၂၀၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရဲနှင့် ထောက်လှမ်းရေး အရာရှိများကို အကျင့်ပျက် ခြစားမှု အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဆိုသော ကောလဟာလများ ရန်ကုန်မြို့တွင် ပျံ့နှံ ခဲ့ သည်။ အဆိုပါ ကောလဟာလမှာ အမှန်သာဖြစ်ခဲ့လျှင် နေပြည်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ်တည်ထောင်မည့်အချိန်တွင် တိုင်းပြည်၏ အဓိက အစိတ်အပိုင်းများကြား၌ ဆက်ဆံရေး မချောမွေ့မှုများ ရှိနိုင်ကြောင်း အချိန်ကိုက် သတိပေးလိုက်ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၅ နှစ်က မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် သမ္မတဦးသိန်းစိန်၏ ထောက်ပံ့မှုများ အပြည့်အ၀ ရရှိခဲ့ပါသည်။ အဓိက အနေဖြင့် ၎င်းအဖွဲ့အစည်းများကို အဆင့်မြင့်တင်ရန်နှင့် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အကူအညီပေးခြင်း ဖြစ်ပါသည်။ အဖွဲ့အစည်း၂ခုစလုံး၏ တည်ဆောက်ပုံများကို ပြန်လည် ပြုပြင်မွန်းမံခြင်း၊ လက်နက်နှင့် ပစ္စည်းအသစ်များ တပ်ဆင်ပေးခြင်းနှင့် လူထုဆက်ဆံရေး လှုပ်ရှားမှုများမှတဆင့် လူထုဆီမှ လေးစားမှု ပြန်လည်ရရှိရန် အားထုတ်မှုများ ဆောင်ရွက်ခဲ့သည်။
တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမှ တဆင့်ချင်း ပြန်ဆုတ်သွားခဲ့ပြီး နယ်မြေ ကာကွယ်ရေးကို ပိုမိုဦးစားပေးလာခဲ့သည်။ အရွယ်အစား သေးငယ်သွားသော်လည်း ပိုမို၍ စွမ်းဆောင်ရည်ကောင်းသော၊ ပရော်ဖက်ရှင်နယ် ပိုဆန်သော၊ နိုင်ငံတကာနှင့် ဆက်သွယ်မှု ပိုကောင်းမွန်သော အဖွဲ့အစည်းတခု ဖြစ်ရန် ၎င်းတို့က ရည်ရွယ်ထားသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကမူ ပြည်သူ့လုံခြုံရေး ဆောင်ရွက်မှုများ တိုးတက်မြင့်မားလာအောင် အားထုတ်မှုတခု အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ၈၀၀၀၀ မှ ၁၅၅၀၀၀ အထိ တိုးချဲ့သွားရန် အစီအစဉ်ရှိပါသည်။ ထို့ပြင် လူအခွင့်အရေး၊ လှုမှုအသိုင်းအဝိုင်းကို စောင့်ရှောက်ရေးနှင့် လူစု လူဝေးများကို ခေတ်သစ်နည်းလမ်းဖြင့် ထိန်းချုပ်ခြင်း စသည်တို့ကို နိုင်ငံခြား အကူအညီဖြင့် သင်တန်းပေးခဲ့သည်။
မြန်မာနယ်စပ်ဒေသ ဧရိယာများကို ကင်းလှည့်ခြင်း၊ လက်နက်ကိုင် တော်လှန်သူများကို တိုက်ခိုက်ချေမှုန်းခြင်းနှင့် ပြည်တွင်း မငြိမ်သက်မှုများကို နှိမ်နင်းရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့သည် အမြဲအတူ လက်တွဲလုပ်ခဲ့သည်။ ထောက်လှမ်းရေး လုပ်ငန်းများအတွက်လည်း တပ်မတော်အဖွဲ့အစည်းများက သတင်းတပ်ဖွဲ့ (SB)၊ စ သုံးလုံးခေါ် အထူး စုံစမ်းစစ်ဆေးရေး ဌာန(BSI) တို့နှင့် ပူးပေါင်း၍ အချက်အလက်များ မျှဝေသုံးစွဲခဲ့ကြသည်။ သို့သော်လည်း တပ်မတော်နှင့် ရဲတပ်ဖွဲ့အကြား ပြိုင်ဆိုင်မှုများ အမြဲတမ်းရှိခဲ့ပြီး တခါတရံ ပြဿနာများ ဖြစ်ပွားခဲ့သည်။
၁၉၄၈ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဦးနု၏ အစိုးရက ရဲတပ်ဖွဲ့ ၂ ခုကို ဖွဲ့စည်းခဲ့သည်။ တခုမှာ သာမန် ရဲလုပ်ငန်းများ ဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဖြစ်ပြီး အခြားတခုမှာ ပြည်ထောင်စုစစ်ရဲတပ်ဖွဲ့ (Union Military Police – UMP) ဖြစ်သည်။ တပ်တွင်း ပုန်ကန်မှုများ၊ အစိုးရနှင့် နိုင်ငံရေးသဘောတရား မတူညီသူတို့၏ တော်လှန်မှုများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်နက်ကိုင် ဓားပြများ စသည့် လက်နက်ကိုင်တိုက်ခိုက်ရမည့် ကိစ္စရပ်များတွင် UMP က ကူညီရပါသည်။
UMP သည် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အနေအထားနှင့် အရင်းအမြစ် ရှားပါးမှုများကြောင့် အမြဲတမ်း အပြိုင်အဆိုင် ဖြစ်ခဲ့ရသည်။ ကြီးကြပ်သည့် ဝန်ကြီးကလည်း တယောက်စီ ဖြစ်နေသည့် အတွက် ၎င်းတို့ကြား ဆက်ဆံရေးမှာ ရှုပ်ထွေးနေခဲ့သည်။ ဝန်ကြီးများမှာလည်း နိုင်ငံရေးအာဏာအတွက် အချင်းချင်း ပြိုင်ဘက်အဖြစ် သတ်မှတ်ထားကြသူများ ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးက UMP တပ်ဖွဲ့များကို ရန်ကုန်သို့ချီတက်ရန် အမိန့်ပေးခဲ့သည်။ အာဏာသိမ်းမှုကို ဟန့်တားရန်ဟု သူက ပြောကြားခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီးနှင့် ပုဂ္ဂိုလ်ရေး သဘောထား ကွဲလွဲမှုများကို ဖြေရှင်းရန် ဖြစ်နိုင်သည်။
ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်က မြန်မာနိုင်ငံ၏ တခုတည်းသော ကာကွယ်ရေးတပ်ဖွဲ့တခုအဖြစ် ရှိမနေခြင်းအတွက် အမြဲတမ်း မကျေမနပ် ဖြစ်ခဲ့ရသည်။ ၁၉၅၈ ခုနှစ်မှ စ၍ ၎င်း၏ အိမ်စောင့်အစိုးရက မြန်မာနိုင်ငံကို ၂ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် အချိန်တွင် UMP အား ပြည်စောင့်ရဲတပ်ဖွဲ့ ဟု အမည်ပြောင်းခဲ့ပြီး စစ်တပ်အရာရှိများကို ထည့်သွင်း ဖွဲ့စည်းခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များကိုလည်း စစ်တပ်ပုံစံအတိုင်း စစ်သင်တန်းများ တက်ရောက်ရန် အမိန့်ထုတ်ခဲ့ပြီး ရဲအဖွဲ့ဝင် အရေအတွက်ကိုလည်း လျှော့ချခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းက အစိုးရ အာဏာသိမ်းယူလိုက်ပြီးနောက် UMP ကို စစ်တပ်ထဲသို့ ထည့်သွင်းခဲ့သည်။ ၁၉၆၄ ခုနှစ် တွင် ရိုးရိုးရဲတပ်ဖွဲ့ကို စစ်တပ်ပုံစံ ဖွဲ့စည်းပုံဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ (People’s Police Force – PPF) အဖြစ် ပြန်လည် တည်ထောင်ခဲ့သည်။ စစ်တပ်အရာရှိများကို အကြီးတန်းရဲအရာရှိ ရာထူးများသို့ ခန့်အပ်ခဲ့သည်။ နောက်ထပ် နှစ် ၂၀ ကြာအောင် ပြည်သူ့ရဲတပ်ဖွဲ့သည် တပ်မတော်၏ ညီငယ်သဖွယ် ရပ်တည်နေခဲ့ရသည်။ ငွေကြေးထောက်ပံ့မှုနှင့် လက်နက် ကိရိယာများ ဦးစားပေးခံရမှု နိမ့်ကျနေခဲ့ရသည်။
သို့ဖြင့် ပြည်သူ့ရဲတပ်ဖွဲ့သည် လာဘ်ပေးလာဘ်ယူနှင့် စွမ်းဆောင်ရည် အားနည်းမှုများဖြင့် ကျော်ကြားခဲ့တော့သည်။ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သာ ရဲတပ်ဖွဲ့၏ လက်အောက်ခံ လုံခြုံမှုထိန်းသိမ်းရေးတပ်ဖွဲ့ (လုံထိန်း) သည် နောက်ပိုင်းတွင် မောက်မာခြင်း၊ လူမဆန်ခြင်းများ တို့ကြောင့် လူသိများလာပါသည်။ ထို့ပြင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ဆန္ဒပြပွဲများတွင်လည်း ၎င်းအဖွဲ့က တပ်မတော် တပ်ဖွဲ့များထက်ပင် ပို၍ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့သည်။
စစ်အစိုးရအုပ်ချုပ်ရေးနောက်ပိုင်း ရဲတပ်ဖွဲ့ကို ထောက်ပံ့မှုများ ပိုမိုပြုလုပ်လာပြီး အဆင့်အတန်းကိုမြှင့်တင်နိုင်ရန် ကြိုးစားခဲ့သည်။ အမည်ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (MPF) ဟု ပြောင်းလဲခဲ့သည်။ သိသာ ထင်ရှားသော အောင်မြင်မှု အနည်းငယ် ရရှိခဲ့သည်။
၂၀၁၁ ခုနှစ် တွင် အာဏာရလာသည့် ဦးသိန်းစိန် အစိုးရသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြောင်းလဲမှု တစုံတရာ လုပ်ရန် လိုအပ်သည်ကို နားလည်ခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အောက်ခြေမှစ၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေသည်သာမက စစ်တပ်၏ ပြည်တွင်းလုံခြုံရေး တာဝန်အချို့ကိုပါ လွဲပြောင်းပေးလာပါသည်။ စစ်တပ်နှင့် တူသည့် အဖွဲ့အစည်းတခု ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံ၏ လူစည်ကားသော နေရာများရှိ လမ်းမပေါ်တွင် အစိမ်းရောင်ဝန်စုံများအစား အပြာရောင်ဝတ်စုံများကို စတင် မြင်တွေ့ခဲ့ရသည်။
ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့၏ အခန်းကဏ္ဍ ခွဲထုတ်ရေးသည် လုပ်သင့်သော ခြေလှမ်းဖြစ်သော်လည်း အန္တရာယ်လည်း များပါသည်။ ဥပမာအားဖြင့် ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် ရဲတပ်ဖွဲ့ကို စစ်တပ်မှ ခွဲထုတ်သည့် အချိန်တွင် အခန်းကဏ္ဍများ၊ တာဝန်များ နှင့် အရင်းအမြစ် ခွဲဝေရေး အငြင်းပွားမှုများ မြင့်တက်ခဲ့ရသည်။ ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာတို့တွင် မနာလိုမှုများ လည်း မြင့်တက်ခဲ့သည်။ ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ အဖွဲ့ဝင်များ ကြားတွင်လည်း တဘက်နှင့်တဘက် လက်နက်ကိုင်တိုက်ခိုက်မှုများ ရှိလာခဲ့သည်။
ထိုကဲ့သို့ ပြဿနာမျိုးမှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ရန် အခြေအနေ နည်းပါးပါသည်။ တပ်မတော်က မြန်မာနိုင်ငံ၏ သြဇာ အာဏာအမြင့်ဆုံး အဖွဲ့အစည်းအဖြစ် ရပ်တည်ဆဲဖြစ်ပြီး နိုင်ငံဘတ်ဂျက်တွင် ဝေစု အများဆုံး ရယူထားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးမှာ စစ်ဘက်အရာရှိသာ အမြဲတမ်း ဖြစ်နေသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တိုးချဲ့ရာတွင်လည်း စစ်ဘက်မှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းများ ပြုလုပ်နေသည်။ ရဲတပ်ဖွဲ့ အကြီးအကဲ (ရဲချုပ်) နှင့် အရာရှိ ၁၀ ရာခိုင်နှုန်းခန့်သည် စစ်မှုထမ်းဟောင်းများ ဖြစ်ကြသည်။
သို့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ၎င်းတို့၏ သီးခြားလက္ခဏာနှင့် အသင်းအဖွဲ့ ပုံစံကို တိုးတက်စေရန် ကြိုးစား နေပါသည်။ ရဲအရာရှိများကိုလည်း စစ်တပ်နှင့် တာဝန် နှင့် လုပ်နည်းလုပ်ဟန်များ သီးခြားစီဖြစ်ကြောင်း ကိုယ်တိုင် သိမြင် လာအောင် တိုက်တွန်းအားပေးမှုများရှိနေသည်။ အကယ်၍ ရဲတပ်ဖွဲ့သည် အမှီအခိုကင်းစွာဖြင့် ရပ်တည် ဖွံ့ဖြိုးလာပြီး ဘဏ္ဍာငွေ ခွဲဝေချထားမှုကို လုံလောက်စွာ ရရှိနိုင်ခဲ့လျှင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အကြား တင်းမာမှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ သို့သော်လည်း စစ်ဘက်က ရဲအဖွဲ့နှင့်ပတ်သတ်သည့် အရေးကိစ္စများတွင် သိသိသာသာ ဝင်ရောက်စွက်ဖက်ခြင်းများ ပြုခဲ့လျှင်မူ တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်။
မြန်မာနိုင်ငံတွင် အတည်မပြုနိုင်သေးသော ကောလာဟလများ အားလုံးကို သတိထား၍ ကိုင်တွယ်သင့်ပါသည်။ သို့သော်လည်း မကြာသေးခင်က ထွက်ပေါ်ခဲ့သော ကာကွယ်ရေးဦး စီးချုပ်နှင့်ပတ်သက်သည့် သတင်းက စိတ်ဝင်စားစရာ ဖြစ်လာ သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းအဖွဲ (SB) နှင့် အထူး စုံစမ်းစစ်ဆေးရေးဦးစီး ဌာန(BSI)မှ အရာရှိများ ပါဝင်ပတ်သက်ခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးရေးပြုလုပ်ရန် အမိန့် ထုတ်ပြန်ခဲ့သည်ဟု သိရပါသည်။ တဘက်မှကြည့်လျှင် အဆိုပါကိစ္စမှာ အံသြဖွယ် မဟုတ်ပါ။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အကျင့်ပျက် ခြစားမှု အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်ပါသည်။ သို့သော်လည်း စွပ်စွဲခံရသော အရာရှိများမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှုကဲ့သို့ လုပ်ရပ်များကို တိုက်ဖျက်ရန် အလုပ်တာဝန်များ ပေးအပ်ခံထားရသော ပြည်ထဲရေးဝန်ကြီးဌာန၏ အဖွဲ့ အစည်း ၂ ခုမှ ဖြစ်နေပါသည်။ ထို့ကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကဲ့သို့ ထိပ်တန်း ပုဂ္ဂိုလ် တယောက်က ပါဝင်ပတ်သက်လာခြင်း ဖြစ်နိုင်ပါသည်။
မြန်မာနိုင်ငံမှ အရပ်ဘက်နှင့် စစ်တပ်ခေါင်းဆောင်များက ထိုကိစ္စကို စိတ်ဝင်စားကြမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးကို အမြဲတမ်း အလေးပေးပြောကြားခဲ့ပြီး လာဘ်ပေးလာဘ်ယူခြင်းကိုလည်း ဆန့်ကျင်ခဲ့ပါသည်။ သူမအနေဖြင့်လည်း တာဝန်ရှိသူများ၏ မသင့်တော်သော ဆောင်ရွက်မှုများကို ပြင်းထန်စွာ တုန့်ပြန်ခြင်းကို ထောက်ခံ အားပေးလိမ့်မည်ဟု ယူဆရပါသည်။ အလားတူ တိုင်းပြည်၏ လုံခြုံရေးအင်အားများ ကွဲပြားခြင်းက မြန်မာဗိုလ်ချုပ်များအတွက် အိပ်မက်ဆိုးတခု ဖြစ်မြဲဖြစ်သည်။ တိုင်းပြည်၏ အင်အားအတောင့်တင်းဆုံး အဖွဲ့အစည်းများ၏ စည်းလုံးမှုနှင့် သစ္စာစောင့်သိမှုကို အားနည်းအောင် အတိတ်က အားထုတ်ခဲ့ခြင်းများကိုလည်း တိတိကျကျ အရေးယူ ဆောင်ရွက်ခါ နမူနာပြခဲ့ပြီး ဖြစ်သည်။
ဤကောလဟာလ၏ အရေးပါမှုကို မချဲ့ကားသင့်ပါ။ သို့သော်လည်း အမှန်ဖြစ်ခဲ့လျှင် တိုင်းပြည်၏ ထိပ်တန်း ခေါင်းဆောင်များက ပြဿနာ တခုကို အတူတကွ ကိုင်ကွယ် ဖြေရှင်းသည့် အစောဆုံးနှင့် ကြိုဆိုထိုက်သော နမူနာတခုကို မြင်တွေ့ နေရပြီဟု ဆိုချင်ပါသည်။
(ဩစတြေးလျရှိ ပညာရှင်အဖွဲ့ Lowy Institute for International Policy ၏ ဝက်ဘ်ဆိုက် The Interpreter ပါ Andrew Selth ၏ The potential for Army-Police rivalry in Myanmar ကို ဆီလျော်အောင် ဆုမွန်ဖြိုး ဘာသာပြန်သည်။ Andrew Selth သည် Griffith Asia Institute မှ တွဲဖက်ပါမောက္ခ ဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း စာတမ်းများ၊ စာအုပ်များ ရေးသားထုတ်ဝေထားသည်။)