အယ်လ်နီညို အဆိုးဆုံးနှစ်မို့ ရေရှားသတဲ့လား

ဆူးငှက်

This article has been converted from Zawgyi One to Unicode

မန္တလေးကျုံးမြို့ရိုးရဲ့ အရှေ့ဘက်၊ ၈ ပြ၊ ၉ ပြ သာ သာဝေးတဲ့ ရပ်ကွက်တွေမှာပါ။ အခုလို နွေဦးပေါက်လာပြီဆိုရင် မနက်လင်းတာနဲ့ စက်ဘီးကိုယ်စီ၊ ဆိုင်ကယ်ကိုယ်စီနဲ့ ရေနီမြောင်းဆီ အပြေးအလွှား ရောက်လာကြတယ်။ လျှော်ဖွတ်စရာ အဝတ်ထုပ်တွေရော.. ကလေးတွေရောပေါ့။ တချို့က အပြန်မှာသယ်ဖို့ ရေပုံး တွေလည်း ပါတယ်။ တော်တော်နေပူတဲ့ နေ့တွေဆိုရင် မိသားစုလိုက် ကားနဲ့လာကြတာတွေတောင် ရှိရဲ့။ အပန်းဖြေ အနားယူဖို့ မဟုတ်ပါဘူး။ မန္တလေး ဆင်ခြေ ဖုံးရပ်ကွက်တွေ အတော်များများမှာ သောက်ရေ၊ သုံး ရေ မလောက်ငှလို့ ရေနီမြောင်းဆီ တကူးတက လာရောက်ပြီး၊ ရေချိုးကြ၊ အဝတ်ဖွတ်ကြ၊ ရေသယ်ကြတဲ့ မရိုးနိုင်သော မြင်ကွင်းတွေပါပဲ။

ရေနီမြောင်းဆိုတာကလည်း ပါတော်မူပြီးနောက် ၁၉၀၂ ခု ၁၉၀၃ ခုနှစ် ဝန်းကျင်ရောက်တော့ ဆည်တော် ကြီးကနေ မန္တလေး တူးမြောင်းကြီးဖောက်၊ အဲဒီ တူးမြောင်းကြီးကတဆင့် မန္တလေး အရှေ့ခြမ်းက လယ်ကွင်း တွေဆီ ရေပေးဝေတဲ့ မြောင်းပါပဲ။ အရှေ့ရိုးမ အစပ်မှာရှိတဲ့ ဆည်တော်ကြီးရေက မိုးတွင်းဆိုရင် နီကျင်ကျင်မို့ ရေနီမြောင်းလို့ အလွယ်တကူ ခေါ်ဝေါ်သုံးစွဲခဲ့ကြရာက တွင်သွားတဲ့ နာမည်ပါပဲ။ ရေနီမြောင်းဟာ ၁၉၈၀ ကျော်ဝန်းကျင်အထိ ရေကောင်းရေရှင် တသွင်သွင်နဲ့ လယ်တွေကို ရေပေးတဲ့မြောင်းအသွင်က မပျောက်ခဲ့ ပါဘူး။

ဒီနောက်ပိုင်း မြို့ကွက်သစ်တွေ၊ အိမ်ခြံမြေဝင်း အသစ်တွေ ဖော်ထုတ်လိုက်တဲ့နောက် လယ်ကွင်းတွေ ပျောက်ကုန်ပြီး ရေနီမြောင်းက ရပ်ကွက်ထဲဖြတ်သန်း စီးဆင်းတဲ့ မြောင်းဖြစ်သွားပါတယ်။ မန္တလေးကျုံးကြီးထဲကို အဲဒီရေနီမြောင်းကပဲ ရေသွင်းနေတာမို့ နန်းရှေ့ ၂၂ လမ်း၊ ပြွန်တလုံးရေတံခါးအထိလောက်တော့ ရေပြည့်ရေစီးနေဆဲပါပဲ။ ၂၂ လမ်းက တောင်ဘက် တလျှောက်လုံးကတော့ ရေလည်းမစီး ရေလည်းမရှိတော့ဘဲ အမှိုက်ပစ်ရာ ရေဆိုးမြောင်းကြီး အသွင် ပြောင်းသွားတာကို လျစ်လျူရှုထားတာလည်း အလွန်ဝမ်းနည်း စရာပါပဲ။ တချိန်က မန္တလေး တက္ကသိုလ်ရဲ့ အမှတ်အသား၊ အထင်ကရပမာဖြစ်ပြီး “နေခြည်အစောင်း၊ ရွှေရည်လောင်းတော့၊ မေမဒီအပေါင်းက လမ်းလျှောက်လာ၊ ရေနီမြောင်းက လွမ်းလောက်စရာ”လို့ ဂုဏ်ယူခဲ့တဲ့ ဆရာတင်မိုးရဲ့ ကဗျာလည်း၊ ဒီကနေ့ လူငယ်တွေ အမြင်မှာ နားမလည်နိုင်စရာ ဖြစ်ကြရပြီပေါ့။

ကဲ..ထားပါတော့။ အဲဒီ အမှိုက် ဗရပျစ်နဲ့ ရေနီမြောင်းထဲက လက်ကျန်မြောင်းရေကိုပဲ နွေခါရောက်ရင် အလုအယက် သွားရောက်သုံးစွဲနေကြရတာပါ။

အဲဒီရေနီမြောင်းရဲ့ အရှေ့ဘက် ၂ ပြ ၃ ပြ အကွာက ကွက်သစ်လေးမှာရော ကြည့်ပါဦး။ အရင်… လယ်ကွင်းကန်သင်းရိုးစပ်က ကျန်ရစ်ခဲ့တဲ့ တကိုက်သာသာ အကျယ်ရှိတဲ့ ရေမြောင်းလေးထဲ မိုးတွင်းလက်ကျန်ရေ တွေကို စုဆောင်းထားပြီး မနက်မိုးလင်းတာနဲ့ ဒီရေ မြောင်းလေးထဲမှာပဲ အမဲဝမ်းတွင်း(အမဲပုဆိုးကြမ်း)ဟင်း ချက်ရောင်းတဲ့ ဈေးသည်က၊ အမဲဝမ်းတွင်းက ထွက်ခါ စ ပူပူနွေးနွေး ကလီစာတွေကို တောင်းထဲထည့်ပြီး မြောင်းရေနဲ့ အကျိအချွဲ အညစ်အကြေးတွေ ဆေးချနေတယ်။ အဲဒီနေရာကအောက်ဖက်မှာ မြောင်းရေနဲ့ သွားတိုက်၊ မျက်နှာသစ်၊ ချွဲဟပ်နေတယ်။ အောက်မှာက ဒီမြောင်းရေနဲ့ မနက်စာအတွက် ထမင်းအိုးတည်ဖို့ ဆန်ဆေးနေတယ်။ အဲဒီနောက်မှာက အဝတ်လျှော် ဇလုံကြီးနဲ့ ခြင်ထောင်တွေ၊ တဘက်တွေလျှော်ဖို့ ဒီရေ နဲ့ပဲ ရေစိမ်နေတယ်။ အဝတ်တွေစိမ်ရင်း အိမ်ရှင်မက ဒီရေနဲ့ပဲ ခေါင်းလျှော်နေတယ်။ တချို့အိမ်က ဒီရေတွေ ကို စဉ့်အိုးထဲထည့် အနည်ထိုင်စေပြီးမှ သောက်ရေအိုးထဲ ပြောင်းထည့်ကြတယ်။ မန္တလေးလိုမြို့ကြီးမှာ ဒီလို မြင်ကွင်းမျိုးရှိပါရဲ့လားလို့ သံသယမဖြစ်ပါနဲ့။ ကျနော်ကိုယ်တိုင် အဲဒီလို အခြေအနေမျိုးမှာ ၃ နှစ် ၄ နှစ် နေခဲ့ ပြီးမှ ကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့တွေပါ။ ဒီကနေ့ထိ ရှိ နေဆဲပါပဲ။

မန္တလေးမှာ ဘယ်လိုပဲ ရေစီမံကိန်းတွေ ရှိပါစေ၊ ကိုယ်ပိုင်အဝီစိတွင်းနဲ့ ရေပြဿနာ ဖြေရှင်းနေရသူချည်း ပါပဲ။ လျှပ်စစ်မီးမသုံးဘဲ၊ မော်တာမသုံးဘဲ ရေဘားဖွင့် လိုက်တာနဲ့ ဝေါခနဲ ရေပန်းထွက်လာတာကတော့ ဖွင့်ပွဲနေ့ တီဗွီရိုက်တဲ့အချိန် တချိန်မှာပဲ ရှိခဲ့ဖူးမှာပေါ့။ ကိုင်း…ထားပါဦး။

ဒီလို နေကြထိုင်ကြရတဲ့ အခြေအနေမျိုးမှာ လာမယ့်သင်္ကြန်ရောက်ရင်လည်း “၄၈”ရပ်သော ပြာသာဒ် ဆောင်တွေနဲ့ ရှေးဟောင်းအမွေအနှစ် နန်းမြို့တော် ကြီး၊ ကျုံးမြို့ရိုးကြီးတွေကို လူမထင်စွာကျောပေး၊ ကုန်ပစ္စည်းလောက်မှ အလေးမထား၊ ကြော်ငြာ စာလား ကုန်ပစ္စည်းဓာတ်ပုံ၊ ဗီနိုင်းရောင်စုံကြီးတွေ ကာရံပြီး ဧရာမစင်ကြီးတွေထိုးကာ လက်ဝါးသာသာ ဘောင်းဘီတိုနဲ့ ဘော်လီမပါတဲ့ တီရှပ်ဝတ်ပြီး ဆေးတန်ခိုးနဲ့ အသိလွတ်၊ သတိလွတ်နေကြသူလေးတွေ လက်ထဲကရေပိုက်က ရေဒလဟောထွက်စေဖို့ ကျုံးထဲက ရေကောင်းရေသန့်တွေ ဖောဖောသီသီဖြုန်း ကြပါတော့မယ်။ ဒီအတွက် မြို့လူထုစိတ်ချမ်းသာရေး အဓိကဆိုတဲ့ မြို့တော် စည်ပင်သာယာရေးအဖွဲ့ကြီးက ကျုံးရေ ဂါလန်သန်း ၄ ကျော် ဖြုန်းတီးဖို့ စီစဉ်ထားတာ နှစ်စဉ်ပါပဲ။

အဲဒီ ဂါလန်သန်း ၄၀ သော ရေတွေက လမ်းတွေ ပေါ်ကတဆင့် အညစ်အကြေးတွေ ပေါင်းစုံသယ်ပြီး ဘေးနားရပ်ကွက်တွေထဲသာမက ကျုံးထဲကိုပဲ ပြန်ပြီး စီးဆင်းရဦးမှာပါ။ ကျုံးကို ကျောပေးဆောက်ထားတဲ့ မဏ္ဍပ်တွေပေါ်က သောင်းချီအရေအတွက်ရှိတဲ့ သင်္ကြန်ပျော်လူသားတွေရဲ့ “အလေး အပေါ့” ဆိုတဲ့ အညစ်အကြေးတွေကရော၊ မိသားဖသားပီပီ ဘယ်သူကများ စနစ်တကျ စွန့်ပစ်ကြပါမလဲ။ မူးယစ်ပျော်ပါး အသိလွတ်နေသူတိုင်းက ဒလဟောပက်ဖျန်းနေတဲ့ ရေတွေနဲ့အတူ စွန့်ပစ်ကြမှာပဲ။ ကျုံးရေထဲ တဝက်နင်း နေတဲ့ မဏ္ဍပ်ပေါ်ကနေ လွယ်လွယ်ကူကူ ကျုံးထဲပဲ ပြန်စွန့်ပစ်ကြမှာပါပဲ။

တကယ်တော့ သင်္ကြန်ဆိုတာ အကြောင်းပြပြီး အခုလို ရေဂါလန် သန်း ၄၀ ကျော်ဖြုန်းတီး၊ အမျိုးသား အမွေအနှစ် ကျုံးမြို့ရိုးပြသာဒ်တွေ ဥပက္ခာပြု၊ အများပြည်သူသုံး ကျုံးရေထဲ အညစ်အကြေးပေါင်းစုံ စီးဝင်စေတဲ့ မန္ထလေးသင်္ကြန်ရဲ့ အစီအမံတွေက ဘယ်လိုပင် ရာသီဥတုကြောင့် ရေရှားပါး ရေပြတ်လတ်ပါစေ ဒီနှစ်လည်းပဲ အရင်နှစ်တွေလိုပါပဲ မပြောင်းမလဲ။ ကဲ … အယ်လ်နီညို အဆိုးဆုံးနှစ်မို့ ရေရှားသတဲ့လား … ဟုတ်စ။

(ဆူးငှက်သည် မန္တလေးအခြေစိုက် စာရေးဆရာတဦးဖြစ်ပြီး ယဉ်ကျေးမှုနှင့် အနုပညာ သမိုင်းသုတေသီတဦးလည်း ဖြစ်သည်)

Loading