ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် (တအာင်း) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်သည့် နမ့်ဆန်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့ နေ့လည် ၁ နာရီကျော်တွင် ခိုင်သစ္စာ ပွဲရုံမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၆ နာရီရောက်မှ မီးငြိမ်းသတ်နိုင်ခဲ့သည်။
ထိုမီးလောင်ကျွမ်းမှုကြောင့် အိမ်ပေါင်းများစွာ ပျက်စီးကာ လူတထောင်ကျော် မီးဘေးသင့်ခဲ့သည် ဖြစ်ခဲ့သည်။ နမ့်ဆန်မြို့ မီးအကြီးအကျယ် လောင်ကျွမ်းမှု နှင့် မီးဘေး ဒုက္ခသည်များအတွက် ကူညီဆောင်ရွက်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး မီးဘေး ဒုက္ခသည်များအတွက် အဓိက ကူညီဆောင်ရွက်ပေးနေသည် နမ့်ဆန် ကာလ ဒါန အသင်း နာယက ဦးကြားသီ ကို ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး ။ ။ နမ့်ဆန်မြို့ မီးလောင်မှု စဖြစ်ပွားခဲ့တဲ့ အခြေအနေ ပြောပြပါဦး။
ဖြေ ။ ။ မီးက ပေါ့ဆမီးလောင်တယ်လို့ မြင်ရပါတယ်။ ကျနော် မီးလောင်တဲ့နေရာ ရောက်ရောက်ချင်း မီးသတ်ကား မလာသေးပါဘူး။ မီးသတ်ကား လာတဲ့အချိန်မှာ မီးညွှန့်က ခေါင်းမိုးအထိ ရောက်နေပါပြီ။ မီးကို နိုင်မယ်ထင်ပြီး ကြိုးစားငြိမ်းကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာ မီးကို မငြိမ်းသတ်နိုင်ခဲ့ပါဘူး။
မေး ။ ။ အိမ်ခြေ ဘယ်လောက် ဆုံးရှုံးသွားပါသလဲ။
ဖြေ ။ ။ မီးလောင်ပြီး ဆုံးရှုံးသွားတဲ့ အိမ်ခြေက ၂၀၉ အိမ်၊ မီးဘေး ဒုက္ခသည် က ၁၂၀၀ ကျော်ပါ။
မေး ။ ။ အိမ်ခြေ အများကြီး ဆုံးရှုံးတာ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ မီးက ဘာကြောင့် ဆုံးရှုံးမှုများလောက်အောင် လောင်တာလဲ ဆိုရင်တော့ တခွန်းတည်း စကားဖြင့် ဖော်ပြရရင် စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ မီးက လိုအပ်တာထက် ကြီးသွားတာ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှု အပိုင်းက မြို့ပြစီမံခန့်ခွဲမှု အရေးပေါ် ကြုံလာရင် ကွပ်ကဲမယ့် ခေါင်းဆောင်ပိုင်း၊ အရေးပေါ် ကြုံတွေ့လာရင် လူတွေရဲ့ Capacity ဒါတွေ အားလုံးဟာ ချွတ်ယွင်းနေတဲ့ အတွက်ကြောင့် လိုတာထက် ပိုကြီးတာဖြစ်ပါတယ်။ တခွန်းတည်း စကားပြောမယ်ဆိုရင်တော့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ပါ။
မေး ။ ။ မီးသတ်ကား အရေအတွက် ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ နမ့်ဆန်မြို့ပေါ်မှာ မီးသတ်ကား ၄ စီး ရှိပါတယ်။ ပထမ လောင်လောင်ချင်း ၂ စီး ရောက်လာပါတယ်။ မီးလောင်ပြင်ကို ကျော်ပြီး တစီးရောက်တယ်။ မီးလောင်ပြင် အဝမှာ တစီး၊ ညှပ်ပြီး ပက်ပါတယ်။ မီးက ကြီးလာတဲ့အခါမှာ ကျနော်တို့ မြို့က လမ်းအရမ်း ကျဉ်းတဲ့အတွက် ၂ ဖက်မျှလောင်တဲ့အခါမှာ မီးသတ်ကားက ဟိုဘက် ဒီဘက် မကူးနိုင်တော့ဘူး။ အလောင်များတဲ့ ဘက်ခြမ်းက မီးသတ်ကား ၃ စီး ရှိတယ်။ မီးသတ်ကား တစီးက မကြာခင်မှာ ကားထိုးရပ်သွားတယ်။ စက်အနေနဲ့ ထိုးရပ်တာတော့ မဟုတ်ဘူး။ ကျနော်တို့ လူထု မသိနားမလည်မှုနဲ့ကြောင့် ဟို ရေဖြည့်ပြီးတဲ့အခါ မီးသတ်ကားကို ဝိုင်းရေဖြည့်တဲ့အခါမှာ ကြွပ်ကြွပ်အိတ်နဲ့ သယ်ပြီး ရေကို ဖြည့်လိုက်တယ်။ ရေလည်း ခက်ခဲတဲ့အတွက် ကြွပ်ကြွပ်အိတ် အလုံးလိုက်ကို မီးသတ်ကားကန်ထဲ ပစ်ချလိုက်တယ်။ မီးသတ်ကားက နာရီပိုင်းအတွင်း မှာပဲ ကြွပ်ကြွပ်အိတ်နဲ့ ပိတ်ပြီး ရေမထွက်တော့ဘူး။ အဲဒီတစီးကို နောက်ပြန်ဆုတ်ရတယ်။
နောက်တစီးရဲ့ အားနည်းချက်က ရေကောင်းကောင်း မထွက်ဘူး။ အဲ့ဒါလည်း အဆင်မပြေဘူး။ မီးသတ်ကား အားနည်းချက်ကြောင့် ရေ၊ လမ်းကျဉ်းတဲ့ကြောင့်ရေ၊ မီးက လက်ပိုက်ကြည့်ရတဲ့ အနေအထားဖြစ်သွားတယ်။ ပြီးတော့ ကျနော်တို့ဆီမှာ စီမံခန့်ခွဲမှု မရှိတဲ့ အတွက်ကြောင့် အိမ်တွေကို ကြိုတင်ဖျက်မယ်ဆိုတဲ့ အမိန့်ကို ဘယ်သူမှ မပေးနိုင်တာ၊ ကြိုတင် ဖျက်နိုင်တဲ့ နေအထားရှိရင် မီးက ဒီထက်မက အဆမတန်လျော့မယ်။ အိမ်ကို ဖျက်နိုင်ခြင်းကလည်း မရှိ၊ ရေလည်း မရှိ၊ ကားကလည်း ရေမထွက်ကြောင့် လူတွေက လက်ပိုက်ကြည့်နေရတာ။ လောင်စာကုန်မှ ငြိမ်းတော့မယ်ဆိုတဲ့ သဘောနဲ့ ကြည့်နေရတာကြောင့် မီးက ဒီလို ကြီးသွားတာပါ။
မေး ။ ။ မီးဘေး ဒုက္ခသည်တွေကို ဘယ်လို ကူညီဆောင်ရွက်ပေးနေပါသလဲ။
ဖြေ။ ။ မီးဘေး ဒုက္ခသည်တွေ အတွက်ကတော့ ကျနော်တို့ ဒေသ ဦးစီး အစိုးရအဖွဲ့က လုပ်ထုံးလုပ်နည်းအရ ကယ်ဆယ်ရေး ကော်မတေီကတော့ ဖွဲ့ထားတယ်။ လက်တွေ့မြေပြင်မှာတော့ ကျနော်တို့ ကာလဒါန အသင်းရဲ့ ဆရာတော် ဦဉာဏိဿရ ဦးဆောင်ပြီး ဂေါပကတွေ၊ စေတနာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ အဓိက လှုပ်ရှားနေတာပါ။ ဒီနေ့ တွေ့ရသလို ကျနော်တို့ အလှူခံတဲ့အပိုင်း ချက်ပြုတ်ကျွေးမွေးတဲ့အပိုင်း အားလုံးဟာ ကျနော်တို့ လူမှုရေးအဖွဲ့တွေ မေတ္တာစေတနာနဲ့ လာဆောင်ရွက်တဲ့သူတွေ ပါပဲ။
မေး ။ ။ အစိုးရ ဘက်ကရော မီးဘေး ဒုက္ခသည်တွေကို ဘယ်လို ကူညီဆောင်ရွက်ပေးနေပါသလဲ။
ဖြေ ။ ။ မီးလောင်ပြီး နောက်တရက်မှာ ကျနော်တို့ အစည်းဝေးထိုင်ပါတယ်။ ကော်မတီဖွဲ့ပါ။ ပြီးတော့အမှတ် (၂) စစ်ဆင်ရေးမှူးက ရောက်လာပါတယ်။ တပ်မတော်က လှူဒါန်းတဲ့ မီးဘေး ကယ်ဆယ်ရေး ပစ္စည်းကို ပေးခဲ့ပါတယ်။ ပြီးတော့ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ကျနော်တို့ဆီကို ရောက်ချလာပြီးတော့မှ တအိမ်ထောင်ကို ၃ သိန်း နှုန်းနဲ့ သိန်း ၁ ထောင်၊ ပစ္စည်းတွေလည်း လှူဒါန်းပါတယ်။ ကမ္ဘောဇ အလင်းတန်းကလည်း ပြည်သူလူထု တအိမ်ထောင်ကို ၅ သိန်း၊ ဧရာဝတီ ဘဏ်က တအိမ်ထောင်ကို ၂ သိန်းနှုန်းနဲ့ လှူဒါန်းသွားပါတယ်။ လွယ်ဟိန်း ကုမ္ပဏီက တအိမ်ထောင် တသိန်း လှူဒါန်းပါတယ်။ ကျနော်တို့ဆီမှာ မီးဘေး ဒုက္ခသည်အတွက် ဆန်အိတ် ၂ ထောင်ကျော်ရှိပါတယ်။ လုံလောက်ပါတယ်။
မေး ။ ။ ပြန်လည်ထူထောင်ရေး ကာလရော ဘယ်လောက်ထိ ကြာဦးမှာလဲ။
ဖြေ ။ ။ အဓိက ကျနော် မြင်တာကတော့ ပြန်လည် ထူထောင်ရေး ကာလမှာ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ ငွေသားပါပဲ။ ပြန်လည်ထူထောင်ရေး ကာလကတော့ အချိန်ယူရမယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ မြို့ မီးဘာလို့ အဲဒီလောက်ကြီးသွားလဲ။ ကျနော်တို့ မြို့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ဆိုတဲ့ထဲမှာ မြို့ပြစီမံခန့်ခွဲမှုလည်း ပါတယ်။ ကျနော်တို့မြို့က လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ ကတည်းက တည်ထားတဲ့ မြို့ ၊ ကျဉ်းတယ်။ အိမ်တွေက သစ်သားတွေ တအိမ်နဲ့ တအိမ်ကလည်း ကပ်နေတဲ့အတွက်ကြောင့် ဒါကြောင့် မဖြစ်သင့်တာတွေဖြစ်တာ။ မီးက နှစ်ကြိမ်ရှိသွားပါပြီ။ နောက်တကြိမ် တတိယအကြိမ် မဖြစ်အောင် မြို့ပြ စီမံခန့်ခွဲမှု လျော့လို့မရဘူး။ မြို့ပြ စီမံခန့်ခွဲမှုကို အချိန်ယူ လုပ်ရင်ကောင်းပါမယ်။ ကျနော်အနေနဲ့ကတော့ ဒီလို မီးလောင်သွားတာကို ဘယ်သူကို မှ အပြစ်မတင်လိုတော့ပါဘူး။ ကိုယ့် ကံတရားလို့ပဲ ယူဆပါတယ်။
မေး ။ ။ သမ္မတ ဦးသိန်းစိန် နမ့်ဆန်လာတုန်းကရော ဘာတွေ ပြောသွားပါသလဲ။
ဖြေ ။ ။ သမ္မတ ကတော့ မီးဘေးဒုက္ခသည်တွေကို အားမငယ်ဖို့၊ နိုင်ငံတော် အစိုးရကလည်း ပစ်မထားဘူးဆိုတာတွေ ပြောသွားပါတယ်။
မေး ။ ။ နောက်တက်လာမယ့် အစိုးရ သစ်အပေါ်ရော အန်ကယ်အနေနဲ့ ဘာတွေ မျှော်လင့်ပါသလဲ။
ဖြေ။ ။ ကျနော်အနေနဲ့ ဘာမှမမျှော်လင့်ဘူး။ အစိုးရဆိုတာ ကျနော်တို့ ပြည်သူတွေကိုကူမှ ကျနော်တို့ ရမှာ။ ကျနော်တို့ မျှော်လင့်နေရင် သိပ်ပင်ပန်းတယ်။ ကျနော်တို့ ပြည်သူတွေက အစိုးရကိုမျှော်ရတာ မဖြစ်ချင်ဘူး။ ပြည်သူတွေကို ကြည့်တဲ့ အစိုးရပဲ ကျနော်ဖြစ်စေချင်တယ်။