၅၉ (စ) နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခြေများ

အောင်ဇော်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မတ်လအကုန် ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး အစိုးရတရပ် ဖွဲ့စည်းတော့မယ်။ ပေါက်ကောင် မဖွင့်သေး၊ ဂဏန်းတွေက မငြိမ်သေးပါ။

တချိန်တည်း သမ္မတ ဦးသိန်းစိန် အမေရိကန်မှာ US – ASEAN ထိပ်သီးအစည်းအဝေးကို မသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အရွေ့ အပြောင်းအလဲမှာ သူကိုယ်တိုင်ရှိနေရမယ့် သဘော၊ နောက်ကို ထိန်းရမယ့် သဘောမျိုး အစိုးရ ပြောရေးဆိုခွင့် ရှိသူတွေက ပြောသွားခဲ့တယ်။ နုတ်ထွက်မယ့် အစိုးရဝန်ကြီးတချို့၊ ပုဂ္ဂိုလ်တချို့ မခံစားနိုင်ဘဲ ပွဲပျက်အောင် လုပ်ဖို့ ပြောတဲ့စကားသံတွေ၊ ခြိမ်းခြောက်သံတွေကလည်း ဆိုရှယ်မီဒီယာမှာ တွေ့နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို တားဆီးထားတဲ့ ၅၉ (စ) ကို ဆိုင်းငံ့မလား၊ ပြန်လည် ပြင်ဆင်မလား။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမလား။ သူ မဟုတ်ခဲ့ရင် ဘယ်သူ့ကို သမ္မတအဖြစ် တင်မလဲ။  တပ်မတော်ဘက်က စာရင်းတင်မယ့် ဒုတိယသမ္မတ ဘယ်သူဖြစ်နိုင်သလဲ စတဲ့မေးခွန်းတွေက သံတမန် အသိုင်းအဝိုင်း ကြားမှာရော ပြည်သူလူထု ကြားထဲမှာပါ စိတ်ဝင်တစား မေးနေကြတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

၅၉ (စ) ကို ပြင်ဖို့၊ အခြေခံဥပဒေကို ပိုပြီး ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေအဖြစ် ပြင်ဆင်ဖို့ လိုတော့လိုတာ အမှန်။ ဒါပေမယ့် ဒီလိုပြင်ဖို့၊ ဒါမှမဟုတ် ဆိုင်းငံ့ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း တပ်မတော်ဘက်က အသံထုတ်ထားပြီး ဖြစ်တယ်။

တကယ်လက်တွေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်သာလျှင် သမ္မတဖြစ်သင့်ပါတယ်။ သူသာ ပါတီခေါင်းဆောင် ဖြစ်သလို ပြည်သူလူထုက လေးစားချစ်ခင် ကြည်ညိုတဲ့ နိုင်ငံတော်ခေါင်းဆောင် ဖြစ်တယ်။ မြန်မာပြည်တွင်းမှာသာမက နိုင်ငံတကာ အထိပါ ဂုဏ်ဒြပ်များစွာနဲ့ ကျော်စောတဲ့ ခေါင်းဆောင်တဦး ဖြစ်တယ်။

အခြေခံ ဥပဒေ အဆိုအရ ၅၉ (စ) ကို ပြင်ဖို့ဆို လူထုဆန္ဒခံယူပွဲ လုပ်ရမယ်။ လွှတ်တော်မှာ ဆွေးနွေးရမယ်။ တပ်ချုပ် တဦးတည်းလည်း မဆုံးဖြတ်နိုင်ပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေးက အစကောင်းခဲ့တယ်၊ နွေးထွေးနေဆဲ ဖြစ်တယ်လို့ ယူဆရတယ်။ ဒါပေမယ့် တပ်ထဲက ခေါင်းဆောင်ပိုင်းမှာတော့ သဘောထားအမြင်တွေ ကွဲလွဲနေကြပြီလို့ မြင်တယ်။ တပ်ချုပ် ၅၉ (စ) ကို ပြင်ဆင်ခွင့် အာဏာမရှိတဲ့ အနေအထားမှာ လွှတ်တော်ထဲ ၂၅ ရာခိုင်နှုန်း ယူထားတဲ့ တပ်မတော် ကိုယ်စားလှယ်တွေရဲ့ ရပ်တည်ချက် အနေအထားက အရေးကြီးတယ်။

၅၉ (စ)  ပြင်ဆင်ရေးကို မီဒီယာများက ရေးနေ၊ ပြောနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက သိပ်မပြောပါ။ အကောင်းမြင် သတင်းတစွန်းတစကိုတော့ ထုတ်ပေးတယ်။
ဒေါ်အောင်ဆန်းစုကြည်က ၅၉ (စ) အတားအဆီးကို မြင်တာကြောင့် သမ္မတအထက်မှာ ရှိနေမယ်ဆိုတဲ့ စကားကို ရည်ရွယ်ချက်ရှိရှိ  လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်တယ်။

သီအိုရီတခုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိသေးရင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် တဦး ယာယီသမ္မတ အဖြစ် တင်မြှောက်ပြီး သူက တပ်မတော်ဘက်ကရော ပြည်သူ လူထုဘက်ကပါ လက်ခံသူ တဦး ဖြစ်မယ်ဆိုတယ်။ အဲဒီလို အရည်အချင်းနဲ့ ပြည့်စုံသူကို ရှာကြည့်လိုက်ရင် NLD ပါတီကို တည်ထောင်ခဲ့သူ နာယက သူရဦးတင်ဦး ဖြစ်နိုင်တယ်။ တပ်မတော်မှာလည်း ကာကွယ်ရေးဦးစီး ချုပ်ရာထူးကို ရခဲ့သူဖြစ်ပြီး အများပြည်သူလည်း လေးစားကြည်ညိုခြင်း ခံရသူတဦး ဖြစ်တယ်။ မြန်မာ့ ဒီမိုကရေစီ အရေးမှာ ၁၉၈၈ ကတည်းက မမှိတ်မသုန် ပါခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း တဦး ဖြစ်တယ်။

ဦးတင်ဦးကို ယာယီ သမ္မတအဖြစ် ခန့်ထားချိန်မှာ ၅၉ (စ) ကိုပြင်ဆင်ရေး လွှတ်တော်မှာ ဆွေးနွေး၊ လူထုဆန္ဒခံယူပွဲ ပြုလုပ်၊ နောက် အတည်ပြုပြီးချိန်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ဖွယ်ရာ ရှိပါတယ်။ အသက်အရွယ်အရ ဦးတင်ဦး သမ္မတ မလုပ်ချင်ဘူးဆိုရင်လည်း ဦးထင်ကျော် (ကွယ်လွန်သူ မြန်မာစာဆိုကြီး ဆရာကြီး မင်းသုဝဏ်ရဲ့ သား) ရှိသေးတယ်လို့ နိုင်ငံရေး အကဲခတ်အသိုင်းအဝိုင်းက ထင်ကြေးပေးကြတယ်။

ဒါကြောင့် ပထမအဆင့်မှာ ဦးတင်ဦး သို့မဟုတ် ဦးထင်ကျော် ယာယီ သမ္မတ၊ နောက်တဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတအဖြစ် အစိုးရ ပထမ သက်တမ်းမှာ ဖြစ်သွားနိုင်ပါတယ်။ ဒါကပဲ မြန်မာ့နိုင်ငံရေးကို အကောင်းမြင်တဲ့ သဘောနဲ့ လက်တွေ့ကျနိုင်မယ့်ဘက်က ချဉ်းကပ်ထားတဲ့ အဖြေထုတ်ချက်ပဲ ဖြစ်ပါတော့တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading