ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက သမ္မတ အရည်အချင်း သတ်မှတ်ချက် ၅၉ (စ) ပုဒ်မကို မပြင်ရင် ဒေါ်အောင်ဆန်းစုကြည် အတွက် ကြီးကြီးမားမား ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် စစ်တပ် အတွက်ကတော့ ဗြဟ္မာကြီး ဦးခေါင်းကို ပိုက်ထားသလို ဖြစ်နေပါလိမ့်မယ်။ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရတဲ့ပါတီရဲ့ ခေါင်းဆောင်က အစိုးရသစ်မှာ ဘယ်လို တာဝန်ကို ယူမလဲဆိုတာ ဒီမိုကရေစီနိုင်ငံမှာ မေးဖို့ မလိုအပ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်အတွက်ကတော့ ဒါဟာ မေးခွန်းတခု ဖြစ်နေတုန်းပါပဲ။
စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတယ်။ ပုဒ်မ ၅၉ (စ) ထဲက “ … ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း … တိုင်းတစ်ပါး၏ နိုင်ငံသား … မဖြစ်စေရ ” ဆိုတဲ့ ပြဌာန်းချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ သမ္မတဖြစ်ခွင့် မရှိလည်း ဒေါ်အောင်ဆန်းစုကြည်က “သမ္မတ အထက်”မှာ ရှိမှာပါ။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အာဏာ အရပ်ရပ်ရဲ့ ပင်မ မဏ္ဍိုင်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ၁၁ ယောက်မှာ ၅ နေရာဖြစ်တဲ့ သမ္မတ၊ ဒုတိယ သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ နိုင်ငံခြားရေး ဝန်ကြီး တို့ ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်နိုင်ပါတယ်။ ၅၉ (စ) မပြင်ဘဲ ဆိုရင် ကာလုံမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ထိုင်နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီး တနေရာ ကျန်တယ်လို့ တွက်ချက်ယူဆချက်တွေ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေး ဝန်ကြီးကို ယူမယ်ဆိုရင်လည်း သမ္မတက ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ ပြန်နာခံရမှာမို့ အစိုးရ အလုပ်လုပ်ပုံ နည်းနည်းတော့ ဂွကျမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရတာဝန်တွေကို မယူဘဲ ပါတီမှာပဲ ဆက်နေမယ် ဆိုရင် အနှစ်သာရက အတူတူပါပဲ။ အန်အယ်ဒီက တင်တဲ့ နိုင်ငံတော် သမ္မတဟာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွန်မှု အတိုင်း ဆုံးဖြတ်လုပ်ကိုင်ရမှာပါ။ ဒါကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ရာ မရောက်ပါဘူး။
ဒီအခြေအနေတွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ပြောခဲ့ပြီးဖြစ်လို့ အားလုံး သိပြီး ဖြစ်ပါတယ်၊ မဲဆန္ဒရှင်တွေ ပြည်သူတွေဟာလည်း ဒါကို လက်ခံနိုင်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အတိုင်းပဲ အန်အယ်ဒီကိုပဲ မဲပေးခဲ့ပါတယ်။ ပါတီ အလံကို ကြည့်ပြီးပေးတယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ မဲပေးခဲ့တာနဲ့ အတူတူပါပဲ။
ပြည်သူတွေ ဆန္ဒက ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကို ဦးဆောင်တာကို လိုလားတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတပဲ လုပ်လုပ်၊ သမ္မတ မလုပ်ရလို့ သမ္မတကို ညွန်ကြားသူပဲ ဖြစ်ဖြစ်၊ ဘယ်လိုနည်းနဲ့ပဲ ဦးဆောင်ပါစေ၊ ကြည်ဖြူ ထောက်ခံတယ်ဆိုတာကို ရွေးကောက်ပွဲက သက်သေပါပဲ။
နောက်ဆုံးကျတော့ ဘယ်လို ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘယ်လိုပဲ ကန့်သတ်ထားပါစေ၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ လက်တွေ့ ဦးဆောင်ပါလိမ့်မယ်။ ဒါကြောင့် ၅၉ (စ) ကို ပြင်လိုက်တာနဲ့ မပြင်တာနဲ့ အနှစ်သာရအရ အတူတူပါပဲ။ အစိုးရရဲ့ အဖွဲ့ရဲ့ လုပ်ငန်းတွေမှာ အားနည်းချက်တွေ ပေါ်ရင် အပြောင်းအလဲတွေ ထင်သလောက် ရှေ့တိုးမရတဲ့အခါ ကန့်လန့်တိုက်နေတဲ့ စစ်တပ်ကြောင့် ဆိုပြီး လက်ညှိုးထိုးကြပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံကို ဦးဆောင်မှု မပေးတာကြောင့်ဆိုပြီး အပြစ်တင်ကြပါလိမ့်မယ်။ တနည်းအားဖြင့် ပြောရင် သမ္မတ အရည်အချင်း သတ်မှတ်ချက်ကို မပြင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီ ပါတီ အတွက် အရှုံးထဲက အမြတ်တောင် ထွက်သွားနိုင်ပါတယ်။ စစ်တပ်အတွက်ကတော့ အကျိုးထက် အဆိုးပဲ ပိုများပါလိမ့်မယ်။
၁၉၄၇၊ ၁၉၇၄ ဖွဲ့စည်းပုံနှစ်ခု စလုံးမှာ မပါဝင်ခဲ့တဲ့ ၅၉ (စ) ပုဒ်မကို ပြင်ပေးလိုက်ခြင်း အားဖြင့် စစ်တပ်က နာမည်ကောင်းယူနိုင်ပါတယ်။ စစ်တပ်အနေနဲ့ အရေးကြီးတဲ့ ဝန်ကြီးဌာနသုံးခုကို ကိုင်ထားပြီး ဖြစ်လို့ အပြောင်းအလဲ အတွက် အထူး စိုးရိမ်စရာ မလိုပါဘူး။ စစ်ခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ အမြော်အမြင်ကြီးမှု၊ ပြည်သူ့ ဆန္ဒကို လေးစားမှုအတွက် နာမည်ကောင်း ပြန်ရနိုင်ပြီး အမှတ်ရနိုင်ပါတယ်။ ဒါဟာ မနည်းလှတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကို အစိုးရသစ်က ကိုင်တွယ် ဖြေရှင်းတဲ့ အခါ အကြောင်းအကျိုး၊ အကောင်းအဆိုး တာဝန်အားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီ ပါတီ ဦးဆောင်တဲ့ အစိုးရ အပေါ်မှာသာ မူတည် ကျရောက်သွားစေတာပဲ ဖြစ်ပါလိမ့်မယ်။