊ မြို့ပြကျေးလက်လူနေမှု ကွာခြားမှုတွေကို လျှော့ချမယ်လို့ ကတိပြုခဲ့ကြောင်း သမ္မတက မိန့်ခွန်း ထဲမှာ ပြောကြားခဲ့ပေမယ့် ကွာခြားမှုတွေ လျှော့ချမယ်ဆိုတဲ့ ကတိပေးစကား အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာ တိ တိကျကျ ထည့်သွင်းမပြောခဲ့ပါဘူး။ အောင်မြင်တယ်လို့ဆိုရင်လည်း ရာခိုင်နှုန်း ဘယ်လောက် အောင်မြင်တယ်ဆိုတာမျိုး လည်း ပြောကြားခဲ့ဖို့ ကောင်းပါတယ်။
ဖုန်းတွေ ဈေးပေါပေါနဲ့ ရောင်းချပေးခဲ့တာကို အသိအမှတ်ပြုပေမယ့် ကျေးလက် မြို့ပြကွာဟချက်ဟာ ဖုန်းဈေးပေါပေါနဲ့ ကိုင်နိုင်ရုံနဲ့ မကျဉ်းမြောင်းနိုင်ပါဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဆေးရုံဆေးပေးခန်းတွေ၊ လျှပ်စစ်မီးတွေအပြင် စားဝတ်နေရေးအခြေအနေတွေပါ မြို့နဲ့ ရွာအကြား နီးစပ်အောင်၊ ကွာဟမှု နည်းပါးအောင် လုပ်ပေးမှ ရမှာပါ။ သမ္မတဟာ မိန့်ခွန်းထဲမှာ လုပ်ပေးနိုင်တာတွေကို ကိန်းဂဏန်းတွေနဲ့ ပြောကြားခဲ့ပေမယ့် မလုပ်ပေးနိုင်ခဲ့သေးတာ တွေ ဘယ်လောက် ကျန်သေးတယ်ဆိုတာတွေကိုလည်း တိကျစွာ ပြောကြားခဲ့သင့်ပါတယ်။
သမ္မတကြီးဟာ သူ့လက်ထက်မှာ အကြွေး ဘယ်လောက် လျော်ပစ်နိုင်ခဲ့တယ်ဆိုတာ မိန့်ခွန်းမှာ ထည့်ပြောခဲ့ပေမယ့် နိုင်ငံ မှာ အကြွေး ဘယ်လောက်တင်နေသေးတယ်၊ သူ့လက်ထက် နိုင်ငံတကာကနေ ဘယ်လောက် ထပ်ချေးထားရတယ် ဆို တာ မပြောခဲ့ပါဘူး။
နိုင်ငံတနိုင်ငံရဲ့ အရေးကြီးဆုံး ကဏ္ဍတွေက ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေဖြစ်ပါတယ်။ နိုင်ငံအနာဂတ် ဖွံ့ဖြိုး တိုး တက်ရေးအတွက် အရေးကြီးဆုံး ရင်းနှီးမြုပ်နှံမှုက ပညာရေးပါ။ ပညာတတ် လူ့အဖွဲ့ အစည်း ဖြစ်လာစေရေးအတွက် ပညာရေးမှာ ရေရှည်ရင်းနှီးမြုပ်နှံရပါ့မယ်။
မြန်မာနိုင်ငံမှာတော့ ပညာရေးကဏ္ဍမှာ ၂၀၁၁ခုမှာ အသုံးစရိတ် ကျပ် ၃၁၀ ဘီ လီယံ သုံးခဲ့ပြီး ၂၀၁၅ မှာတော့ ၁၆၉၂ ဘီ လီယံအထိ တိုးမြှင့်သုံးစွဲတယ်လို့ သမ္မတက မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။ ဒါအပြင် ကျောင်း ဘယ်လောက် ဆောက် နိုင်ခဲ့တယ်၊ အခမဲ့ပညာရေးအတွက် ဘယ်ထိ စီစဉ်နိုင်ခဲ့တယ်၊ ကျောင်းသား/ ဆရာ ဘယ်လောက်ထိ ရှိလာတယ် စသဖြင့် ပါ ပြောခဲ့ပါတယ်။
ဒါပေမယ့် ပညာရေးအဆင့်အတန်း ဦးမော့လာဖို့ လိုနေသေးတာတွေ၊ ပညာရေး ဘတ်ဂျက်သုံးစွဲမှုဟာ အာရှဒေသတွင်း နိုင်ငံတွေမှာ အနိမ့်ဆုံးဖြစ်နေသေးတယ်ဆိုတာ ထည့်ပြောဖို့ ကောင်းပါတယ်။ ပိုအရေးကြီးတာက လိပ်ခဲတည်းတည်းဖြစ် နေတဲ့ အမျိုးသားပညာရေး ဥပဒေအခြေအနေနဲ့၊ အဲဒီ ဥပဒေကြောင့် ဆန္ဒပြတာတွေ ဖြစ်ပေါ်ပြီး ကျောင်းသား/ကျောင်းသူ တွေ တရားရင်ဆိုင်နေမှု၊ ထောင်ကျခံနေရမှု အခြေအနေတွေကို ယောင်လို့တောင် ထည့်မပြောခဲ့ပါဘူး။
ကျန်းမာရေးကိစ္စမှာလည်း ထိုနည်းတူပါပဲ။ ကျန်းမာရေးဘတ်ဂျက် တိုးသုံးတာ၊ ဆေးရုံ ဘယ်နှရုံ ဖွင့်တာ၊ အဆင့်မြင့် တင် တာတွေ၊ ကျန်းမာရေးဌာန ဘယ်လောက်ဖွင့်တာလောက်ကို ပြောခဲ့ပေမယ့် ကျေးရွာအများစုမှာ ကျန်းမာရေး စောင့် ရှောက်မှု အပြည့်အ၀ မရသေးတာ၊ ရေကောင်းရေသန့် မသောက်သုံးနိုင်သေးတာ၊ ဘယ်လောက်ရှိသေးတယ်ဆိုတာကို လည်း မိန့်ခွန်းမှာ ထည့်သွင်းမပြောခဲ့ပါဘူး။
ဒါအပြင် မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ကာကွယ်ရေးအသုံးစရိတ်ဟာ ကျန်ကဏ္ဍတွေထက် အဆမတန်ပိုများ နေခဲ့တာတွေကိုလည်း ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေသိအောင် ထည့်သွင်းပြောကြားတာမျိုး မရှိခဲ့ပါဘူး။
နောက်တခုက နိုင်ငံ့ဝန်ထမ်းတွေ လစာတိုးတဲ့ကိစ္စကိုလည်း သမ္မတက ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သမ္မတကြီးအနေနဲ့ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းကြောင့် လစာတိုးတဲ့ အကျိုးကို နိုင်ငံ့ဝန်ထမ်းတွေ မခံစားနိုင်သေးတာကို သမ္မတကြီးထည့် မပြောခဲ့ပါဘူး။ မသိလို့လားတော့ မပြောတတ်ပါဘူး။
သမ္မတကြီးဟာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကော်မတီနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းထား ကြောင်း မိန့်ခွန်းမှာ ထည့်ပြောခဲ့ပေမယ့် လာဘ်စားလို့ အရေးယူနိုင်ခဲ့တဲ့ ဝန်ထမ်းနဲ့ တပ်မတော်အကြီးအကဲ အရေ အတွက်ကို တိတိကျကျမပြောခဲ့ပါဘူး။
ယခုလို သမ္မတကြီး ပြောကြားတဲ့ မိန့်ခွန်းကို နားထောင်ပြီး မိန့်ခွန်းထဲမှာ မပါခဲ့တာတွေကို ထောက်ပြတာတွေသာ သမ္မတ ကြီးကို အသိအမှတ်မပြုလို့ မဟုတ်ပါဘူး။ တတ်သလောက် စွမ်းသလောက် ထမ်းဆောင်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။
ဒါပေမယ့် သမိုင်းဆိုတာက ရှိသေးလေတော့ အကောင်းတွေအပြင် အဆိုးတွေပါ မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ ဒါမှသာ သမိုင်းအမှန်ကို နောက်လူတွေ သိရှိနိုင်မှာဖြစ်ပါတယ်။
(မောင်ဉာဏသည် မန္တလေး အခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)