မင်္ဂလာပါ လွှတ်တော်လို့ နှုတ်ခွန်းဆက်ပါသည်။ ၂၀၁၆ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့သည် မြန်မာသမိုင်းတွင် မှတ်တမ်းတင်ရမည့် နေ့တနေ့ ဖြစ်ခဲ့ပါပြီ။
ယနေ့သည် ပြည်သူတွေက ရွေးချယ်တင်မြောက်ခဲ့ကြသည့် အရပ်သားလွှတ်တော်ကိုယ်စားလှယ် စစ်စစ်များ တက်ရောက်ခွင့်ရသော ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့်နေ့ဖြစ်ခြင်းကြောင့် ယခုလို သမိုင်းတင်ရမည့်နေ့လို့ ပြောရခြင်းဖြစ်သည်။ တနည်းအားဖြင့် စစ်ဖက်နိုင်ငံရေးကနေ အရပ်ဖက်နိုင်ငံရေးဆီသို့ အရွေ့တခု ဖြစ်လာသည့် သဘောပင်ဖြစ်သည်။
နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးထဲတွင် ပင်နီရောင် တိုက်ပုံတွေ လွှမ်းမိုးနေသည်ကို တွေ့မြင်ရသည်။ ပင်နီရောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်ပြို ကမ်းပြို အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အမှတ်သင်္ကေတ ဖြစ်သည်။ ပင်နီရောင်တွေ လွှတ်တော်ထဲတွင် များပြားစွာ မြင်တွေ့နေရခြင်းသည် ပြည်သူကိုယ်စားပြု များပြားနေခြင်းဟုပင် ပြောနိုင်ပါသည်။
မြန်မာနိုင်ငံရေးသမိုင်းတွင် ပြည်သူကရွေးချယ်ပေးသည့် အရပ်သားစစ်စစ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွေထဲ ရောက်မလာကြသည်မှာ ရာစုနှစ်တဝက်ခန့် နှစ် ၅၀ ပင် ကျော်ခဲ့လေပြီ။ ဦးနုအစိုးရထဲက စစ်တပ်က အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခု နှစ်ကနေ မနေ့တနေ့ကမှ ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများ အထိ သေချာစိစစ်ကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်များသည် တပ်မတော်သားများနှင့် တပ်မတော်သား အငြိမ်းစားများဖြစ်ခဲ့ကြသည်။ တနည်းပြောရလျှင် မြန်မာနိုင်ငံတွင် ဥပဒေကို စစ်တပ်ကပဲ ပြုခဲ့သည်၊ ပြဌာန်းခဲ့သည်သာ ရှိခဲ့သည်။
ယနေ့သည် ပြည်သူအားလုံးအတွက် အရပ်ဖက်နိုင်ငံရေးသို့ စတင်ခွင့်ရသည့် ခြေလှမ်းအစပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စု အဆင့်လွှတ်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် ဥပဒေပြုရေး တာဝန်ထမ်းဆောင်ကြမည့်သူ အများစုသည် အရပ်သားစစ်စစ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြပြီဖြစ်သည်။ ခြွင်းချက်အနေဖြင့် ၂၀၀၈ အခြေခံဥပဒေအရ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေပေသည်ကိုတော့ သတိမူနေရဦးမည်။
ယနေ့လို မြင်ကွင်းမျိုး အခွင့်ရေးမျိုးရလာအောင် နှစ်ပေါင်း ၅၀ ကျော် ရုံးကန်ခဲ့ရသည်။ အခက်အခဲ ဖိနှိပ်မှုများကို အံတု ကျော်ဖြတ်ခဲ့ရသည်မှာလည်း အားလုံးအသိပင်ဖြစ်သည်။ အချိန်အတော်ကြာမှ ရရှိလာသည့် အခွင့်အရေးကို ပြည်သူက ရွေးချယ်ပေးလိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များ တာဝန်ကျေစွာ ထမ်းဆောင်ဖို့ကလည်း အရေးကြီးနေပါသည်။ ယခင်က စစ်ဗိုလ်ချုပ်များက ပြောကြားခဲ့သည်ကို ကြားဖူးပါသည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့တွင် စစ်တပ်က နှစ် ၅၀ ကျော်အတွေ့အကြုံရှိသည်။ စစ်တပ်လောက်စွမ်းဆောင်နိုင်သူ မရှိဟု ဆိုခဲ့ခြင်းဖြစ်သည်။ ထိုပြောကြားချက် ထင်မြင်ယူဆချက်များကို ယနေ့လွှတ်တော်မှာ တက်ရောက်နေကြသည့် ပြည်သူ့ကိုယ်စားလှယ်များက မှားယွင်းကြောင်း သက်သေပြရမည့် အချိန်ဖြစ်သည်။
လွှတ်တော်တွေကနေ အုပ်ချုပ်သူကောင်းများ ရွေးချယ်ပေးနိုင်ဖို့လိုသလို ပြည်သူတွေအကျိုးရှိစေမည့် ဥပဒေများပြဌာန်းခြင်း၊ ပြည်သူတွေ ဝန်ထုတ်ဝန်ပိုးဖြစ်စေသည့် အကာအကွယ်မပေးသည့် ဥပဒေများ ပြင်ဆင်ခြင်း ပြန်လည်ရေးဆွဲခြင်းများ ပြုလုပ်ခြင်းဖြင့် သက်သေပြရမည် ဖြစ်သည်။
မြန်မာနိုင်ငံရေးသည် ရောင်နီသန်းလာပြီဖြစ်သည်။ ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းကနေ အရပ်သားစစ်စစ် လွှတ်တော်ဥက္ကဌနှင့် ဒုတိယ ဥက္ကဌတို့ကို တင်မြောက်နိုင်ခဲ့ပြီဖြစ်သည်။ သမိုင်းတင်ခဲ့ပြီဖြစ်သည်။ မကြာခင်ပြုလုပ်မည့် အမျိုးသားလွှတ်တော်တွင်လည်း အရပ်သားစစ်စစ် လွှတ်တော်ဥက္ကဌနှင့် ဒုတိယ ဥက္ကဌတို့ကို ရွေးချယ်ကြဦးမည်ဖြစ်သည်။ ထိုမှတဆင့် ဦးနုအစိုးရနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်သူ့ကိုယ်စားပြု အရပ်သားစစ်စစ် သမ္မတ၊ ဒုတိယသမ္မတ အပါအဝင် ပြည်ထောင်စု ဝန်ကြီးအများစု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ ပေါ်ထွက်လာတော့မည်ဖြစ်သည်။
ထို့ကြောင့် ယနေ့စတင်ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးသည် မြန်မာပြည်သူတွေအတွက် မင်္ဂလာရှိသော ခြေလှမ်းအစဖြစ်နေပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စစ်ဖက်နိုင်ငံရေးကနေ အရပ်ဖက်နိုင်ငံရေးကို တရားဝင်စတင်လိုက်သည့် နေ့တစ်နေ့အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)