မြန်မာ့စီးပွားရေး NLD ပြု ပြင်ပြောင်းလဲနိုင်ပါ့မလား

လက်စ်ရီဖဲလ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၆ ခုနှစ် ဧပြီလ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏အစိုးရအဖွဲ့သည် အာဏာလွဲပြောင်းယူမည် ဖြစ်သည်။ သို့သော် ၅ နှစ် သက်တမ်းအတွင်း ဒေါ်အောင်ဆန်းစုကြည် အစိုးရအပေါ် မြန်မာပြည်သူများ၏ မျှော်လင့်ချက်က လက်တွေ့မဆန်အောင် မြင့်မားနေသည်။
ရွေးကောက်ပွဲ မတိုင်မီကာလက ထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ စီးပွားရေး ရည်မှန်းချက်များက အသေးစိတ် ဖော်ပြခြင်းခဲ့ခြင်းမဟုတ်ပါ။ စိုက်ပျိုးရေးကို အဓိက ဦးစားပေး ဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း NLDပါတီနှင့် နီးစပ်သော စီးပွားရေးပညာရှင်များက ပြောသည်။ မက်ခရိုစီးပွားရေးပေါ်လစီများ ဖော်ဆောင်ရာတွင် ဘဏ္ဍာငွေသုံးစွဲမှု စနစ်တကျ ဖြစ်ရေးက နောက်ထပ် ဦးစားပေးတခု ဖြစ်လာပါလိမ့်မည်။ ဘက်ဂျက် လိုငွေပြမှုကို မထိန်းသိမ်းနိုင်ခြင်းနှင့် ငွေကြေးဖောင်းပွမှုများကို ရှောင်ရှားရန်ဖြစ်သည်။

သို့သော် စီးပွားရေးမူဝါဒ အခင်းအကျင်း အပေါ် လွှမ်းမိုးနေသည့် ကြီးမားသော ပြဿနာ ၂ ခုမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တိုင်းပြည်၏ စွမ်းဆောင်နိုင်ရည်တို့ ဖြစ်ပါသည်။ အကယ်၍ အစိုးရသစ် ရည်ရွယ်ချက်များက မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ထားသည်ထက် ပို၍ အလယ်အလတ်ကျသည် ဆိုလျှင်ပင် အဆိုပါပြဿနာ ၂ ရပ်ကို မဖြေရှင်းနိုင်လျှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအနေဖြင့် စီးပွားရည်မှန်းချက်များကို အောင်မြင်မှု အတိုင်းအတာ တခုအထိရောက်ရှိအောင် ဆောင်ရွက်နိုင်မည် မဟုတ်သည်မှာ သေချာသလောက်နီးပါး ဖြစ်နေသည်။ နိုင်ငံခြား သံတမန်များ၊ ကူညီထောက်ပံ့နေသော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရန်နှင့် အလုပ်တွင်သော ဗျူရိုကရေစီ စနစ်တခုကို တည်ဆောက်ရန် ဖိအားပေးမှုကလည်း အခက်အခဲပင်ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မူလအခြေခံ အားဖြင့် နိုင်ငံရေး ပြဿနာတရပ်ဖြစ်သော်လည်း စီးပွားရေး အကျိုးဆက်များ အတွက်လည်း အဓိက ကျနေသည်။ တိုင်းရင်းသားလူမျိုးစုများ နေထိုင်သည့် နယ်စပ်ဒေသများတွင် သဘာဝအရင်း အ မြစ်များ ထုတ်ယူခြင်းလုပ်ငန်းက ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် နှစ်ပေါင်း ၆၀ နီးပါး တိုက်ခိုက်လျက်ရှိသော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များကို ငွေကြေးအထောက်အပံ့ ပေးနေသည်။ အစိုးရတပ်က ဆင်နွဲနေသည့် တိုက်ပွဲမှာလည်း ကွန်မြုနစ်နှင့် အခြားအဖွဲ့များက အာဏာရယူရန် ကြိုးစားမှုကို တားဆီးခြင်းမျိုး သက်သက်မဟုတ်တော့ပါ။ စစ်တပ်ကလည်း သဘာဝရင်းမြစ်များကို ထိန်းချုပ်ရန် အလားတူ ကြိုးစားနေသည်။ အခြေအနေက သယံဇာတကျိန်စာကြောင့် တောက်လောင်သော ပြည်တွင်းစစ် အနေအထားမျိုး ဖြစ်နေသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် စီးပွားရေးတခြားရှုထောင့်မှာ တိုင်းရင်းသားပြည်နယ်များတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများ ဆောင်ရွက်ရာတွင် စေ့စပ်ညှိနှိုင်းရန် မလွယ်ကူသည့် အမြင်ကွဲပြားမှုများ ဖြစ်သည်။ ၎င်းတို့၏ နေရပ်ဒေသများတွင် အခြေခံ အဆောက်အဦးများ၊ အထူးစီးပွားရေးဇုံများနှင့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် လူများစု ဗမာများက လွှမ်းမိုး ချဲ့ထွင် ခြေကုပ်ယူလာမည်ကို လူနည်းစုတိုင်းရင်းသားများ က စိုးရိမ်နေကြသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရေးသည် အာဖဂန်နစ္စတန်၊ အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရသည်ထက် ပိုမိုလွယ်ကူလိမ့်မည်ဟု ယုံကြည်ထားသူများ အနေဖြင့် အခြေအနေမှန်ကို သိလျှင် တုန်လှုပ်သွား ကြနိုင်ပါသည်။ Brookings Institution ၏ မကြာသေးခင်က ပြုလုပ်ခဲ့သော လေ့လာမှုတခုအရ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို တိုက်ဖျက်ရန် ရည်ရွယ်ချက်ထား၍ အင်တိုက် အားတိုက် ဆောင်ရွက် ခြင်းက အခြား တရားမဝင် စီးပွားရေးလုပ်ငန်းများ ဖြစ်သော သစ်ခိုးထုတ်ခြင်းနှင့် သားရဲတိရစ္ဆာန် တရားမဝင် ကုန်ကူးမှု လုပ်ငန်း များကို လှုံ့ဆော် ဖြစ်ထွန်းလာစေသလို ဖြစ်သွားခဲ့ကြောင်း ရှင်းပြခဲ့သည်။ ငြိမ်းချမ်းရေးဆောင်ရွက်ရာ လမ်းကြောင်းတွင် မူးယစ်ဆေးဝါး လုပ်ငန်း အပေါ် အတိုင်းအတာတခုအထိ ခွင့်ပြုပေးရမည့် မူဝါဒလည်း လိုအပ်ကောင်း လိုအပ်နိုင်သော်လည်း နိုင်ငံတကာမှ လုပ်ဖော်ကိုင်ဖက် အများအပြား၏ ဝေဖန်ပြစ်တင်မှုကို ခံရလိမ့်မည် ဖြစ်သည်။

တိုင်းပြည်၏ စွမ်းဆောင်နိုင်ရည်ကလည်း နောက်တက်လာမည့် NLD ဦးဆောင်သော အစိုးရကို အခက်တွေ့စေနိုင် ပါသည်။ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ လာရောက်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အင်္ဂလိပ်လို ပြောဆိုပြီး သဘောတူခဲ့သည်များ မကြာမီ လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံပြီး ပြန်ထွက်သွားရန်က လွယ်ကူပါသည်။ သို့သော်လည်း လွန်ခဲ့သည့် ၅ နှစ်တာကာလ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ထိုနည်း အလုပ်မဖြစ်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တွင်တော့ များစွာ တိုးတက်လာလိမ့်မည်ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လက်ရှိ ဗျူရိုကရေစီ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးရမည့် အစား အရပ်ဘက်အဖွဲ့အစည်းများ တောင့်တင်းလာအောင်သာ ပိုမိုကူညီနေခဲ့ခြင်းက အခြေအနေကို ဆိုးရွားစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ တာဝန်ယူလိုက်သောအခါ ကွဲပြားခြားနားမှုများ ပြုလုပ်ရန် စိတ်အားထက်သန်နေသည့် နိုင်ငံခြားသားများ နောက်ထပ် အမြောက်အမြား ထပ်မံ ရောက်ရှိလာလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ၎င်း၏ အကြီးဆုံး အကျိုးသက်ရောက်မှုမှာ အကြီးတန်းအရာရှိများ၏ အာရုံစူးစိုက်မှုကို ပျင်းရိငြီးငွေ့မှုမှ အရေးတကြီး အကောင်အထည်ဖော်ရမည့် စီးပွားရေး မူဝါဒများဆီသို့ လမ်းကြောင်း ပြောင်းလဲနိုင်ကောင်းသည်။

အခြေအနေက အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတ ဆူဟာတို အုပ်ချုပ်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်ကြည့်ရန် ဖြစ်လာသည်။ ဗိုလ်ချုပ် ကြီး ဆူဟာတို အာဏာရလာသည့် ၁၉၆၇ ခုနှစ်တွင် အင်ဒိုနီးရှား အစိုးရတွင် စီးပွားရေးမူဝါဒများကို ရေးဆွဲရန်နှင့် အကောင် အထည်ဖော်ရန် စွမ်းဆောင်ရည် မရှိသလောက် နည်းပါးခဲ့သည်။ ယနေ့မြန်မာအစိုးရက ၎င်းတို့ထက် အနည်းငယ်မျှ အခြေအနေ ပိုကောင်းနိုင်ပါသည်။ သို့သော်လည်း နောက် ၅ နှစ်အတွင်း ပြည်သူများ လိုချင်နေသည့် စီးပွားရေး အောင်မြင်မှုများ ရရှိရန် အတွက်ကိုမူ ဝေးလံစွာ သွားရလိမ့်ဦးမည် ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဆူဟာတိုက အင်ဒိုနီးရှားနိုင်ငံအား နှစ် ၂၀ အတွင်း ဝင်ငွေနည်းပါးသည့် နိုင်ငံတခုအဖြစ်မှ ဝင်ငွေ အလယ် အလတ်ရှိသည့် အခြေအနေရောက်အောင် မြှင့်တင်နိုင်ခဲ့သည်။ အတန်အသင့်ရလာအောင် မြင့်တင်နိုင်ခဲ့သည်။ ၎င်းက စီးပွားရေးမူဝါဒနှင့် ပတ်သက်၍ ပညာတတ် စီမံခန့်ခွဲသူများပါဝင်သည့် အဖွဲ့တခုသို့ တာဝန်ခွဲဝေပေးအပ်ခဲ့ပြီး ထိုအဖွဲ့အား ‘Berkeley Mafia’ ဘာကလေမာဖီးယားဟု လူသိများခဲ့သည်။ ထို့ပြင် လက်ညိုးထောင် ခေါင်းညိတ် လွှတ်တော်တခု ပါဝင်သည့် အာဏာရှင် နိုင်ငံရေး စနစ်တခုကိုလည်း သူက ဦးဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ဆူဟာတို၏ သက်တမ်း နောက်ဆုံး ၁၀ နှစ်အတွင်း သူ၏ အစိုးရက အခြားသော အာဏာရှင်များကဲ့သို့ ကိုယ်ကျိုးရှာသည့် စနစ်ဆီသို့ ပြောင်းလဲသွားခဲ့သဖြင့် သူ့ အပေါ် အသိအမှတ်ပြုမှုများ လျော့ပါး ဆုံးရှုံးသွားခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် လူထုက သူ့ကို ဖြုတ်ချခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၌ ဒီမိုကရေစီစနစ် အုပ်ချုပ်မှုသို့ စတင် အသွင်ကူးပြောင်း လာခဲ့သည်။ သို့သော်လည်း စီးပွားရေး အမြင်အရကြည့်မည်ဆိုလျှင် အင်ဒိုနီးရှား၏ ဒီမိုကရေစီတွင် အားနည်းချက် တခု ရှိခဲ့သည်။ အရေးတကြီး လိုအပ်နေသည့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများအတွက် ရွေးကောက်ခံ ပါလီမန်က အတားအဆီး တခု ဖြစ်ခဲ့သည်။ ဥပမာ အစိုးရ၏ စွမ်းအင်ဆိုင်ရာ အစိုးရ ထောက်ပံ့မှုများ လျှော့ချရေး ကိစ္စများတွင် ကိုယ်ရေးကိုယ်တာ အကျိုးစီးပွား ရှိနေသူများနှင့် လူကြိုက်များမှု ရယူလိုသော အမြင်များ၏ ဖိအားကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အရေးတကြီး ဖြေရှင်းရမည့် မေးခွန်းများ၏ အဖြေများက NLD အစိုးရ၏ စီးပွားရေး ရည်မှန်းချက်များ အကောင်အထည်ဖော်မှု အောင်မြင်မည် မအောင်မြင် ဆိုသည်ကို ဆုံးဖြတ်သွားပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရက နိုင်ငံ၏ စီးပွားရေးကို စီမံခန့်ခွဲရေးအတွက် လုပ်ပိုင်ခွင့်ပေးနိုင်သည့် ခိုင်မာသော စီးပွားရေးပညာရှင်များအဖွဲ့တဖွဲ့ကို ရှာတွေ့နိုင်မည်လား။ မြန်မာနိုင်ငံတွင် အသစ်ရွေးချယ်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များကလည်း သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် သူတို့ကို ထောက်ပံ့နေသည့် ချမ်းသာသူများ၏ အကျိုးစီးပွားအစား အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်ကြမည်လား။ နိုင်ငံတကာ အသိုင်းအဝိုင်းက ခက်ခဲသော အရေးကိစ္စများကို ကိုင်တွယ်နိုင်ရန် မြန်မာနိုင်ငံမှ ဝန်ကြီးများနှင့် ညွှန်ကြားရေးချုပ် များကို အချိန်ပေးခြင်း အားပေးခြင်းများ ပြုလုပ်ကြမည်လား။

ဝမ်းနည်းစရာကောင်းသည်မှာ ပြီးခဲ့သည့် နှစ်၂၀ ကာလအတွင်း ကမ္ဘာ့ အတွေ့အကြုံများကလည်း အားတက်စရာ မရှိဘဲ ဖြစ်နေသည်။ ကံမကောင်း အကြောင်းမလှခဲ့လျှင် NLD အစိုးရ၏ စီးပွားရေး ရည်မှန်းချက်များက ပေါက်မြောက်နိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် နည်းလမ်းများကြောင့်ပင်။ နိုင်ငံတော်အဖွဲ့အစည်းများ အလုပ်မဖြစ်သောကြောင့် ဖြစ်သည်။

(Lex Rieffel ၏ Can the NLD reform Myanmar’s economy? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ လက်စ်ရီဖဲလ်သည် ဝါရှင်တန် အခြေစိုက် The Brookings Institution ၏ ပြင်ပ အကြီးတန်း ပညာရှင် တယောက်ဖြစ်ပါ သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading