မြန်မာနိုင်ငံမှာ အစိုးရကျောင်းများအပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ဘ/က ကျောင်းများ၊ပရဟိတသမားများ သင်ကြားပေးနေတဲ့ လမ်းဘေးစာသင်ဝိုင်းများ စသဖြင့် ရှိနေပါတယ်။ အစိုးရက မူလတန်းပညာရေး အခမဲ့ အစီအစဉ်များ ဖော်ဆောင်နေပေမယ့် ကျောင်းနေအရွယ် ကလေးများကို စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များမှာ အလုပ်လုပ်နေတာ တွေ့နေရဆဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်များမှာ အလုပ်လုပ်နေကြတဲ့ ကလေးသူငယ်များကို အဓိကထား ပညာ သင်ကြားပေး နေတဲ့ Myme (Myanmar Mobile Education Project) မြန်မာရွေ့လျား ပညာသင်ကြားရေး အဖွဲ့မှ သင်ကြားရေးဆရာ တယောက်ဖြစ်တဲ့ ကိုသောဝေထူးကို ဧရာဝတီသတင်းဌာနမှ ကော်ပီအယ်ဒီတာ K ငြိမ်းချမ်းက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။ ။ အဖွဲ့အစည်း အမည်၊ ရည်ရွယ်ချက်၊ စတင်သင်ကြားခဲ့တဲ့နှစ်ကို ပြောပြပေးပါ။
ဖြေ ။ ။ ကျနော်တို့ အဖွဲ့အမည်ကတော့ Myme Project ပါ။ အရှည်ကတော့ Myanmar Moblile Education ပါ။ အဓိကက တော့ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကလေးတွေ၊ ပြီးတော့ ရပ်ကွက်ထဲမှာရှိတဲ့ အရမ်းနွမ်းပါးတဲ့ ကလေးတွေပေါ့။ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်တဲ့ ကလေးလေးတွေ ကြည့်ရင် သူတို့မှာ တနေလုံးနီးနီး အလုပ်လုပ်နေရတော့ သင်ယူဖို့ အခွင့်အရေးမရှိဘူး။
အဓိကကတော့ လက်ဖက်ရည်ဆိုင်က ကလေးတွေကို ကူညီချင်တယ်။ တဖက်တလမ်းကနေ သူတို့ ဘဝကို ဒီထက်ပို ကောင်းမွန်စေချင်တယ်။ အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်တဲ့ ပညာရပ်တခုခုကို ပေးချင်တယ်။ အဲဒီလိုမျိုးနဲ့ စခဲ့တာပေါ့။ ၂၀၁၄ က စခဲ့တာ ၂ နှစ်ရှိပါပြီ။ နယူးယောက်မှာရှိတဲ့ လူတချို့နဲ့ မြန်မာပြည်က လူနည်းနည်း စခဲ့တာပါ။ စတည်ထောင်သူက အဓိက ဦးတင်မောင်အေးပါ။ သူက နယူးယောက်မှာ အလုပ်လုပ်နေရင်း ပြန်လာတော့ ဒီကလေးတွေကို တွေ့သွားရာက နယူးယောက်က သူ့သူငယ်ချင်းတွေနဲ့ စတင် စုပေါင်းမတည်ပြီး ဒီအဖွဲ့အစည်းလေး စတင်ဖြစ်တယ်။ လာလှူတဲ့သူတွေ လည်း ရှိပါတယ်။
မေး ။ ။ ဒီအဖွဲ့အစည်းမှာရော သင်ကြားပေးနေတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်ဘာသာရပ်တွေ သင်ကြား ပေးရလဲ။
ဖြေ ။ ။ ကျနော်က တနှစ်ကျော်ကျော် ရှိပါပြီ။ ကျန်းမာရေး သင်ကြားပေးတယ်။ အစုံကို သင်ရပါတယ်။ ဒီတတန်းမှာ ကျန်းမာရေး သင်ပြီးရင် နောက်တတန်းမှာ Life skill လည်း သင်ရပါတယ်။ None formal education နဲ့ သွားတာပေါ့။ ကျနော်တို့ဖာသာ ကိုယ်ပိုင် Course Planထုတ်လိုက်တယ်။ ၆ လ Course တွေ ရှိမယ် ၃ လ Course တွေ ရှိမယ်။ NFEက ဆရာတွေနဲ့ ပြန်ဆွေးနွေးပေါင်းစည်းပြီး ကလေးတွေနဲ့ လက်တွေ့အကျဆုံး Course Plan တွေဆွဲလိုက်တယ်။ အဲ့ဒီ Course pLan တွေထဲကမှ Lesson plan တွေ ပြန်ထုတ်ပြီးတော့ Course တခုအနေနဲ့ သွားတယ်။ အခု သင်နေတဲ့ ကလေးတွေ ဆိုရင် ၆ လ Course ပေါ့။ ကျန်းမာရေးဆိုရင် ခေါင်းစဉ် ၂၄ ခုရှိရင် တပတ်တခုနဲ့ သင်ကြားပေးတယ်။ စာမေးပွဲအနေနဲ့ သီးသန့် မရှိဘူး။ သူတို့ကို Assigment လုပ်ပေးတယ်။ ကျနော်တို့ ပြောပြတာလေးတွေ သူတို့ရ မရ Assignment လေးတွေလုပ် ပေးပါတယ်။
မေး ။ ။ ရန်ကုန်မြို့နယ်အတွင်း ဘယ်လိုစီမံမှုတွေနဲ့ သင်ကြားပြသပေးနေပါသလဲ။
ဖြေ ။ ။ ဘယ်လိုစီမံသလဲ ဆိုတော့ နောက်ပိုင်းမှာ တယ်လီနော ကုမ္ပဏီက လာဆက်သွယ်တယ်။ တယ်လီနောက Branded ပေးထားတဲ့ဆိုင်တွေ။ ကျနော်တို့ ပထမ ရည်ရွယ်ထားတာက လက်ဖက်ရည်ဆိုင်တွေ အကုန်လုံးနီးပါး ရည်ရွယ်ထားပေမယ့် တယ်လီနောက ကျနော်တို့ကို ကမ်းလှမ်းတယ်။ ကျနော်တို့နဲ့ တယ်လီနောက လက်တွဲ အလုပ်လုပ်ချင်တယ်လို့။ သူတို့ Branded ပေးထားတဲ့ ဆိုင်တွေဆို သူတို့ကတဆင့် ပြောပေးတယ်။ ကျနော်တို့ ဘက်ကလည်း ဝင်ပြီးပြောတယ်။ စတည် ထောင်ကာစဆိုတော့ အဆင်ပြေသလို သွားရတယ်။ ခုလောလောဆယ် မြောက်ဥက္ကလာ ထဲမှာဆိုရင် ခေမာသီလမ်းက ဆိုင်ရယ်၊ ခြောက်ကွေ့က ဆိုင်ရယ်ရှိမယ်။ နောက် မင်္ဂလာဒုံ ဘက်မှာရှိတယ်။ မြို့ထဲဘက်မှာဆို သမ္မတရုပ်ရှင်ရုံ၊ နောက် တိရစ္ဆာန် ဥယျာဉ်ဘက်တွေ။ တောင်ဥက္ကလာမှာ ရှိတယ်။ အရှေ့ဒဂုံထဲမှာ ရှိတယ်။ အစုံတော့ သွားနေတယ်။ ကျနော်တို့ လက်ဖက်ရည်ဆိုင် အနှံ့တော့ မသွားနိုင်သေးပါဘူး။ လာမယ့်နှစ်မှာတော့ လက်ဖက်ရည်ဆိုင်တွေကို Target ထား ထပ်တိုး ချဲ့ သွားဖို့ရှိပါတယ်။
မေး ။ ။ အဖွဲ့မှာ သင်ကြားပေးနေတဲ့ ဆရာ/ဆရာမဦးရေ ဘယ်နှယောက်လောက်ရှိလဲ။
ဖြေ ။ ။ ကျနော်တို့မှာတော့ လောလောဆယ် အချိန်ပြည့်ရယ်၊ အချိန်ပိုင်းရယ် ဆရာ/ဆရာမ ဝန်ထမ်း ၂၀၊ ၂၅ လောက် ရှိပါတယ်။
မေး ။ ။ တမြို့နယ်၊ တနေရာမှာ အချိန် ဘယ်လောက်ကြာကြာ သင်ကြားပေးသလဲ။
ဖြေ ။ ။ ပုံမှန်အားဖြင့်တော့ တနာရီ၊ တနာရီခွဲပေါ့။ စာသင်ချိန်တချိန်ကို တနာရီခွဲထိ ယူတယ်။ တနာရီခွဲဆိုတဲ့ အချိန်က တကယ်တော့ အရမ်းနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက တနေ့လုံးလုံးနီးပါး အလုပ်လုပ်နေရတယ်။ ဒီလို ဆိုင်မျိုးဆို ၂၄ နာရီဆိုင်ဖွင့်တော့ အဆိုင်းတွေနဲ့ အလုပ်လုပ်ရတယ်။ ဒီတနာရီခွဲထက် ပိုယူလို့လည်း အဆင်မပြေဘူးလေ။ ကျနော်တို့မှာ အဓိကရင်ဆိုင်ရတဲ့ ပြဿနာက ဒီလိုသင်ကြားပေးနေတဲ့ အချိန်မှာ သူတို့ ဘာတွေ ရသွားနိုင်မလဲပေါ့။ စိန်ခေါ်မှု တရပ်က သူတို့ စိတ်ဝင်စားအောင် သင်ဖို့ ကျနော်တို့မှာ နည်းနည်း အခက်အခဲရှိတယ်။ အခု ဒီလိုဆိုင်မျိုးဆို ကျနော်တို့ကို အချိန် တနာရီပဲပေးတယ်။ ဆိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး တနာရီပဲ အချိန်ပေးရင် တနာရီပဲ သင်ရတယ်။
မေး ။ ။ ကျောင်းစာတွေအပြင် ကလေးတွေကို ဘယ်ဘာသာရပ်တွေ သင်ကြားပေးပါသလဲ။
ဖြေ ။ ။ အဓိက ဘာ ဘာသာရပ်တွေ သင်ကြားသလဲဆိုတော့ Level တွေ ခွဲထားတာရှိတယ်။ တချို့ ကလေးတွေကျတော့ ကျောင်းနေခဲ့ဖူးတယ်။ တချို့ဆို လေးတန်း၊ ငါးတန်းအထိ နေခဲ့ဖူးတယ်။ တချို့တွေကျ ကျောင်းလုံး ဝမနေဖူးဘူး။ ကျောင်းဆိုတာ ဘာမှန်းမသိဘူး။ ကျနော်တို့အနေနဲ့ Level ဘယ်လို ခွဲသလဲဆိုတော့ Beginner Level, ပြီးတော့ Level 1 ဆိုပြီးတော့။ Beginner Levelမှာ အဓိက ဘာသင်ပေးလဲဆိုတော့ အသုံးလုံးပုံစံပေါ့။ ကျောင်းပြင်ပ ပညာရေး သင်ကြားရေး စနစ်ပုံစံမျိုး ဖြစ်သွားတာပေါ့။ သူတို့ကို အခြေခံ အရေးtဖတ် သင်ပေးတယ်။ တချို့က ကိုယ့်နာမည်ကိုယ် မရေးတတ်ဘူး။ ABC ဘာမှန်း မသိဘူး။ အင်္ဂလိပ်စာဆိုလည်း အေဘီစီ အခြေခံက စပြီး သင်ပေးတယ်။
မြန်မာစာဆိုလည်း ရေးတတ်ဖတ်တတ်အောင်၊ ပြီးတော့ ကျန်းမာရေး သင်ပေးတယ်။ သူတို့ တကိုယ်ရည် သန့်ရှင်းမှုရှိဖို့ရယ်၊ ပတ်ဝန်းကျင် သန့်ရှင်းမှုရှိဖို့ရယ်။ ဒီလောက်ပါပဲ။ တချို့ကလေးတွေကျ Beginner ကနေ Level1တက်လာတာရှိတယ်။ တချို့တွေကျ ငါးတန်း၊ ခြောက်တန်းလောက် အောင်ထားတော့ ရေးတတ်ဖတ်တတ်တယ်။ ဒါဆို သူတို့ကို Level1 ပို့ပေးလို့ ရတယ်။
Level 1 မှာဘာသင်လဲဆိုတော့ ကျန်းမာရေးပေါ့။ ကျန်းမာရေးက အဆင့်မြင့်သွားမယ်။ ရောဂါတွေအကြောင်း ပါလာမယ်။ ရောဂါတွေ ဘယ်လို ကာကွယ်ရမလဲ ဆိုတာပါလာမယ်။ ပြီးတော့ အခြေခံအင်္ဂလိပ်စာကို အတိုင်းအတာတခုအထိ ရသွားဖို့ ရည်ရွယ်တယ်။ နောက်တခုက ဘာလဲဆိုတော့ Life skill ဆိုတဲ့ ဘဝအတွက်အတာ။ လွယ်လွယ် ပြောမယ်ဆိုရင်တော့ လူမှုပေါင်းသင်း ဆက်ဆံရေးပေါ့။ လူတွေနဲ့ဘယ်လို ပေါင်းသင်းဆက်ဆံရမယ်။ လူပတ်ဝန်းကျင်မှာ ပြဿနာတွေ ဖြစ်လာတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့ဘဝမှာ လက်တွေ့ အသုံးချလို့ ရမယ်ဟာတွေပေါ့။ အင်္ဂလိပ်စာဆိုရင် နောက်ထပ် Levelတွေ တက်ဖို့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ သင်ကြားဖို့ အင်္ဂလိပ်စာဟာ မရှိမဖြစ် လိုအပ်လာမယ်။
Level1 အောင်လို့ Level 2 ရောက်တဲ့အခါ ကွန်ပျူတာနဲ့ အခြေခံ အင်္ဂလိပ်စာသင်တယ်။ နောက် သူတို့ ဘာစိတ်ဝင်စားလဲ။ ဘာဖြစ်ချင်လဲကို ကြည့်ပြီးတော့ သင်တန်းတွေပို့ဖို့ အစီအစဉ်တွေ ရှိပါတယ်။ အခုထိတော့ Level 2 ရောက်တဲ့ ကျောင်းသားက မများသေးပါဘူး။ အခုထိတော့ ၁၄-၅ ယောက်လောက်ပဲရှိသေးတယ်။
မေး ။ ။ ရန်ကုန်တမြို့လုံး စာသင်ပေးနေတဲ့ဦးရေ ဘယ်လောက်လောက် ရှိနေပြီလဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့ နှစ်ထဲမှာဆိုရင် ဦးရေ ၇၀၀ လောက်ရှိပါတယ်။
မေး ။ ။ သင်ကြားပေးနေတဲ့ ကလေးတွေက အသက်ရွယ်အားဖြင့် ဘယ်အရွယ်တွေများလဲ။
ဖြေ ။ ။ အသက်အရွယ်အားဖြင့် အစုံရှိပါတယ်။ လက်ဖက်ရည်ဆိုင် လုပ်နေကြတော့ တတန်းတည်းတော့ မဖြစ်နိုင်ကြဘူးလေ။ သူတို့ကို အတန်းခွဲတဲ့နေရာမှာ နည်းနည်းတော့ ဒုက္ခရောက်တယ်။ အသက်အရွယ်အားဖြင့် အရမ်းစုံတယ်။ ဘ/က ကျောင်းတွေမှာဆို ၇ နှစ်၊ ၈ နှစ်အရွယ်တွေလည်း ရှိတယ်။ လက်ဖက်ရည်ဆိုင်တွေမှာကျ (အသက်) ၃၀ နီးပါးအထိ ရှိတယ်။ ပျမ်းမျှအား ဖြင့် ၇ နှစ်ကနေ ၃၀ ထိရှိပါတယ်။
မေး ။ ။ သင်ကြားမှု ပေးနေတဲ့အပေါ် ဆိုင်ပိုင်ရှင်တွေနဲ့ ညှိနှိုင်းခဲ့ရတာတွေ ရှိလား။ ဘာအခက်အခဲတွေရှိလဲ။
ဖြေ ။ ။ အခက်အခဲတွေကတော့ ရှိပါတယ်။ ဆိုင်ပိုင်ရှင်တွေနဲ့ ညှိနှိုင်းခဲ့ရမှာ အခက်ခဲတွေရှိပါတယ်။ တချို့ ဆိုင်ပိုင်ရှင်တွေကျ မသင်စေချင်တာတော့ မဟုတ်ဘူး။ အချိန် မပေးနိုင်တာမျိုးတွေ ရှိတယ်။ တချို့ ဆိုင်ပိုင်ရှင်တွေကျလည်း အရမ်းကို ကြည်ကြည်ဖြူဖြူပါပဲ။ နောက်ပိုင်း တယ်လီနောနဲ့ ချိတ်ဆက်မိတော့ တယ်လီနော Branded ပေးထားတဲ့ ဆိုင်တွေကို တယ်လီနောကလည်း ဝိုင်းပြောပေးပါတယ်။ တယ်လီနော မဟုတ်တဲ့ ဆိုင်တွေသွားတဲ့အခါ နည်းနည်း ညှိနှိုင်းပြောဆိုရတာတွေ ရှိတယ်။
မေး ။ ။ တခြား ဘယ်မြို့တွေမှာရော သင်ကြားပေးနေပါသလဲ။
ဖြေ ။ ။ မန္တလေးမှာလည်းရှိပါတယ်။ Myme နာမည်နဲ့ အခွဲရှိပါတယ်။
မေး ။ ။ မကြာခင် တက်လာတော့မယ့် NLDအစိုးရအသစ်အပေါ် ပညာရေးနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါလဲ။
ဖြေ ။ ။ အရင်က ပညာရေးနဲ့ ပတ်သက်ပြီး ခေါင်းမလှည့်နိုင်သေးတာ တွေ့ရတယ်။ အခု တက်လာမယ့် အစိုးရကိုပြောချင်တာ ပညာရေးပိုင်းကို အဓိကထား လုပ်စေချင်ပါတယ်။ ပညာရေးဟာ တိုင်းပြည်ရဲ့ ဦးနှောက်ပဲ။ ပညာရေးမကောင်းရင် တိုင်းပြည်ဟာ ဖရိုဖရဲဖြစ်နေဦးမှာပဲ။ သူများနိုင်ငံတွေနဲ့စာရင် ပညာရေးဟာ အများကြီး နောက်ကျကျန်ခဲ့တယ်။ အစိုးရသစ် တက်လာတော့ ပညာရေးကို ဇောင်းပေးလုပ်မယ်လို့ မျှော်လင့်တာပေါ့။
(Myme ရဲ့ လိပ်စာကတော့ ဦးဘကျော်လမ်း၊ ခြံအမှတ် (၇) တာမွေလေး၊ တာမွေမြို့နယ်၊ ရန်ကုန်။ ဖုန်းနံပါတ်က ၀၉ ၇၉၅၇ ၈၄၃၇၈။ www.mymeproject.org)