၂၀၁၃ ခုနှစ်၊ ဧပြီလကပင် စီမံကိန်းလုပ်ငန်းများကို စတင် အကောင်အထည် ဖော်ခဲ့သည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအဖြစ် စတင်ဆောက်လုပ်တော့မည် ဒလတံတား စီမံကိန်းကို လာမည် ၅ နှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါတံတား လမ်းအူကြောင်းအဖြစ် ရန်ကုန်ဘက်ခြမ်းမှ ဘုန်းကြီး လမ်းနှင့် ဒလဘက်ခြမ်းမှ ကမာကဆစ်ရပ်ကွက်တို့ကို ရွေးချယ်ထားပြီး တံတား စီမံကိန်းနှင့် မလွတ်သည့် မြေပိုင်ရှင်များကိုလည်း အစိုးရက ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ဒလတံတား စီမံကိန်းနေရာ ရွေးချယ်မှု၊ မြေယာလျော်ကြေး၊ တံတားထိုးပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် အကျိုး သက် ရောက်မှုများ အကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန (မြို့ပြ) ညွှန်ကြားရေးမှူး ဦးတင်ဦးနှင့် ဧရာဝတီ သတင်းထောက် မေစိုးစံက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး ။ ။ ဒလတံတား စီမံကိန်းကို မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအဖြစ် စတင်တည်ဆောက်ဖို့နဲ့ နေရာရွေးချယ်မှု အပိုင်းကို ရှင်းပြပေးပါ။
ဖြေ ။ ။ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ချစ်ကြည်ရေး သွားချိန်မှာ နှစ် နိုင်ငံ သမ္မတ တွေ့ဆုံပြီးတဲ့အခါ ကိုရီးယားဘက်က ချစ်ကြည်ရေးတခု မြန်မာနိုင်ငံမှာ အကောင် အထည် ဖော်ကြမယ်ဆိုပြီးတော့ သဘောတူညီချက် ရခဲ့ကြတယ်။ သဘောတူပြီးတာနဲ့ တပြိုင်တည်း ကိုရီးယား နိုင်ငံက ဒေါ်လာ ၆၈၀,၀၀၀ အကူအညီပေးပြီး Sambo Engineering ကုမ္ပဏီနဲ့ ကိုရီးယား Engineering Consultant တွေပေါင်းပြီးတော့ တံတားဖြစ်နိုင်စွမ်းနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိ ရေကြောင်းသွားလာမှုက ဘာတွေထိခိုက်မလဲဆိုပြီး လေ့လာတာ ၉ လကြာမြင့်ခဲ့တယ်။
တံတားအူကြောင်းရွေးဖို့ သုံးနေရာ သတ်မှတ်တယ်။ တံတားအူကြောင်း (၁) က ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းထိပ်၊ (၂) က ဝါးတန်းလမ်း၊ (၃) က လမ်းမတော်လမ်းထိပ်ဆိုပြီး ရှိတယ်။ နောက်ဆုံး တံတားဆောက်တဲ့အခါမှာ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ချိန်တဲ့အခါမှာ တံတားအူကြောင်း (၁) ကို ရွေးတယ်။ ရန်ကုန်ဘက်ကမ်း၊ ဘုန်းကြီးလမ်း၊ ပြည်လမ်းတလျှောက်လာမယ်။ ဗိုလ်ချုပ် လမ်းကနေ အနော်ရထာလမ်းကြား အလယ်လောက်ကစပြီး လာမယ်။ ဒလဘက်ခြမ်းက ကမာကဆစ်ကနေ တောက်လျှောက် ဒလ နာရီစင် အထိကို ရွေးလိုက်တယ်။
မေး ။ ။ ဒလတံတား တည်ဆောက်ရေး စီမံကိန်းမှာ ပါဝင်နေတဲ့ မြေယာတွေကို လျော်ကြေးပေးဖို့ စီမံထားမှုကိုလည်း ပြော ပြပေးပါ။
ဖြေ ။ ။ ရှိတဲ့ရန်ပုံငွေအရ မြေယာလျော်ကြေးပဲ ပေးနိုင်တယ်။ ဒီနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) ကတော့ မူလပိုင်ရှင်တွေကို မြေယာ လျော်ကြေး တရားဝင်ခေါ်ပြီးပေးတဲ့နေ့ပေါ့။ တကယ်တမ်း လျော်ရမှာက မြေယာနဲ့ပတ်သက်ပြီး မြေယာလျော်ကြေး၊ ဌားရမ်းခ၊ စီမံ ကိန်း အဆောက်အအုံနဲ့ မလွတ်တဲ့ အဆောက်အုံတွေ ဖျက်ခ၊ ပြန်ဆောက်ခကို သက်ဆိုင်ရာနှုန်းတွေနဲ့ ပေးရတာပေါ့။
နောက် ဒီနယ်မြေအတွင်း တံတားအူကြောင်းတလျှောက် မီတာ ၁,၀၀၀ အရှည်၊ အကျယ် ၄၀ မီတာ အရှည်အတွင်းမှာ မလွတ် ကင်းတဲ့ သာသနိက အဆောက်အအုံတွေပါတယ်။ စာသင်ကျောင်း၊ ဌာနဆိုင်ရာ ရေပိုက်လိုင်း၊ လျှပ်စစ်ဓာတ်တိုင်၊ ဓာတ်ကြိုးတွေရှိတယ်။ လူနေအဆောက်အအုံ၊ ဈေးရယ်၊ နောက်ပြီး လမ်းပေါ်မှာရှိတဲ့ ဆိုင်ခန်းတွေ ဒါတွေအကုန်လုံးကို လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။
အသေးစိတ်စာရင်း ကောက်ထားပြီးသားလည်း ဖြစ်တယ်။ သင့်တော်တဲ့ နှုန်းတွေနဲ့ပေးဖို့ အတည်ပြုချက် ရယူပြီး ဖြစ်တယ်။ အားလုံးအတွက် ပေးရမှာကကျပ် ၃ ဒသမ ၃ ဘီလီယံ လောက် ရှိပါတယ်။ ဒါပေမယ့် ၂၀၁၅-၁၆ ရန်ပုံငွေ ပါတာက ကျပ် ၁ ဘီလီယံပဲပါတဲ့အတွက် အခု လျော်ကြေးငွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့အတွက် ဒီလျော်ကြေးကို စပေးတာ ဖြစ်တယ်။
လျော်ကြေးငွေက ကျပ်သန်းတထောင်ဆိုတော့ ကျပ်သိန်းတသောင်းပေါ့။ တကယ်ပေးရမှာက ကျပ်သိန်း ၁၀,၀၀၆ ဒသမ ၉၂ ရှိ တယ်။ အဲဒီထဲမှာ ၄၀×၆၀ မြေတကွက်နဲ့ ၂၀×၆၀ မြေတကွက်ကို လျော်ကြေးပေးချိန်ထိ ရှာသော်လည်း ပိုင်ရှင်မတွေ့တဲ့အတွက် မပါဘူး။ ဒီနေ့ပေးမှာက ကျပ် ၉,၇၇၂ ဒသမ ၃၈ သိန်းကို ပေးမယ်။ ဒီဘက်ကမ်းမှာရှိတဲ့ ၆၈ ကွက်မှာ မြေ ၄၀× ၆၀ က ၆၂ ကွက်၊ မြေ ၆၀×၄၀ က ၂ ကွက်၊ ပေ ၃၀× ၅၀ က ၄ကွက် ပါ။
ဒီထဲမှာ သဘောမတူတာက ၃ ကွက်လောက် ရှိသေးတယ်။ ၆၀×၄၀ က ၂ ကွက်ရယ်၊ ၄၀×၆၀ က တကွက်ရယ် စုစုပေါင်း ၃ ကွက်က သဘောမတူဘူး။ ကျန်တာ ၆၅ ကွက်ထဲမှာ ၄၀×၆၀ တကွက်က ပိုင်ရှင်မ တွေ့သေးဘူး။ ကျန်တဲ့ ၄၀×၆၀ မှာလည်း ၂၅ ပေ ၁၅ ပေ ဆိုပြီး ခွဲထားတာ တကွက် ရှိသေးတယ်။ ပေ ၂၀ စီ ခွဲထားတာက နှစ်ကွက် ရှိတယ်။ အဲဒီမှာ ၂၀×၆၀ တကွက် ပိုင်ရှင်ရှာလို့ မရဘူး။ ဒါကြောင့် ၂၀× ၆၀ တကွက်နဲ့ ၄၀×၆၀ တကွက် လျော်ကြေးပေးတဲ့အထဲ မပါသေးဘူး။
မေး ။ ။ တံတားစီမံကိန်းမှာပါတဲ့ မြေယာလျော်ကြေးကို ပေးတာက ကိုရီးယားဘက်က ပေးတာလား။ ဘယ်ဘက်က လျော်ပေး တာပါလဲ။
ဖြေ ။ ။ မြန်မာဘက်ကပဲ လျော်ပေးတာ။ တံတားဆောက်မှာလည်း မြန်မာငွေနဲ့ပဲ ဆောက်မှာ။ တံတားတစင်းလုံး တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကျမယ့်ဟာကို မြန်မာဘက်က မြန်မာငွေနဲ့ဲ တည်ဆောက်တာ ဖြစ်တယ်။ မြန်မာငွေနဲ့ မတတ်နိုင်တော့ သူတို့ဆီက ချေးရတာ။ သူတို့က ချစ်ကြည်ရေးကြောင့် အတိုးနှုန်းကို ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ သက်သက်သာသာ ချေးပေးတာဆိုတော့ အတိုးနှုန်း သက်သာတာပေါ့။ ၁၃၇ ဒသမ ၈၃၃ သန်း ချေးတာ။ ဆိုင်းငံ့ကာလ ၁၅ နှစ် ပြန်ဆပ်ကာလ ၂၅နှစ် စုစုပေါင်း နှစ် ၄၀ ချေးတာပါ။
မေး ။ ။ စီမံကိန်းမှာပါသွားတဲ့ မြေယာတွေကို လျော်ကြေးပေးတဲ့အခါ ဘယ်လိုပုံစံနဲ့ ပေးနေပါလဲ။ အချိန် အကန့်အသတ်နဲ့ ပေးတာပါလား။
ဖြေ ။ ။ တဦးချင်းစီကို ချက်လက်မှတ်နဲ့ ပေးတယ်။ လျော်ကြေးမျိုးစုံမှာ အတည်ပြုချက်နဲ့ပေးတာ ဖြစ်တယ်။ အခုလက်ရှိက ငွေပမာဏနဲ့ ညီမျှတတဲ့ မြေယာလျော်ကြေး ပေးနေတယ်။ ဒါကို အခုချက်ခြင်း ထုတ်ယူလို့ရပါပြီ။ ဒါပေမယ့် ငွေစာရင်းရှင်းတမ်း မြန်အောင်လို့ ဖေဖော်ဝါရီလအတွင်းထဲ ထုတ်ကြပါလို့ ပြောထားတယ်။
ချက်လက်မှတ် သက်တမ်းက သုံးလလို့ရှိပေမယ့် ဘတ်ဂျက်က ပိတ်ခါနီးနေပြီ။ အခု ချက်လက်မှတ် ရတာနဲ့ အမြန်ဆုံး သွားထုတ် ကြပါလို့ သေသေချာချာ မှာထားတယ်။ ချက်လက်မှတ်တွေ မစုတ်မပြဲအောင် ထိန်းသိမ်း ကိုင်တွယ်ဖို့၊ ဒီမှာပြထားတဲ့ မှတ်ပုံတင်နဲ့ပဲ သွားထုတ်ဖို့ အမြန်ဆုံးထုတ်ဖို့ ပြောနေရတာပေါ့။ အခုထိ လာထုတ်ဖို့က လူဦးရေ ၆၆ ယောက် ရှိတယ်။
မေး ။ ။ သဘောမတူဘူးဆိုတဲ့သူတွေအတွက် ဘယ်လိုစီစဉ်သွားမှာပါလဲ။
ဖြေ ။ ။ သဘောမတူဘူးဆိုတဲ့ သုံးယောက်မှာ တယောက်ကတော့ လက်မှတ်ထိုးပေးသွားပါပြီ။ ကျန်တဦးကလည်း သဘော မတူတာက ဆောက်နေတုန်း အချိန်တော့ ဆောက်ပါ။ ပြီးရင် နဂိုအတိုင်းအတာအတိုင်း ပြန်လိုချင်တယ်ဆိုတာကတော့ မဖြစ် နိုင်ဘူး။ စောစောက ပြောခဲ့သလို တံတားကြီး ပြီးသွားရင်လည်း ဘေးတဘက်တချက်မှာ လမ်းဖောက်မယ်။ ပလက်ဖောင်း၊ ရေမြောင်းတွေလုပ်ဖို့ ၇ ပေ ၃ လက်မ လောက်တော့လိုတယ်။ အခုက သူတို့မပေးတဲ့ အတွက်ကြောင့် ချန်လှပ်ထားတယ်။ နောက်ပိုင်းမှာတော့ ဆက်ညှိနှိုင်းသွားရမှာပေါ့။
မေး ။ ။ တံတားစီမံကိန်းအတွက် လျော်ကြေးကိစ္စတွေ လုပ်နေချိန်မှာပဲ တံတားစီမံကိန်းကို တပြိုင်တည်း လုပ်ကိုင်သွားမှာလား။
ဖြေ ။ ။ တံတားဆောက်ဖို့ Consultant ရွေးပြီးနောက် Design လုပ်ရင် တနှစ်လောက် ကြာဦးမယ်။ ဒါပေမယ့် ဒီတနှစ်အတွင်း နောက်ဘတ်ဂျက်စတာနဲ့ ရန်ပုံငွေ ရရှိတာနဲ့ သက်ဆိုင်ရာလိုက် လျော်ကြေးပေးပြီး ခြံခတ်တာတို့ လုပ်မယ်။ တည်ဆောက်ရေးခွင် အဖြစ် ဖန်တီးသွားမယ်။ ဆောက်တာတော့ မဆောက်နိုင်သေးပါဘူး။ နဂိုလျာထားတာက ပြီးခဲ့တဲ့ ဘက်ဂျက်ထဲမှာကိုပဲ လျော်ကြေး ပေးပြီးတော့ ဆောက်မယ်ဆိုရင် ၂၀၁၉ – ၂၀၂၀ ခုနှစ်မှာ တံတားအပြီးပေါ့။ ၅နှစ် စီမံကိန်း။ အခုက လျော်ကြေးပေးဖို့ လုပ်နေတာ ကိုပဲ တနှစ်လောက် ကြာသွားတာပေါ့။ ကျန် ၄ နှစ်မှာတော့ လုပ်သွားမှာပေါ့။
လျော်ကြေးပေးပြီးတဲ့ နောက်ပိုင်းမှာတော့ ချက်ခြင်းတော့ အိမ်ရာတွေကို မဖျက်သေးဘူး။ နောက်ဘက်ဂျက်ထပ်ကျရင် ဆိုင်တွေကို ပေးလို့ရရင် ခြံခတ်မယ်။ သိမ်းသွားမယ်။ မီတာ ၁,၀၀၀ မီတာ ၄၀၀ ဧရိယာထဲမှာ ဆောာက်လုပ်ရေးလုပ်ငန်းတွေ လုပ်လို့ရအောင် ခြံခတ်ပြီး ရှင်းသွားမယ်။ ကျောင်းတွေကိုလည်း ကျောင်းပိတ်ချိန်တွေမှာပဲ လုပ်ကိုင်ပြီး ကျောင်းပိုင်မြေထဲမှာပဲ ပြန်ဆောက်ပေးဖို့ မြိုနယ်ပညာရေးမှူးနဲ့ ညှိနှိုင်းပြီးသွားပြီ။ မလွတ်ကင်းတဲ့ သာသနိက အဆောက်အအုံတွေ ရှိတယ်။ ဘုရားကြီးလည်း ပါတယ်။ ဒါကို ဘုန်းကြီးကျောင်းပိုင်မြေထဲကို ပြန်ရွေ့ဆောက်မယ်။
မေး ။ ။ ဒီတံတားတည်ဆောက်ပြီးစီးရင် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိလာမလဲ။ ဘယ်လောက်အထိ ရည်မှန်းထားပါလဲ။
ဖြေ ။ ။ ဝန်ကြီး ပြောတာကြားတာက ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိုင်းမှာ မြို့ထဲသွားတဲ့လမ်းတွေက သိပ်သည်းတဲ့ အတွက်ကြောင့် မြို့ရှောင်လမ်းဆိုပြီး Inner Ring၊ Outer Ring လုပ်ကြတာပေါ့။ ၂၀၄၀ စီမံကိန်းမှာ ရှိလာမယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အပြင်ပတ်လမ်းကနေ ပတ်လာပြီး ဒလပြန်ဝင်လာရင် အမြန်ဆုံး ရောက်တာပေါ့။
မေး ။ ။ ဒလတံတား စီမံကိန်းက ရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်းဘက်ကို ဆက်မယ်ဆိုတော့ ရန်ကုန်ဘက်ခြမ်းမှာရော ဖျက်ရမယ့် နေရာတွေ ရှိပါလား။
ဖြေ။ ။ ရန်ကုန်ဘက်ခြမ်းက ဖျက်ရမယ့်အိမ် မရှိပါဘူး။ မြန်မာဆိပ်ကမ်းအာဏာပိုင်က ရုံးသေးလေးပဲ ရှိတယ်။ ဒါကိုလည်း ထည့်တွက်နေထားပါတယ်။ တံတားစီမံကိန်းမှာ မြန်မာဆိပ်ကမ်းအာဏာပိုင်ကလည်းပါတော့ သူတို့နဲ့ ညှိနှိုင်းပြီးသားပါ။ ပုဂ္ဂလိကပိုင် အိမ်တွေ မရှိပါဘူး။