ဒီရက်ပိုင်းမှာ ကျင်းပနေတဲ့ အခြေခံပညာ စာမေးပွဲမေးခွန်းမှာ မေးခွန်းရေးသူ မေးခွန်းစစ်ဆေးသူ မေးခွန်းထုတ်တွေရဲ့ မတော်တဆ ပေါ့လျော့မှုကြောင့် မမှားသင့်တဲ့ အမှား ပါသွားခဲ့ရပါတယ်။ အခြေခံပညာ အဌမတန်းစာမေးပွဲ ပထဝီဝင်မေးခွန်းမှာ တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံတော်လို့ မှားယွင်းခဲ့တာပါ။ ဒီမှားယွင်းမှုကို အခြေပြုပြီး
လူမှုကွန်ရက်သုံးစွဲကြသူတွေက ထိုးနှက်တိုက်ခိုက်ကြပါတယ်။
ယခုအခါ အဲဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြပါပြီ။ ဒီဖြစ်စဉ်မှာ မှားယွင်းမှု ဖြစ်ခဲ့တာလည်း အသေအချာပါပဲ။ ဒါပေမယ့် လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ဖိအားကြောင့် မလိုအပ်ပဲ အပြင်းအထန် အရေးယူတာမျိုး မဖြင့်သင့်ပါဘူး။ လုပ်ထုံးလုပ်နည်းအတိုင်းသာ စစ်ဆေးအရေးယူဖို့ လိုပါတယ်။ ပါဝင်ပါတ်သက်ခဲ့တဲ့ ပညာရေးဝန်ထမ်း(ဆရာ ၊ဆရာမကြီးတွေရဲ့)ဖြတ်သန်းမှုကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
အခြေခံပညာစာမေးပွဲတွေ စစ်ဆေးနေတာ ရက် အနည်းငယ်ကြာသွားပါပြီ။ စာမေးပွဲ မေးခွန်းတွေနဲ့ပါတ်သတ်လို့ အဆင့်မီ မမီ ဝေဖန်တာ၊ မေးခွန်းထုတ်သူတွေရဲ့ အရည်အချင်းကို အကဲဖြတ်တာတွေကိုတော့ လူမှုကွန်ရက်မှာ မတွေ့ရဘူး။ အခု ပထဝီဝင် မေးခွန်းမှားတာဟာ ဘာကြောင့်မှားလဲ နက်နက်ရှိုင်းရှိုင်း မသုံးသပ် မဆင်ခြင်ပဲ အဲဒီ အမှားအယွင်း တခုအပေါ်မှာ မြိန်ရည်ယှက်ရေ စားမြုံ့ပြန်နေကြတာ စိတ်မကောင်းစရာပါပဲ။
ယခုနှစ် အခြေခံပညာ စာမေးပွဲမှာ သမိုင်းမေးခွန်းလည်း မေးခွန်းပေါက်တယ်ဆိုတဲ့ သတင်းတွေ ထုံးစံအတိုင်း လူမှုကွန်ရက်မှာထွက်ပေါ်ခဲ့ပြန်တယ်။ ဒီလို ကိစ္စမျိုးကိုတော့ သေချာစုံစမ်း
စစ်ဆေးကြရပါ့မယ်။ လူမှုကွန်ရက်မှာ ဖော်ထုတ်လိုက်လို့ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးမဟုတ်ပဲ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ဖို့သာ လိုအပ်ပါတယ်။ မေးခွန်းရောင်းဝယ်မှု ဘာကြောင့်ဖြစ်ကြရတာလဲ။ ဘယ်လိုလူတွေက မေးခွန်းရောင်းခဲ့ကြသလဲ။ ဈေးနှုန်း ဘယ်လောက်နဲ့ ရောင်းချခဲ့ကြသလဲ။ ဒီဖြစ်စဉ်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်ခဲ့ကြသလဲ စတဲ့
စုံစမ်းစစ်ဆေးမှုတွေ စနစ်တကျလုပ်ပြီး ဖော်ထုတ်ကြရမှာပါ။ ဒါဟာ လူပုဂ္ဂိုလ် တဦးချင်းသာမက ပညာရေးဝန်ကြီးဌာနရဲ့ သိက္ခာနဲ့ဆိုင်တဲ့ ကျင့်ဝတ်ပြဿနာဖြစ်ပါတယ်။
စာမေးပွဲကာလအတွင်း လူမှုကွန်ရက်မှာ တက်လာတဲ့ အခြားသတင်းတခုက အခြားကျောင်းကို သွားဖြေကြရတဲ့ ကျောင်းသားတွေဆီက လက်ခံဖြေဆိုခွင့်ပေးတဲ့ကျောင်းက စင်တာကြေးဆိုပြီး ကျောင်းသားတယောက် ကျပ် ၄၀၀၀ ကောက်ခံတဲ့သတင်းဖြစ်ပါတယ်။ ကျောင်းဆရာတယောက်က အခြေခံပညာဆရာဆရာမများ ရင်ဖွင့်ရာဆိုတဲ့ အုပ်စုအတွင်းမှာ
ရင်ဖွင့်ထားတာပါ။ ဒါမျိုးတွေလည်း ပညာရေးဌာနမှာ ရှိနေပါသတဲ့။
ပညာရေးဌာနကောင်းဖို့ အစွမ်းကုန် လုပ်ကြရဦးမှာပါ။ အခုချိန်ထိ ဥပဓိရုပ်သိပ်မကောင်းတဲ့ ကျောင်းတွေရှိနေဆဲဖြစ်တယ်။ အွန်လိုင်းပေါ်တက်မလာသေးတဲ့ ရာထူးတိုး
အပြောင်းရွှေ့ကိစ္စတွေအတွက် အပေးအယူကိစ္စတွေ ရှိနေသေးတယ်။ တချို့အပေးအယူတွေက လာဘ်ပေးလာဘ်ယူ လို့ပြောရခက်တဲ့ ဂါရ၀ အမည်ခံ ကန်တော့ လက်ဆောင်
ပေးရတာတွေလည်း ရှိနေတယ်။ ပညာရေးဌာန အဆောက်အဦတွေ ဆောက်လုပ်ခွင့်အတွက် နီးစပ်ပတ်သက်သူတွေသာ ဆောက်လုပ်ခွင့်ရတဲ့ သတင်းတွေလည်း ခေတ်အဆက်ဆက်
ထွက်ပေါ်ခဲ့ပေမယ့် တာဝန်ရှိသူတွေကိုယ်တိုင်က မျက်ကွယ်ပြုခဲ့တာတွေရှိတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြုပြင်ပြောင်းလဲရေး ခရီးရှည်ကြီးကို ပန်းတိုင်အထိရောက်အောင် ချီတက်ကြရဦးမယ်။ အဲဒီလို ချီတက်ရာမှာ ဆန္ဒစွဲမပါပဲ အဂတိတရားကင်းကင်းနဲ့ ချီတက်ဖို့လိုပါတယ်။ အထူးသဖြင့် ဒီနေ့လို အင်တာနက်ခေတ်မှာ လူမှုကွန်ရက်ရဲ့ ဖိအားကြောင့်မဟုတ်ပဲ စကော်လာတွေပီပီ စနစ်တကျ ဝေဖန်ပိုင်းခြားသုံးသပ်ပြီးမှ ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒီလိုရေးလို့ လူမှုကွန်ရက်ကို ပစ်ပယ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဖုံးမနိုင် ဖိမရ ဟိုးလေးတကျော်ကျော်
ဖြစ်ပြီဆိုမှ အရေးယူ အပြစ်ပေးတာထက် ပညာနဲ့ အသက်မွေးကြမယ့် ပညာရေးဝန်ထမ်းတွေ ကိုယ်နှိုက်က ပညာတတ်တွေပီပီ အများသူငါရဲ့ ရှေ့ဆောင်စံပြအနေနဲ့ ကိုယ့်အမှားကိုယ် တာဝန်ယူ တာဝန်ခံ ပြုပြင်ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။
ပညာရေး လောက ပြုပြင်ပြောင်းလဲရေး ခရီးကား ဝေးသေး၏။ ခြေသာလျင် ယာဉ်ရှိကုန်၏။
(သန်းနိုင်ဦးသည် မန္တလေး အခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)