မြန်မာနိုင်ငံမှာ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်တွေ ဒီပလိုမာတွေ ဘွ့ဲဒီဂရီတွေပေးတဲ့ ပုဂ္ဂလိကကောလိပ်၊ တက္ကသိုလ်တွေ ဖွင့်လာတယ်။ ပြုပြင်ပြောင်းလဲမှု လုပ်တော့ ပညာရေးကဏ္ဍမှာပါ ရင်းနှီးမြုပ်နှံလာကြတယ်။ တချို့ကတော့ စီးပွားရေးဆန်ဆန် လုပ်တာရှိသလို တချို့ကတော့ မြေစမ်းခရမ်းပျိုးအနေနဲ့ ဖွင့်ကြတယ်။ ပြည်တွင်းကတက္ကသိုလ်တွေ သင်တန်းကျောင်းတွေ ပညာရေးအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး ဒီမှာပဲ နိုင်ငံတကာဘွ့ဲ ပေးနိုင်အောင် စနစ်တကျ ဖွင့်လှစ်တဲ့သင်တန်းတချို့လည်း ရှိတယ်။
ပညာရေးကဏ္ဍမှာ စီးပွားရေးဆန်ဆန်လုပ်မယ်ဆိုရင် ကလေးတွေအတွက် အခက်အခဲ ရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့သုံးလေးနှစ်က စပြီး နိုင်ငံတကာ အသိအမှတ်ပြုကျောင်းခွဲတွေ၊ ကောလိပ်တွေ ပြည်တွင်းမှာ ဖွင့်ခဲ့တယ်။ ပြည်တွင်းမှာဖွင့်ထားတဲ့ နိုင်ငံတကာ ကောလိပ်၊ တက္ကသိုလ်တွေက ကျောင်းသားတွေရထားတဲ့ ဒီပလိုမာ လက်မှတ်ကို ပြည်ပကျောင်းက အသိအမှတ်မပြုလို့ အစကနေ ပြန်တက်ရမှာတွေဖြစ်လာတယ်။
ပြည်တွင်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်တွေက ဒီပလိုမာကို သက်ဆိုင်ရာ နိုင်ငံအချို့က အသိအမှတ် မပြုထားတာတွေလည်း ရှိသလို (အကန့်အသတ်နဲ့) သတ်မှတ်ထားတဲ့ နိုင်ငံလောက်သာ အသိအမှတ်ပြုထားတာတွေလည်း ရှိတယ်။ ပြည်တွင်းမှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာ ကောလိပ် ကျောင်းသားတွေက တကမ္ဘာလုံးမှာရှိတဲ့ တက္ကသိုလ်တွေကို သွားလို့ရတယ် လို့ထင်မှတ်မှားကြတယ်။ သူတို့ထင်ထားသလိုမဖြစ်လာတဲ့အခါ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ အစကနေပြန်လုပ်ရတဲ့ အဖြစ်အပျက်တွေရှိခဲ့တယ်။
မိဘတွေနဲ့ ကျောင်းသားတွေဘက်မှာ အားနည်းတာက ကိုယ်တက်မယ့်ကျောင်းအကြောင်းကို ဝက်ဘ်ဆိုက်ကတဆင့် မေးမြန်းစုံစမ်းတာမျိုးလည်း မလုပ်တတ်ဘူး။ မလုပ်ချင်ကြဘူး။ ကျောင်းကပြောတဲ့အတိုင်း အကုန်ယုံပြီး ပုံအပ်လိုက်ကြတာ များတယ်။ ပြည်တွင်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်မှာ ဘယ်နိုင်ငံက အသိအမှတ်ပြုထားတဲ့ ဒီပလိုမာလဲ၊ ဘွ့ဲလဲ ဆိုတာ သူနဲ့ချိတ်ဆက်ထားတဲ့ နိုင်ငံခြားက ကျောင်းတွေဆီ ဆက်သွယ်မေးမြန်းဖို့ လိုပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ တက္ကသိုလ်နဲ့ သူ့ရဲ့ Ranking ဘယ်လောက်ရှိသလဲဆိုတာ စုံစမ်းဖို့လိုပါတယ်။ တက္ကသိုလ်တခု အရည်အသွေးရှိ၊ မရှိကို Ranking ကအရေးကြီးပါတယ်။ နိုင်ငံခြားကကျောင်းတွေကို တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ အဆင်မပြေရင် သက်ဆိုင်ရာသံရုံးက ပညာရေးဋ္ဌာနကိုလည်း မေးမြန်းလို့ရပါတယ်။
ယနေ့အချိန်ထိ မြန်မာနိုင်ငံမှာဖွင့်လှစ်ထားတဲ့ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်၊ ကောလိပ်တွေကို ထိန်းချုပ်ထားတဲ့ အဖွ့ဲအစည်းတွေ မရှိသေးသလို ဥပဒေနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတာမျိုးတွေလည်း မရှိသေးပါဘူး။ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပြည်ပကျောင်းအချို့က စီးပွားရေးသက်သက်ကို ဦးတည်ပြီးလာမယ့် အဖွ့ဲအစည်းတွေလည်း ရှိနိုင်ပါတယ်။ အရည်အချင်းပြည့်မှီတဲ့ ပညာရေးကို မပေးနိုင်ဘဲနဲ့ စာရွက်တရွက်ထုတ်ပေးတဲ့ အဖွ့ဲအစည်းမျိုးတွေ ရှိလာနိုင်တဲ့အတွက် သက်ဆိုင်ရာအစိုးရအဖွ့ဲ ကလည်း သည်လိုမျိုး တွေမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ Quality Assurance လိုမျိုးတွေ ထားဖို့လိုပါတယ်။
ဥပမာအနေနဲ့ ပြောရရင် စင်ကာပူလို ပညာရေးနဲ့ပတ်သက်ပြီး စနစ်တကျ လုပ်တဲ့နိုင်ငံမှာတောင် ပုဂ္ဂလိကကျောင်းတွေနဲ့ပတ်သက်ပြီး မကြာခဏ ပြဿနာတက်တယ်။ ကျောင်းတချို့ဆို ဘဏ္ဍာရေး အခက်အခဲကြောင့် ပိတ်လိုက်ရတာတွေလည်း ရှိခဲ့ဖူးတယ်။ ဒါ့ကြောင့်နောက်ပိုင်းမှာ အရည်အသွေး အာမခံချက်တွေ လုပ်လာတယ်။ ပုဂ္ဂလိက ပညာရေးကောင်စီ (Council of Private Education- CPE) ကနေ အရည်အချင်းမမှီတဲ့ ကျောင်းတွေ ကို ဖျက်သိမ်းပစ်ရတာမျိုးတွေအထိ ရှိခဲ့ပါတယ်။
အဆင့်မီ နိုင်ငံခြားတက္ကသိုလ်တွေမှာ ကျောင်းအရည်အသွေး၊ ဘဏ္ဍာရေး၊ သင်ရိုး၊ သင်ကြားရေး တွေကို ထိန်းချုပ်ထားတဲ့ အဖွ့ဲအစည်းတွေရှိတာကြောင့် ကျောင်းသားတွေဘက်က အဆင်မပြေတာ၊ မကျေနပ်တာရှိရင် အချိန်မရွေး တိုင်ကြားလို့ရတယ်။ တချို့ ပုဂ္ဂလိက တက္ကသိုလ် ကောလိပ်တွေကို ပညာရေးဝန်ကြီးဋ္ဌာန လက်အောက်ကသာ ဖွင့်လှစ်ခွင့်ပေးတာပါ။ကျောင်းပရဝုဏ်၊ သင်ရိုး၊ စာသင်ခန်း၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး၊ ဘဏ္ဍာရေး စတာတွေကို ပညာရေးဝန်ကြီးဋ္ဌာန လက်အောက်က ဖွ့ဲစည်းထားတဲ့ အဖွ့ဲအစည်းတွေက စစ်ဆေးပြီးမှ ဖွင့်လှစ်ခွင့်ပေးတာ၊ ကျောင်းကို အမြဲစောင့်ကြည့် ထိန်းချုပ်ထားပြီး တခါတရံ ရှောင်တခင် ဝင်ရောက် စစ်ဆေးတာမျိုးလည်း ရှိပါတယ်။
စင်ကာပူနိုင်ငံမှာတော့ ပုဂ္ဂလိကပညာရေးကောင်စီ (CPE) က ကျောင်းတွေကို စစ်ဆေးပြီး Edu Trust သက်တမ်းအလိုက် လက်မှတ်ပေးပြီး ဖွင့်လှစ်ခွင့်ပေးပါတယ်။ မလေးရှားနိုင်ငံမှာ ပညာရေးဝန်ကြီးဋ္ဌာနလက်အောက်ရှိ Malaysia Qualification Assurance (MQA) က ကျောင်းရဲ့ အရည်သွေးအပြင် ဘာသာရပ်တိုင်းကို ထိန်းချုပ်ထားပါတယ်။ ပုဂ္ဂလိက ကောလိပ် အဆင့်ကို အရင်ဖွင့်ရတယ်။ နှစ်တွေ အများကြီး အတွေ့အကြုံတွေ အများကြီး၊ စိစစ်မှုတွေ အများကြီး အောက်မှာ ဖြတ်သန်းပြီးမှ တက္ကသိုလ်ကောလိပ်အဆင့်ကို ပေးပါတယ်။ အဲသည်ကမှ တက္ကသိုလ် အဆင့်ကို ဖွင့်ခွင့်ပေးတာပါ။
ကောလိပ်အဆင့်မှာလည်း သူ့ရဲ့ ကိုယ်ပိုင်ဒီဂရီကို ချီးမြင့်ခွင့်မရှိဘဲ တခြားပြည်ပ တက္ကသိုလ်ရဲ့ ဒီဂရီကိုယူပြီး ပေးရပါတယ်။ တကယ်လို့ ယူကေနိုင်ငံက တက္ကသိုလ်တခုခုရဲ့ ဘာသာရပ်တွေကို ယူသင်ချင်တယ်ဆိုရင် MQA က အဆင့်မှီ မမှီ အဆင့်ဆင့်စစ်ဆေးပြီးမှ သင်ကြားခွင့်ပြုပါတယ်။ ဘယ်နိုင်ငံတကာတက္ကသိုလ်ကပဲ ဖြစ်နေပါစေ အဆင့်မမှီဘူးဆိုရင် MQA ကခွင့်မပြုရင် သင်ကြားခွင့်မရပါဘူး။ (MQA ကို တာဝန်ယူသူတွေရော တာဝန်ခံတဲ့ ပညာရေးဝန်ကြီးဌာနရော လူလေးစားပြီး ပညာရေးမှာ တကယ် တတ်ကျွမ်းသူတွေ ဖြစ်ဖို့လိုတာပေါ့။ ဒီလိုအဖွဲ့တွေက ပုဂ္ဂလိကကောလိပ်၊ တက္ကသိုလ်တွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့ကျောင်းသားတွေကို ကာကွယ်ပေးထားတယ်။စာသင်ကြားတာတွေကိုလည်း ရှောင်တခင် ဝင်စစ်တယ်။ စည်းမျဉ်းနဲ့မညီရင်တော့ ကျောင်းကိုပိတ်ပစ်လိုက်တယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာ အသိအမှတ်ပြု ပုဂ္ဂလိက တက္ကသိုလ်ကောလိပ်တွေအတွက် လောလောဆယ် ဥပဒေပြဋ္ဌာန်းထားတာ မရှိသေးပါဘူး။လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့ ဖွင့်တဲ့ သင်တန်းတိုင်း၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအဆင့်ဆိုရင် ၁၉၇၄ ခုနှစ် “ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်များ ဥပဒေ” အရသာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း သင်တန်းတွေဆိုရင် ၁၉၇၄ ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့ “ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ” က တည်ဆဲဥပဒေတွေ အရသာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တည်ဆဲဥပဒေတွေအရ မြန်မာပြည်မှာ ဘွ့ဲ၊ ဒီပလိုမာပေးနိုင်တဲ့ မည်သည့် ကိုယ်ပိုင်တက္ကသိုလ်၊ ကောလိပ်၊ မည်သည့်နိုင်ငံခြားတက္ကသိုလ်ရဲ့ ကျောင်းခွဲတွေကိုမှ ဖွင့်ခွင့်မရှိသေးဘူးလို့ ဒေါက်တာမောင်သင်း (အငြိမ်းစား ပါမောက္ခချုပ်၊ မန္တလေးတက္ကသိုလ်) ရဲ့ ပညာရေးအခြေမြင့်မှ နိုင်ငံ့ဒီမိုကရေစီတင့်မည် စာအုပ်မှာ ဖော်ပြထားပါတယ်။
(ယဉ်ယဉ်ခန့်သည် မန္တလေးအခြေစိုက် အလွတ်တန်း သတင်းစာဆရာမဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားဆိုင်ရာ သတင်းဆောင်းပါးများကို ရေးသားနေသူဖြစ်သည်)