မြန်မာမှာ တိန့်ရှောင်ဖိန် လိုတယ်

ဒေးဗစ်ဒေါ့ဝဲလ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၀၀ ခုနှစ်ရောက်သည့်အချိန် အာရှကို နိုင်ငံ ၂ ခုက ဦးဆောင်လိမ့်မည်၊ ၎င်းတို့မှာ ဖိလစ်ပိုင်နှင့် မြန်မာတို့ ဖြစ်သည်ဟု သြဇာကြီးမားသည့် Far Eastern Economic Review စာစောင်က ၁၉၇၅ ခုနှစ်တွင် ခန့်မှန်း ရေးသားခဲ့ပါသည်။ နောက်ပိုင်း ဘာဖြစ်လာခဲ့သည်ကို လူတိုင်းသိကြပါသည်။ စာနယ်ဇင်းသမားတို့၏ ကြိုတင်ခန့်မှန်းနိုင်စွမ်းက အမှားကြီးလှသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း တိုးတက်မှုအချို့ ရရှိခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံတွင် စိတ်ပျက်စရာများ ဆက်ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံအတွက်မူ ၎င်းထက်ပို၍ မှားယွင်းသည့် ကြိုတင်ခန့်မှန်းမှု မရှိနိုင်တော့ပါ။

၁၉၆၂ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနုထံမှ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်း ပထမဆုံးအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် စတင်ကျင်းပသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အစည်း အဝေးက ကာလကြာရှည်စွာ နာကျင်ခံစားခဲ့ရပြီး ယင်းသည် မြန်မာပြည်သူ ၅၃ သန်း အတွက်သာမက အာရှ ဒေသအတွက်ပါ အရေးပါပါသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကို ကြမ်းတမ်းစွာ ဖိနှိပ်ဖြိုခွဲခံခဲ့ရခြင်း အပါအဝင် ကျဆုံးမှု အမြောက်အမြား ကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ မြန်မာနိုင်ငံသည် အရေးယူပိတ်ဆို့မှုများနှင့် အပယ်ခံနိုင်ငံတခု အနေအထားမှနေ ကျန်သည့် ကမ္ဘာ့ နိုင်ငံများနှင့် ပြန်လည်ဆက်သွယ်မည့် လမ်းကြောင်းအစမှာသာ ရှိနေသေးပါသည်။ ၂၀၁၀ ခုနှစ်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့ခြင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အတွင်းသို့ တစိတ်တပိုင်း ပါဝင်လာခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းများကြောင့် မျှော်လင့်ချက်များ တဖြည်းဖြည်းချင်း မြင့်တက်လာနေသည်။

ယခုလနှင့် လာမည့်လက အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံကို ရာစုနှစ်ဝက်ခန့် အုပ်စိုးခဲ့သော စစ်တပ်အတွက် နောက်ဆုံး စမ်းသပ်ချက် ဖြစ်သောကြောင့်ပင်။ တိုင်းပြည်က ဆင်းရဲတွင်းထဲ ကျဆင်းသွားသော်လည်း ၎င်းတို့ကို ချမ်းသာ ကြွယ်ဝစေခဲ့သည့် ထိန်းချုပ်မှုကို ဖြေလျှော့ပေးရန် အမှန်တကယ် ဆန္ဒရှိနေပါသလား။ လက်တွေ့တွင် အာဏာ ဆုံးရှုံးလိုက်ရခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်ပေး ထိန်းချုပ်မှုအောက်တွင် ရှိနေမည့် အသစ် ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကြောင့် သူတို့ စစ်အာဏာရှင်စနစ်ဆီသို့ နောက်ကြောင်းပြန်သွားစေမည်လား။

လေ့လာစောင့်ကြည့်သူ အများစုကမူ စစ်တပ်က မူလအနေအထားသို့ ပြန်ရောက်သွားရန် မဖြစ်နိုင်ဟု ယူဆကြသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးပြီး ဖြေလျှော့ပေးမှုများ စတင်ခဲ့သည့် ဦးသိန်းစိန်၏ ၅ နှစ်ကြာ သမ္မတသက်တမ်း နောက်ပိုင်းနှင့် လွန်ခဲ့သော ၃ လက ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည့် အထွေထွေရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်နိုင်ချေရှိသည်များ၏ အဓိက အခက်အခဲကို အလေးထားဆွေးနွေးနေရဆဲ ဖြစ်သည်မှာ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်။

မည်သည့်အတွက်ကြောင့် စစ်ဘက်နှင့် အရပ်ဘက်ကြား သံသယများ ကျန်နေသနည်း။ ပထမဆုံးအနေဖြင့် စစ်တပ်၏ ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ် အများအပြားက အရေးပါသည့် စီးပွားရေး လုပ်ငန်းကဏ္ဍများနှင့် ကုမ္ပဏီများကို ဆက်လက်ထိန်းချုပ် ထားကြဆဲဖြစ်သည်။ ပင်လယ်ပြင်နှင့် ပတ္တမြား၊ ကျောက်စိမ်းနှင့် တွင်းထွက်သယံဇာတများမှသည် ကမ္ဘာပေါ်မှ အကောင်းဆုံးသစ်မာ အချို့ ပေါက် ရောက်သည့် သစ်တောများဖြင့် ပြည့်နေသည့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သယံဇာတအကြွယ်ဝဆုံး နိုင်ငံများထဲတွင် တခု အပါအဝင်ဖြစ်သော်လည်း ယခုအခါ ထိုသယံဇာတများက စစ်ဘက်မှ ထိပ်တန်းပုဂ္ဂိုလ်များ၏ မိသားစုများကိုသာ ကြွယ်ဝချမ်းသာစေခဲ့သည်။ ထို့ကြောင့် ဘက်ပြောင်းလာသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် အခြားသော သက်ညှာမှုများ မရှိခဲ့လျှင် ပြင်းထန်သော တုန့်ပြန်မှုများ ဖြစ်နိုင်သည့် အလားအလာများ ကျန်ရှိနေသေးသည်။

ဒုတိယအနေဖြင့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့သော်လည်း စစ်ဘက်က အာဏာ အစစ် အမှန်ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။ ဥပမာအားဖြင့် စစ်ဘက်က လွှတ်တော်တွင် နေရာ ၂၅ ရာခိုင်နှုန်း အလို အလျောက်ရရှိထားသည်။ လုံခြုံရေး၊ ပြည်ထဲရေးတို့နှင့် ဆိုင်သည့် ဝန်ကြီးနေရာများကိုလည်း စစ်တပ်ကရယူထားပြီး မြို့နယ် အဆင့်အထိ အုပ်ချုပ်ရေး လမ်းကြောင်းများကို ထိန်းချုပ်ထားသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက စစ်တပ်နှင့် ဆက်သွယ်မှုရှိသူများကို ဖယ်ရှားထုတ်ရန် ဆန္ဒရှိခဲ့လျှင်ပင် ပြီးခဲ့သည့် ရာစုနှစ်ဝက်ခန့် ကာလအတွင်းတွင် နိုင်ငံတကာနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည့် မြန်မာနိုင်ငံအတွင်း ကျွမ်းကျင်သော စီမံခန့်ခွဲသူများ အကြီးအကျယ် ရှားပါးနေမှုကြောင့် ထိုသို့ လုပ်နိုင်ဖွယ် မရှိပါ။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် နောက်လာမည့် ဆယ်စုနှစ်များအထိ တတ်သိနားလည်သူ ရှားပါးသည့် ပြဿနာကို ဆက်လက်ခံစားရလိမ့်မည် ဖြစ်သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို ကျွမ်းကျင်စွာ ဦးဆောင်နိုင်ကြောင်း ရှင်းလင်းစွာ ပြသနိုင်ခဲ့လျှင် တပ်ဘက်မှ ပိုမို ကြီးမားသည့် ယုံကြည်မှုများ ရှိလာပါလိမ့်မည်။ ၁၉၇၆ ခုနှစ်တွင် တရုတ်နိုင်ငံကို အောက်ဆုံးအထိ ရောက်သွားအောင် ဦးဆောင်မိခဲ့ကြောင်း မော်စီတုံး သတိပြုလိုက်မိသည့် အချိန်တွင် သူ့အနေဖြင့် ယိုယွင်းပျက်စီးနေသော တိုင်းပြည်၏ စီးပွားရေးကို ပြန်လည်စီမံခန့်ခွဲရန် နန်ချောင်တွင် နေအိမ်အကျယ်ချုပ် ကျခံနေရသော တိန့်ရှောင်ဖိန်ကို မခေါ်ချင်ဘဲ ပြန်လည်ခေါ်ယူရန်မှ လွဲ၍ ရွေးချယ်စရာ မရှိခဲ့ပါ။ နိုင်ငံရေးအရ ပြင်ဆင်တည့်မတ်မှုများ အကြီးအကျယ် လိုအပ်ခဲ့သည့် တရုတ်နိုင်ငံ၏ အမှောင်နေ့ရက်များမှ ပြန်လည်လွတ်မြောက်လာခြင်းတွင် တိန့်ရှောင်ဖိန်၏ အသိပညာနှင့် နိုင်ငံရေးကျွမ်းကျင်မှုကို အသိအမှတ်မပြုဘဲ ထား၍ မရနိုင်ပါ။ မြန်မာနိုင်ငံအတွက် တိန့်ရှောင်ဖိန်က ဘယ်မှာနည်း။ ဒေါ်အောင်ဆန်းစုကြည်က သြဇာအရှိန်အဝါ ကြီးမားသလို အများ၏ ချစ်ခင်လေးစားမှုကို ခံရသူဖြစ်သည်။ သို့သော်လည်း ၁၉၇၆ ခုနှစ်က တရုတ်နိုင်ငံ ဆိုးဆိုးဝါးဝါး ပျက်စီးယိုယွင်းခဲ့သလို ဖြစ်နေသည့် တိုင်းပြည်တခုကို ပြောင်းလဲနိုင်မည့် ကျွမ်းကျင်မှုက ဘယ်မှာရှိသနည်း။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ အစိုးရအဖွဲ့ စတင်တာဝန်ယူမည့် ဧပြီလ ၁ ရက်နေ့ကြား အပြောင်းအလဲကို ငြိမ်းချမ်းစွာ စီမံနိုင်ရေးက မြန်မာပြည်သူများ အတွက်သာမက မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် တာစူနေသည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အတွက်လည်း အရေးကြီးလာသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ မှုများ အလွန်တိုးတက်လာခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ အထိခုန်တက်သွားခဲ့ပါသည်။ သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှု ပြန်လည်လျော့ကျသွားခဲ့ပြီး ပြီးခဲ့သည့် ၄ နှစ်အတွင်းတွင် တနှစ်လျှင် ပျမ်းမျှ ဒေါ်လာ ၄ ဘီလီယံ ဝန်းကျင်သာ ရှိတော့သည်။ အကယ်၍ အရပ်သား အစိုးရသို့ အသွင်ကူးပြောင်းရေး ဧပြီလ ၁ ရက်နေ့တွင် ချောမွေ့စွာ ပေါ်ပေါက်ခဲ့ပါက ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်မြင့်တက်လာမည်ဟု မျှော်လင့်နိုင်ပါသည်။ အခြေခံအဆောက်အဦး လိုအပ်ချက်ကြီးမားစွာ ရှိနေသည့် အချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားနှင့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများကလည်း လှုပ်ရှားရန် အသင့်ဖြစ်နေကြသည်။

တရုတ်နိုင်ငံ၏ One Belt One Road မူဝါဒက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထူးထူးခြားခြား ငြိမ်သက်နေရသည့် အကြောင်းကို ရှင်းပြကောင်း ရှင်းပြနိုင်ပါလိမ့်မည်။ သို့သော်လည်း တရုတ်နိုင်ငံသည် ယခုအချိန်အထိ မြန်မာနိုင်ငံတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ကူမင်းမှ အိန္ဒိယသမုဒ္ဒရာအထိ လမ်းကြောင်းပေါ်တည်ရှိနေမှုက မြန်မာသည် ရှီကျင်ဖျင့်၏ ပိုးလမ်းမသစ် တစိတ်တပိုင်းဖြစ်ကြောင်း ထင်ထင်ရှားရှား ဖော်ပြနေပါသည်။ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများစုက စစ်တပ်၏ သြဇာ အရှိန်အဝါနှင့် ဆက်စပ်နေခြင်းကြောင့် တိတ်ဆိတ် ငြိမ်သက်နေခြင်းက သံတမန်နည်းလမ်းတခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ တရုတ်အပါအဝင် နိုင်ငံတကာ၏ ဝင်ရောက် စွက်ဖက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို ရှောင်လွှဲလို၍လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ အလားအလာနှင့် ပတ်သက်၍ Far Eastern Economic Review ၏ အမှားမျိုးကိုတော့ မည်သူမျှ ထပ်လုပ် ကြလိမ့်မည် မထင်ပါ။ ဧပြီလ ၁ ရက်နေ့ အသွင်ကူးပြောင်းမှုက ချောမွေ့စွာ ရှိခဲ့လျှင်ပင် တိုင်းပြည်အနေဖြင့် လုပ်ဆောင်ရန် များစွာရှိနေသေးသည်။ သို့သော်လည်း ကျနော်တို့ အနေဖြင့် မြန်မာပြည်သူများနှင့် ပတ်သက်၍ လွန်ခဲ့သော ဆယ်စုနှစ် ၅ ခုထက်စာလျှင် ပိုမို၍ အကောင်းမြင်နေနိုင်ကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံအတွက် တိန့်ရှောင်ဖိန်ကို မြင်တွေ့နိုင်ပါစေဟုသာ ကျနော် ဆုတောင်းနေပါသည်။

(David Dodwell သည် Hong Kong-Apec Trading Policy Group ၏ အမှုဆောင် ဒါရိုက်တာဖြစ်ပါသည်။ South China Morning Post သတင်းစာပါ Myanmar needs a Deng Xiaoping ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading