မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး တို့တွင် ဖြေလျှော့မှုများပြုလုပ်လာသည်နှင့် အမျှ နိုင်ငံတကာ သဘောတူညီချက် အမြောက်အမြားတွင် လက်မှတ်ရေးထိုးမှုများ ပြုလုပ်ရန် အားထုတ်လာခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် ဇီဝလက်နက် အသုံးပြုမှုတားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် (BTWC) နှင့် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ဓာတုလက်နက် အသုံးပြုမှုတားမြစ်ရေး သဘောတူညီချက် တို့ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းမှ တာဝန်သိသော၊ အထောက်အကူပေးသော အဖွဲ့ဝင်တနိုင်ငံ ဖြစ်လာရေးကို အလေးအနက်ထားကြောင်း ပြသနေပါသည်။
BTWC တွင် လက်မှတ်ရေးထိုးခြင်းအားဖြင့် မြန်မာနိုင်ငံက ဇီဝလက်နက်များကို ဖွံ့ဖြိုးအောင် ပြုလုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ စု ဆောင်းခြင်း၊ ဝယ်ယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းများ မပြုလုပ်ရန် ကတိပြုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါ လက်နက်များကို အသုံးပြုခြင်းနှင့်အတူ ဖြစ်လာနိုင်သည့် မတော်တဆမှုများနှင့် ခိုးယူခံရခြင်းတို့ကဲ့သို့ အန္တရာယ်များကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။ တိုင်းပြည်၏ ဇီဝလုံခြုံမှု တိုးတက်လာရေးက အရေးပါသည့် ခြေလှမ်းတရပ် ဖြစ်နေသည့် အချိန် တွင် လုပ်ဆောင်ရန်များစွာ ရှိနေသည်။ ဇီ၀ အကြမ်းဖက်မှု၏ သက်ရောက်မှုများနှင့် ကူးစက်တတ်သည့် ရောဂါများ ပြန့်ပွားမည့် အလားအလာများကို လျှော့ချရန် ဇီဝလုံခြုံမှုက ယခုရာစုနှစ်အတွင်းတွင် တကမ္ဘာလုံးနှင့် ဆိုင်သည့် ကိစ္စ ဖြစ်လာပါလိမ့်မည်။ မြန်မာ၏ ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုများ၊ ပထဝီဝင်နှင့် တိုးတက်လာသည့် ဆက်သွယ်မှုများ အားလုံးက ဇီဝလုံခြုံမှု စွမ်းဆောင်ရည်များ အားကောင်းရန် လိုအပ်လာစေသည်။
ကူးစက်တတ်သည့် ရောဂါများက မြန်မာနိုင်ငံ၏ ပြဿနာ စစ်စစ်တခု ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ အဆိုအရ မြန်မာနိုင်ငံသည် အာရှဒေသတွင် ရောဂါပျံ့နှံ့မှုနှုန်းမြင့်မားသည့် နိုင်ငံများထဲမှ တခုဖြစ်ပြီး ကမ္ဘာ့အဆင့် ပျမ်းမျှနှုန်း၏ ၃ ဆ ဖြစ်နေသည်ဟု သိရသည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တီဘီရောဂါရှိနေသည့် လူကြီးနှင့် ကလေး ၁၈၀၀၀၀ ရှိသည်ဟု ခန့်မှန်းရသည်။ မြန်မာနိုင်ငံတွင် နောက်ထပ်ရောဂါဆိုင်ရာ ဝန်ထုပ်ဝန်ပိုး တခုရှိနေပြီး ၂၀၁၃ တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှု ၁.၉ သန်းတွင် သေဆုံးမှု ၆၈၀၀၀၀ ရှိခဲ့သည်ဟု WHO က ခန့်မှန်းထားသည်။ စိုးရိမ်စရာကောင်းသည်မှာ ဆေးယဉ်ပါးသည့် တီဘီနှင့် ငှက်ဖျားရောဂါ အမျိုးအစားများလည်း ရှိနေကြောင်း သိရခြင်းဖြစ်သည်။ ရံပုံငွေ မလုံလောက်သည့် ပြည်သူ့ကျန်းမာရေး စနစ်၊ ပဋိပက္ခများ၊ ဆင်းရဲနွမ်းပါးမှု၊ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်မှုနှင့် တရားမဝင် ပြောင်းရွှေ့မှုများက ကူးစက်ပျံ့နှံ့နိုင်သော ရောဂါများ၏ သက်ရောက်မှုကို ပိုမို ကျယ်ပြန့်သွားစေခဲ့သည်။ မြန်မာနိုင်ငံသည် နေရာ ရွှေ့ပြောင်းသွားလာတတ်သည့် ငှက်များ၏ လမ်းကြောင်းပေါ်တွင် တည်ရှိပြီး ရောဂါများပေါ်ပေါက်တတ်သည့် နေရာများနှင့် နီးကပ်နေသည့် အတွက်လည်း တိရိစ္ဆာန်မှ ဖြစ်သည့် ကူးစက်ရောဂါများနှင့် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဖြစ်ပွားသောရောဂါများကို ကာကွယ်ရန် အားနည်းစေခဲ့သည်။
မြန်မာ အစိုးရက ဆားစ်ရောဂါ Severe Acute Respiratory Syndrome (Sars) ဖြစ်ပွားမှုရှိကြောင်း ထုတ်ပြန်ကျေညာခြင်း မရှိသော်လည်း ၂၀၀၆ ခုနှစ်အတွင်းက ကြက်ငှက်တုပ်ကွေး(H5N1) တွေ့ရှိမှု လူသားတွင် တကြိမ်နှင့် မွေးမြူရေး လုပ်ငန်းများတွင် ၃ ကြိမ်တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ကျေးလက် ဒေသများတွင် တွေ့ရှိရခြင်း ဖြစ်သည်။
ဇီ၀ အကြမ်းဖက်မှုက ဖြစ်နိုင်ချေ နည်းသော်လည်း နောက်ဆက်တွဲခြိမ်းခြောက်မှုက မြင့်မားသည်။ ၂၀၀၁ ခုနှစ်က ထောင့်သန်းရောဂါပိုးပါဝင်သည့် စာများ၊ ဆက်ဒမ်ဟူစိန်လက်ထက်က အီရတ်နိုင်ငံမှ ဇီဝလက်နက် အစီအစဉ်နှင့် al-Qaeda တို့၏ ဇီဝလက်နက် အစီအစဉ် ကဲ့သို့ အဖြစ်အပျက်များ ကြောင့် အစိုးရများက စောင့်ကြည့်နေကြရသည်။ အေဂျင်စီ အဖွဲ့ အစည်းများကလည်း ဇီဝလုံခြုံမှုဆိုင်ရာ နည်းလမ်းများ၊ အကဲဖြတ် သုတေသီများ၊ စောင့်ကြည့် ထိန်းချုပ်မှုများ တိုးချဲ့ ရေး နှင့် ကာကွယ်ဆေးကဲ့သို့သော ဆေးပညာဆိုင်ရာ တုန့်ပြန်မှုနည်းလမ်းများ ရရှိနိုင်ရေးကို သေချာစေမည့် သုတေသနများ ဖြစ်အောင် ထိန်းသိမ်းနိုင်မည့် နည်းလမ်းများရှာဖွေနေကြသည်။
ကုန်သွယ်မှု အချက်အချာနေရာတခုဖြစ်လာရန် မြန်မာနိုင်ငံက ဆန္ဒပြင်းပြနေချိန်တွင် ဇီဝဆိုင်ရာ စောင့်ကြည့် ထိန်းချုပ်ခြင်း အပါအဝင် ဆိပ်ကမ်းများ၊ ကုန်းလမ်းစစ်ဆေးရေး စခန်းများတွင် လေ့လာစောင့်ကြည့်မှုများကို အရှိန် မြှင့် တင်ရန် လိုအပ်လာပါလိမ့်မည်။ သို့မှသာ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် မှောင်ခို ကွန်ရက်များက ဆက်သွယ်မှုလမ်းကြောင်းများကို လူ ဘေးအန္တရယ်ဖြစ်စေနိုင်သည့် ဇီ၀ ပစ္စည်းများ နှင့် အဆိပ်အတောက်များ သယ်ဆောင်သည့် လမ်းကြောင်းများအဖြစ် အသုံးချခြင်း မပြုနိုင်မည် ဖြစ်သည်။
ဇီဝလုံခြုံမှု စွမ်းဆောင်ရည်ပိုမို ခိုင်မာအားကောင်းစေရေး အတွက်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး အခက်အခဲမှာ လူသားအရင်းအမြစ်၊ နည်းပညာနှင့် ပစ္စည်း ကိရိယာ ကင်းမဲ့နေခြင်း ဖြစ်ပါသည်။ ကျန်းမာရေး ဝန်ကြီးဌာနမှ ဆေးသုတေသန ဦးစီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန တို့တွင်လည်း ယခင်က အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကြောင့် ဝန်ထမ်းများအား စနစ်တကျလေ့ကျင့် သင်တန်းပေးနိုင်မှုနှင့် လုံလောက်သည့် ခေတ်မီ ပစ္စည်းကိရိယာများ သုံးစွဲနိုင်မှု အားနည်းနေသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ဇီဝလုံခြုံမှု ဓာတ်ခွဲခန်း အဆင့်(၃) ၂ ခုရှိပြီး တောင်ကြီးမြို့တွင် နောက်ထပ် ၁ ခု တည်ဆောက်ရန် စီစဉ်နေသည်။ အဆိုပါ ဓာတ်ခွဲခန်းများသည် တီဘီရောဂါ အတွက် ဦးတည်သည့် ဓာတ်ခွဲခန်းများ ဖြစ်ခဲ့သော်လည်း ပေါ်ထွက်လာသည့် ရောဂါခြိမ်းခြောက်မှုများကို စစ်ဆေး သရုပ်ခွဲနိုင်ရန် သူတို့၏ အခန်းကဏ္ဍကို အလျှင်အမြန် တိုးချဲ့နေရသည်။ ၎င်းတို့၏ ကျွမ်းကျင်မှု၊ စွမ်းဆောင်နိုင်စွမ်းများကလည်း တိုးချဲ့ရန် လိုအပ်နေပြီး စွမ်းဆောင်နိုင်ရည် အတားအဆီးများကြောင့် တီဘီရောဂါဟု သံသယရှိသည့် အချို့သော နမူနာများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်စစ်ဆေးနေရသည်။ ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဆွေးနွေးသည့် အခါ မြန်မာနိုင်ငံတွင် ကမ္ဘာအဆင့် ကူးစက်ရောဂါများကို ကိုင်တွယ်ရန် ကျွမ်းကျင်မှုနှင့် စွမ်းဆောင်နိုင်ရည် လိုအပ်နေပြီး ရင်းနှီးပြီး ဖြစ်သည့် ရောဂါများကို ဖြေရှင်းရန်အတွက်ပင် အရင်းအမြစ်များ ပိုမိုလိုအပ်နေသည်ဟု ပြောကြသည်။
မြန်မာနိုင်ငံအနေဖြင့် ၎င်း၏ ဇီဝလုံခြုံမှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ရာတွင် အသုံးပြုနိုင်သည့် လမ်းကြောင်းများစွာ ရှိနေပါသည်။ အသစ်ထွက်ပေါ်လာသည့် Global Health Security Agenda (ကမ္ဘာ့ကျန်းမာရေး လုံခြုံမှု အစီအစဉ်) လည်း တခု အပါအဝင်ဖြစ်သည်။ အဆိုပါ အစီအစဉ်က ကူးစက်ရောဂါ ခြိမ်းခြောက်မှုများကို ကာကွယ်ရေး၊ တားဆီးရေး နှင့် တိုက်ဖျက်ရေးများကို ဦးတည်ထားသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ အများအပြားလည်း ပါဝင်နေသည်။ ဇီ၀ လုံခြုံမှုနှင့် ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ဒေသအတွင်းတွင် တိုးပွားလာနေသည်ကိုလည်း မြန်မာ နိုင်ငံက အသုံးချနိုင်ပါသည်။
ဥပမာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ Asia-Pacific Centre for Security Studies (အာရှ-ပစိဖိတ် ဒေသဆိုင်ရာ လုံခြုံရေး လေ့လာရေး စန်တာ)၊ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် အမျိုးသား ကာကွယ်ရေးကောလိပ်တို့ ပူးပေါင်း၍ “အရှေ့တောင်အာရှ ဇီဝလုံခြုံမှု (Biosecurity in Southeast Asia )” ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတခုကို နိုဝင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ရာတွင် အရှေ့တောင်အာရှ မှ နိုင်ငံ ၈ နိုင်ငံ ပါဝင်ခဲ့သည်။ အဖွဲ့ အစည်းပေါင်းစုံပါဝင်သည့် ဇီ၀ လုံခြုံမှု ဆိုင်ရာ နည်းဗျူဟာ ဆွေးနွေးပွဲ (Multilateral Strategic Dialogue on Biosecurity) တွင် အမေရိကန်နှင့် အရှေ့တောင် အာရှ နိုင်ငံ အချို့မှ အစိုးရအဖွဲ့အစည်းများနှင့် သုတေသန အဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။ ဇီဝလုံခြုံမှုကို နိုင်ငံတကာနှင့် ဆိုင်သည့် အကြောင်းအရာတခုအဖြစ် သတ်မှတ်လာပြီး ပူးပေါင်း ဆောင်ရွက်မှုများ ရှာဖွေနေသည့်အချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် အရင်းအမြစ်မျိုးစုံ၊ ကျွမ်းကျင်မှုများနှင့် အခွင့်အရေးများကို အကျိုး အမြတ်အဖြစ် ရရှိနိုင်ပါလိမ့်မည်။
ဇီဝလက်နက် အသုံးပြုမှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် (BTWC) တွင် လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် ဇီဝနည်းပညာများ သုတေသနပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်များနှင့် နိုင်ငံခြား ကျောင်းများ၊ သုတေသန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း လမ်းဖွင့်ပေးနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ တတိယအဆင့် ဓာတ်ခွဲခန်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းက ရောဂါစစ်ဆေးခြင်းများကို လျှင်မြန်စွာ ဆောင်ရွက်နိုင်ပြီး လေ့ကျင့်သင်တန်းပေးရန် အခွင့်အရေးများ ရှိလာမည်ဖြစ်သည်။
မြန်မာနိုင်ငံက ၂၀၃၀ ခုနှစ်တွင် အားလုံးကို လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် မျှော်လင့်ထားသည့်အချိန်တွင် ရည်မှန်းချက်ပြည့်စုံရန် ပြည်သူကျန်းမာရေး အခြေခံ အဆောက်အဦများကို တိုးချဲ့ခြင်းက ဇီဝလုံခြုံမှုဆိုင်ရာ အရေးပေါ်ကိစ္စရပ်များကို လွယ်ကူစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် အရင်းအမြစ်များကို ရရှိစေနိုင်ပါလိမ့်မည်။
ကမ္ဘာနှင့် တံခါးဖွင့်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံတခု အနေဖြင့် မြန်မာနိုင်ငံတွင် ဖြေရှင်းရမည့် ပြဿနာများစွာ ကျန်ရှိနေပါသေးသည်။ ကျန်းမာရေး ကဏ္ဍတွင်လည်း ပြည်သူများ နှစ်စဉ် ခံစားနေရသည့် ရင်းနှီးပြီးသား ကူးစက်ရောဂါများ အပေါ်တွင်သာ အလေးထားမည် ဖြစ်သည်။ ဇီဝလုံခြုံမှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ရေးက နေပြည်တော်အစိုးရ၏ အစီအစဉ်တွင် အောက်ပိုင်းတွင်သာ ရှိနေသည်။
သို့သော်လည်း အားလုံးကို လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လုပ်နေသည့်အချိန်တွင် ဇီဝလုံခြုံမှုဆိုင်ရာ ဆောင်ရွက်မှုများက အကျိုးကျေးဇူးများ ရရှိစေလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ အခြေခံများနှင့် အရင်းအမြစ်များက ဦးတည်ချက် ၁ မျိုးထက်မက အသုံးဝင်သောကြောင့် ဖြစ်သည်။ အချုပ်ဆိုရလျှင် တိုင်းပြည်၏ ဇီဝလုံခြုံမှုဆိုင်ရာကို အဆင့်မြင့်တိုးတက်ရန် ဆောင်ရွက်ခြင်းက ခရီးရှည်တခု ဖြစ်သော်လည်း ပြည်သူ့ ကျန်းမာရေး၊ သိပ္ပံပညာတိုးတက်ရေးနှင့် အမျိုးသားလုံခြုံရေး စသည်တို့တွင် အကျိုးကျေးဇူး မျိုးစုံ ရှိနေပါသည်။
(ကျော်ဆန်းဝေသည် စင်္ကာပူနိုင်ငံ S Rajaratnam နိုင်ငံတကာလေ့လာရေး ကျောင်းမှ အကြီးတန်း သုတေသန ပညာရှင် တဦး ဖြစ်သည်။ Bangkok Post သတင်းစာပါ Bolstering Myanmar’s biosecurity ကို သင့်လျော်အောင် ဘာသာပြန်ဆိုသည်။)