ကမ္ဘာ့ ရေနံစိမ်းဈေး ကျဆင်းမှုကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးကွက်တွင်လည်း ဆီဈေးမှာ အနိမ့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိ လာ သည်။ ပြည်တွင်း စက်သုံးဆီ ဈေးကွက် ကျဆင်းမှုကြောင့် ဆိပ်ကမ်း ရောက်ဈေးနဲ့ စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချနေ သည့် ဈေး ကွက် ကွာဟမှုကြောင့် ဇန်နဝါရီ နောက်ဆုံးပတ်တွင် မန္တလေးတိုင်း စက်သုံးဆီလုပ်ငန်းရှင်များ တွေ့ဆုံ စည်းဝေးခဲ့ကြ သည်။
ထို့ကြောင့် မန္တလေးတိုင်းအတွင်းရှိ စက်သုံးဆီ ဈေးကွက်အခြေအနေ၊ တိုင်းအတွင်း အကောင်အထည်ဖော်နေသည့် စက်သုံးဆီ အတင်အချ ဆိပ်ကမ်းများနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း ဥက္ကဌ ဦးသက်ဝေနှင့် ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ စက်သုံးဆီအသင်းအနေနဲ့ ဘယ်ဒေသတွေကို ဖြန့်ဖြူးရောင်းချပါသလဲ။
ဖြေ ။ ။ မန္တလေးတိုင်းအတွင်း မုံရွာ၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်တို့ကို စက်သုံးဆီ ဖြန့်ဖြူး ရောင်းချ နေပါတယ်။
မေး ။ ။ ဆီဈေးကျတယ် ဆိုပေမယ့် မန္တလေးက စက်သုံးဆီ အရောင်းဆိုင်တွေမှာ လက်လီဈေး မကျသေးတာ ဘာကြောင့် ပါလဲ။
ဖြေ ။ ။ ရန်ကုန်မှာ ဈေးကျတယ်ဆိုပေမယ့် မန္တလေးမှာက သယ်ယူပို့ဆောင်စရိတ် ရှိပါတယ်။ ဆိပ်ကမ်းကနေ သယ်ယူစရိတ် ကြောင့် မန္တလေးဈေးကွက်မှာ အနည်းငယ် ကွာဟမှုတော့ ရှိပါတယ်။ အခုအကြမ်းဖျင်း သတ်မှတ်ပေးထားတာကတော့ ဓာတ်ဆီ၊ ဒီဇယ်ဆိုရင် ရန်ကုန်သတ်မှတ်ဈေးရဲ့ ၅၀ ကျပ်တော့ မန္တလေးမှာ ပိုမယ်။ အောက်တိန်း 95 ဆိုရင် ၇၀ ကျပ်လောက် ပေါင်းပြီး ရောင်းဖို့ သတ်မှတ်ထားပါတယ်။ အသင်းအနေနဲ့ ဆိုင်တွေကို ဈေးချရောင်းဖို့တော့ ပြောနေပါတယ်။ ဒါပေမယ့် အသင်းဝင် ဆိုင်တွေကိုပဲ အသင်းစည်းကမ်းအနေနဲ့ သေချာကြတ်မတ် ပြောနိုင်ပါတယ်။
မေး ။ ။ မန္တလေးတိုင်းမှာ အသင်းဝင်ထားတဲ့ စက်သုံးဆီဆိုင် အရေအတွက် ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ လက်ရှိ အသင်းဝင်ထားတဲ့ ကုမ္ပဏီ ၃၀ ကျော် ရှိပါတယ်။ ဒီကုမ္ပဏီတွေက နိုင်ငံခြားကနေ စက်သုံးဆီ တိုက်ရိုက် တင်သွင်း ဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။
မေး ။ ။ မန္တလေးတိုင်းမှာ စက်သုံးဆီ အရောင်းဆိုင် အရေအတွက် ၄၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ အဲဒီ အရေ အတွက်အရဆိုရင် လက်ရှိ အသင်းဝင်ထားတဲ့ဆိုင်က နည်းနည်းလေးပဲ ရှိနေတယ်။ အဲဒီတော့ စက်သုံးဆီဆိုင်တွေအားလုံး ဈေး ကွက်မှာ ပေါက်ဈေးအတိုင်း ဈေးချရောင်းဖို့ ဘယ်လို ထိန်းချုပ်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ ဈေးချဖို့တော့ ပြီးခဲ့တဲ့လ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ထိန်းချုပ်ဖို့ကတော့ အခက်အခဲ ရှိမယ်။ အသင်းဝင်ထားတဲ့ ဆိုင်တွေကသာ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ရောင်းရမယ်ဆိုတာ စည်းကမ်းသတ်မှတ်ထားပေမယ့် အသင်း မဝင်ထားတဲ့ ဆိုင် တွေကိုကျ လိုက်ပြောဖို့ ခက်မယ်။ တချို့ကလဲ ပြောတယ်။ မီဒီယာအော်တိုင်း ဈေးချရမှာလားဆိုပြီး။ ဒါပေမယ့် အခုခေတ်က ဈေး ကွက် ယှဉ်ပြိုင်တဲ့ခေတ်ပါ။ ဝယ်သူအားလုံးက ချမ်းသာကြတာမှ မဟုတ်တာ။ လူအများကို ငဲ့ပြီးရောင်းရမှာလေ။ အဲလို မဟုတ် ရင်တော့ စားသုံးသူက ရွေးချယ်သွားပါလိမ့်မယ်။
မေး ။ ။ တချို့ဆိုင်တွေ ကျတော့လည်း ဈေးတော့ ချရောင်းတယ်။ ဒါပေမယ့် ဆီအရည်အသွေးနဲ့ အချိန်အတွယ်မှာ အာမခံချက် အပြည့်ရှိပါသလား။ ဒါနဲ့ ပတ်သက်ပြီးတော့ရော အရည်အသွေးပိုင်း စစ်ဆေးတာမျိုး ရှိပါသလား။
ဖြေ ။ ။ တချို့ဆိုင်တွေကျတော့လည်း အလုပ်သမားစရိတ်နဲ့ ဆီဈေးကျတာနဲ့ မကိုက်တော့ ဆီကို အပြည့်မပေးဘဲ လီတာ လျှော့ပေးတာတွေ ရှိပါတယ်။ ဒါပေမယ့် ဆီအရည်အသွေး၊ အချိန်အတွယ်နဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့က မိုဘိုင်း ဓာတ်ခွဲခန်း တွေနဲ့ စစ်တယ်လို့တော့ ကြားတယ်။ ကျနော်တို့ အသင်းမှာလည်း နိုင်ငံတကာအဆင့်မီ စက်သုံးဆီ ဓာတ်ခွဲစစ်ဆေးတဲ့စက်နဲ့ စစ်ဆေးပြီးမှ ဈေးကွက်ကို ဖြန့်ဖြူးရောင်းချပါတယ်။
မေး ။ ။ မန္တလေးတိုင်းရဲ့ စက်သုံးဆီဈေးကွက် အလားအလာက ဒီနှစ်အတွင်း ဘယ်လိုရှိနိုင်မလဲ။
ဖြေ ။ ။ စက်တပ်ယာဉ်တွေ တဖြည်းဖြည်းများလာတဲ့ မန္တလေးအတွက် စက်သုံးဆီဈေးကွက်က တလထက် တလ၊ တနှစ်ထက် တနှစ် ကြီးလာမှာပဲလေ။ သုံးစွဲတဲ့နှုန်းကလဲ အရင်ကထက် များလာတော့ ဈေးကွက် အခြေအနေ ကောင်းမှာပါ။ ဈေးထပ်ကျမလား၊ တက်မလားဆိုတာကတော့ ဖြစ်လာမဲ့ အနာဂတ်ကို ကြိုဟောကိန်းထုတ်လို့ မရနိုင်ပါဘူး။
မေး ။ ။ မန္တလေးတိုင်းမှာ နေ့စဉ်သုံးစွဲနေတဲ့ စက်သုံးဆီပမာဏ ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ အကြမ်းဖျင်းဆိုရင်တော့ တရက်ကို ဒီဇယ် ဂါလံ ၅ သိန်း ဝန်းကျင်၊ အောက်တိန်းဆိုရင်တော့ တစ်သိန်းခွဲလောက် ရှိပါ တယ်။ ဒါပေမယ့် မိုးတွင်းနဲ့ ဆောင်းအချိန်တော့ နည်းနည်း ကွာဟမှု ရှိပါတယ်။
မေး ။ ။ လက်ရှိ အကောင်အထည် ဖော်နေတဲ့ စက်သုံးဆီ အတင်အချ ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။
ဖြေ ။ ။ စက်သုံးဆီ ဆိပ်ကမ်းက ဧရာဝတီမြစ် အရှေ့ဘက်ကမ်း စစ်ကိုင်း-မန္တလေးကားလမ်းနားက အိုးတုတ္တန်း ကားလမ်း ဘေးက မြေဧရိယာမှာပါ။ မြေဧက ၅၆ ဧကပေါ်မှာ ဆောင်ရွက်သွားပါမယ်။ စက်သုံးဆီ ကုမ္ပဏီ ၁၅ ခု ပါဝင် ရင်းနှီးမြှပ်နှံပါတယ်။ ပြီးခဲ့တဲ့နှစ် မိုးတွင်းကစပြီး အိုးတုတ္တန်း ကားလမ်းနဲ့အညီ မြေဖို့၊ သဲဖို့တာတွေ လုပ်နေပါတယ်။ ဧရာဝတီမြစ်ကမ်းဘေးဆိုတော့ မြစ် ရေဝင် ဧရိယာတွေကို သေချာ ကန်အောင်ပတ်၊ မြေဖို့ ဆောင်ရွက်နေပါပြီ။ တပတ် ဆယ်ရက်လောက်ဆို ဆီလှောင်ကန် တကန် ပန္နက်ရိုက်ဖြစ်မယ် ထင်ပါတယ်။ ကန် ၃၀ ကျော်ပါမယ်။ အဲဒီအထဲမှာမှ တိုင်းအစိုးရအဖွဲ့စီစဉ်တဲ့ ဆီလှောင်ကန်တွေလည်း ပါမယ်။
မေး ။ ။ ရင်းနှီးမြုပ်နှံမယ့် ပမာဏနဲ့ ဘယ်တော့လောက် ပြီးစီးမလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ကနဦး ရင်းနှီးငွေ သိန်း ၆ သောင်းကျော် ရှိပါပြီ။ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပြီးလို့ သတ်မှတ်ထားပါတယ်။
မေး ။ ။ စက်သုံးဆီ အတင်အချ ဆိပ်ကမ်းပြီးသွားရင် မန္တလေးတိုင်းအတွက် ဘာတွေ အကျိုးရှိနိုင်မလဲ။
ဖြေ ။ ။ လောလောဆယ် အခြေအနေက မန္တလေးမှာ စက်သုံးဆီ အတင်အချလုပ်ဖို့ ဆိပ်ကမ်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး။ ရွှေကြက်ယက်မှာ ဆီအတွဲတွေနဲ့ နေရာတကာ ဖြန့်ဖြူးပေးရတယ်။ ဆိပ်ကမ်းရှိသွားရင် သပ်သပ်ရပ်ရပ်နဲ့ နေရာ အတည် အကျ ဖြစ်သွားမယ်။ ပြီးတော့ စက်သုံးဆီတင်တဲ့ သဘောၤတွေကနေ ဧရာဝတီမြစ်ကြောင်း တလျှောက် ဆီလှည့်ရင်း သဘောၤ မီး လောင်မှုတွေ မကြာခဏ ဖြစ်တယ်။ အဲဒီ မီးဘေးအန္တရာယ်ကလည်း ကင်းဝေးသွားပါမယ်။ စက်သုံးဆီဖြန့်မယ့် ကုမ္ပဏီတွေ အနေနဲ့လည်း ကိုယ်ပိုင်ကန်နဲ့ ကိုယ်လှောင်ထားနိုင်မယ်။
မေး ။ ။ အခု စက်သုံးဆီကို ပြည်ပက တင်သွင်းပြီး ပြည်ပကို ပြန်တင်ပို့ ရောင်းချမယ်ဖို့(Re Export) စီစဉ်နေတယ်လို့ ကြား ပါတယ်။ အဲဒါနဲ့ပတ်သတ်ပြီး ပြောပြပေးပါဦး။
ဖြေ ။ ။ ဟုတ်ပါတယ်။ စင်ကာပူ အစိုးရရဲ့ ရေနံချက်စက်ရုံကနေ စက်သုံးဆီ ပြည်တွင်းကို တင်သွင်းမယ်။ ပြီးတော့ ဝယ်လိုအား ရှိတဲ့ နိုင်ငံကို ပြန်ပို့မယ်ပေါ့။ ဒါနဲ့ ပတ်သက်ပြီး စီးပွားကူးသန်း၊ အခွန်၊ စွမ်းအင်ဝန်ကြီးဌာနရယ် ဇန်နဝါရီက စီစဉ်နေပါတယ်။ အဲလို သွင်းဖို့ ပြည်တွင်း ကုမ္ပဏီ ၄၊ ၅ ခုလောက် ပြောထားတယ်။
မေး ။ ။ အဲလို တဆင့်တင်သွင်း ရောင်းချမယ်ဆိုရင် အခုဈေးကျချိန်မှာ ပြည်တွင်းဈေးကွက်ကို ထိခိုက်မှုတွေ ရှိလာနိုင်မလား။
ဖြေ ။ ။ ပြည်တွင်းရဲ့သုံးစွဲမှုနှုန်းက သူဘာသူတော့ ရှိနေမယ်။ ပြည်တွင်းဈေးကွက်ကို အနှောင့်အယှက် မဖြစ်အောင် နိုင်ငံခြား ငွေ ပြန်ဝင်လာအောင် ဘယ်လိုလုပ်မလဲဆိုတာ တချက် ပြန်စဉ်းစားဖို့ လိုပါတယ်။