“သူတို့ဘက်က ရမ်းကားနေတော့ သူတို့လည်း လက်နက်မပါဘဲ ဘိန်းဖျက်လို့ မရလောက်ဘူး”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ်၊ အထူးဒေသ (၁)၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ ဘိန်းခင်းများကို ဖျက်ဆီးရန် သွားရောက်ခဲ့သည့် ကချင် ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ (Pat Jasan) ၏ အဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၂၅ ရက်က လက်ပစ်ဗုံး အသေးစားဖြင့် ပစ်ခတ်ခြင်း၊ သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ကားတစီးကို မီးရှို့ခြင်း၊ တုတ်များ၊ ခဲများဖြင့် ပစ်ခတ်ခြင်းတို့ကို ဘိန်းခင်းပိုင်ရှင်တချို့ နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့သည်။

ဘိန်းခင်းများ ဖျက်ဆီးရန် Pat Jasan မှ အဖွဲ့ ၆ ဖွဲ့ခွဲ၍ သွားခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ (၂) မှာ ဝေမိုးရွာ အနီးတွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ စကားပြောစက်များနှင့် Pat Jasan တို့၏ အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းများလည်း ဖျက်ဆီးခံခဲ့ရသည်။

Pat Jasan အဖွဲ့ဝင် ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီး မြစ်ကြီးနားမြို့၊ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ Pat Jasan ကို တိုက်ခိုက်ခဲ့သည့် ဘိန်းခင်းပိုင်ရှင်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့မှ ၁၉ ဦးကိုလည်း Pat Jasan အဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု သိရသည်။

Pat Jasan သည် အထူးဒေသ (၁) ရှိ ဘိန်းခင်းများကို ဖျက်ရန် လာစဉ်ကလည်း ဝါရှောင်တံတား အနီးတွင် “အထက်အမိန့်အရ မသွားလာရ” ဟု ဆိုကာ အစိုးရတပ်မတော်က ၈ ရက်ကြာ ပိတ်ထားခဲ့သည်။ တိုက်ခိုက်ခံခဲ့ရသည့် အဖွဲ့ (၂) မှ ခေါင်းဆောင် ဦးတူးနော်ကို ဧရာဝတီသတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံ မေးမြန်းထားပါသည် ။

မေး ။ ။ ဖြစ်စဉ်ကိုရှင်းပြပါဦး။

ဖြေ ။ ။ မနေ့ညက ကျနော်တို့က ရဲတွေနဲ့အတူ သွားတယ် ။ လမ်းမှာ တပ်မတော်နဲ့ တွေ့တယ်၊ ၃၇ တပ်ရင်းနဲ့။ သူတို့က အထက်နားမှာ နေရာကောင်းတယ်ဆိုပြီး အကြံပေးတယ်။ အဲဒီနားမှာ ရဲလည်း ရှိတယ်။ နေရာလည်း ကောင်းတယ်။ အဲဒီနားမှာ ကျနော်တို့ အိပ်တယ်။ မနက်ကျတော့ လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ ဘိန်းခင်းတွေကို ဖျက်ဖို့လုပ်တယ်။ ဘိန်းခင်းတွေကို သွားဖို့ စီစဉ်တဲ့အခါ သူတို့က ကျနော်တို့ကို အားလုံး လာဝိုင်းပြီး လာပစ်တယ်။ သေနတ်က မျိုးစံုံပါတယ်။ လက်ပစ်ဗုံးနဲ့လည်း ပစ်တယ်။ ရဲတွေလည်း သူတို့ ဘာမှ မတတ်နိုင်တော့ ရွှေ့သွားတယ်။ ရှောင်သွားကြတယ်။

ကျနော်တို့ကို ပေးမဖြတ်တော့ဘူးဆိုတော့ ကျနော်တို့လည်း ဒါဆိုပြန်မယ်၊ ပြန်ခွင့်ပြုပါ လုပ်တော့ သူတို့က လမ်းဖွင့်ပေးတယ်။ ကျနော်တို့မှာက လက်နက်မပါတော့ ခုခံလို့ အဆင်မပြေဘူး။ အားလုံး ဝိုင်းပြီး စုပြီး သေနတ်နဲ့ ပစ်တဲ့ အခါကျတော့ ကျနော်တို့က ဓားနဲ့ဆိုတော့ အလုပ်မဖြစ်ဘူး။

ကျနော်တို့ ဆုတ်လာခဲ့တယ်။ အဲဒီနောက်လည်း သူတို့ ဆက်လိုက်တယ်။ ကျနော်တို့ကို သေနတ်နဲ့ပစ်တာ ဆက်လိုက် လုပ်တယ်။ အဲဒီမှာ လူစုကွဲသွားပြီး ၁၀ ယောက်လောက် ပျောက်ကျန်ခဲ့တယ်။ ဗုံးစမှန်တာ ၄ ယောက်။ အခုတော့ ဒဏ်ရာရသူ အားလုံး ၂၀ ကျော်ပါပြီ။

မေး ။ ။ Pat Jasan နဲ့ လိုက်လာတဲ့ လုံခြုံရေး ယူပေးတဲ့ ရဲတပ်ဖွဲ့တွေကော ဘာလုပ်ကြသလဲ အဲဒီအချိန်မှာ။

ဖြေ ။ ။ အနီးအနားမှာတော့ရှိတယ်။ သူတို့လည်း ကြောက်တာကိုး။ အားလုံးက လာဝိုင်းတယ် ပစ်တယ်။ သူတို့ကျတော့ သေနတ်လည်း မဖောက်နိုင်ဘူး။ သူတို့ အပေါ်မှာ သုံးသပ်ချက် မပြောချင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ အထက်က သူတို့ကို ဘယ်လို ညွှန်ကြားထားသလဲ ကျနော်တို့ မသိဘူးလေ။

မေး ။ ။ ဘိန်းခင်း ဘယ်လောက်များလဲ။

ဖြေ ။ ။ သွားတဲ့သူ အားလုံး အမြင်ပါပဲ ။ တတောလုံးပဲလေ။ နယ်ခြားစောင့်တပ်ရဲ့ နောက်ဘက်တွေမှာ ရှိတယ်။ အခု ၂၀၀၃ တပ် (BGF) ရဲ့ ခြေရင်းမှာလည်း ရှိတယ်။ အားလုံး အသိအမြင်ပဲ။ အဲဒီနားက အစိုးရကျောင်း ဝေါ်ကျုံးကျောင်းရဲ့ ခြံစည်းရိုးပဲ ခြားတယ်။ အဲဒီမှာလည်း ဘိန်းခင်းတွေက အများကြီးပဲ။ ဘိန်းခင်းကျတော့ မတိုင်းကြည့်တော့ မသိပေမယ့် ဒီက တွေ့နေရတဲ့ တောင်ကြောတိုင်းမှာ ရှိနေတယ်။ ဒီတော့ ဧကနဲ့ဆို သောင်း ဂဏန်းလောက် ရှိမယ်။ ဒါတောင် ကျနော်တို့ မမြင်ရတဲ့ တောင်ကြောတွေမှာလည်း ရှိနေ နိုင်တယ်လေ။

မေး ။ ။ ဘိန်းခင်းပိုင်ရှင်တွေက ဘယ်သူတွေလဲ။

ဖြေ ။ ။ ဘိန်းခင်းပိုင်ရှင်တွေက ဒေသခံပြည်သူတွေလည်း ရှိတယ်။ အဝေးက ပိုက်ဆံပေးပြီး လာလုပ်တဲ့သူလည်း ရှိတယ်။ ဒီမှာ နိုင်ငံတော် အစိုးရနဲ့ အပစ်ရပ် လုပ်ထားတဲ့ နယ်ခြားစောင့်တပ်တို့ ဒေသ ပြည်သူ့စစ်တို့ အားလုံး အဲဒါ လုပ်ကြတယ်။ တရုတ်တွေလည်း ပါတယ်။ ကချင်တွေလည်း ပါတယ်။ မြို့မှာ ရှိနေတဲ့ လူတွေလည်း ပါတယ်။ နာမည်တော့ မပြောနိုင်ဘူးပေါ့နော်။

မေး ။ ။ ဘိန်းပင်တွေကို သွားဖျက်တဲ့အခါ တဖက်က ဒီလို တုံ့ပြန်လိုက်တဲ့ အပေါ် ဘယ်လို သဘောထား ရှိသလဲ။

ဖြေ ။ ။ ကျနော်တို့ အစိုးရနဲ့ ရဲနဲ့လက်တွဲပြီး သွားမယ်။ ဒီတော့ လုံလုံခြုံခြုံဖြစ်ပြီပေါ့။ လွှတ်တော်အဆင့်လည်း ပြောထားတယ်။ သမ္မတရုံးကိုလည်း ပြောတယ်။ ကချင်ပြည်နယ် လွှတ်တော်ကိုလည်း ပြောတယ်။ အားလုံး ပြောပြီးပြီ ဆိုတော့ အဆင်ပြေပါတယ်။ ကချင်ပြည်နယ်သူ၊ ပြည်နယ်သား သာမက ကမ္ဘာ့ရန်သူ ဖြစ်တဲ့ ဘိန်းကို ဖျက်လို့ ရပြီဆိုတော့ ကျနော်တို့က စိတ်ချမ်းချမ်းသာသာနဲ့ သွားတယ်။ မနေ့ညကလည်း ကင်းလည်း မစောင့်ဘူး။ အေးဆေး အိပ်တယ်။

အခုလိုဖြစ်လာတော့ ဒါက နယ်မြေစိုးမိုးရေး မဖြစ်ဘူး။ ဘိန်းစိုက်တဲ့လူက ဘယ်လို လုပ်လာမလဲ။ နောက် ဘယ်လို ဖြစ်လာမလဲ၊ ကျနော်တို့ မတွေးတတ်တော့ဘူး။ အခုဖြစ်တဲ့ ဖြစ်စဉ်တွေမှာ ကျနော့်အဖွဲ့သားတွေက တော်တော်လေးကို စိတ်ထိခိုက်ကြတယ်။ အခုလို သူတို့ဘက်က ရမ်းကားနေတော့ သူတို့လည်း လက်နက်မပါဘဲ ဘိန်းဖျက်လို့ မရလောက်ဘူးလို့တော့ ကျနော်တွေးထားပြီ။

မေး ။ ။ ဒါဆို ဒီတခါလှည့်ပြန်ရပြီး နောက်တခါ လာဖျက်မယ်ဆို လက်နက်ယူလာဖို့ လိုမယ် ပြောတာလား။

ဖြေ ။ ။ ဒါကိုတော့ လူကြီးတွေ အစိုးရတွေ သက်ဆိုင်ရာတွေနဲ့ အကုန်ပြန်စုပြီး လုပ်ရမှာပဲ။ ခုနက တိုက်ခိုက်တာဆို ဘိန်းစိုက်တဲ့ သူတွေပါတယ်။ အစိုးရပေးထားတဲ့ သေနတ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်တွေပါတယ်။ နည်းနည်းဝေးတဲ့ နေရာတွေမှာ စစ်ဝတ်စုံနဲ့ လူတွေက မိုးပေါ်ကို ထောင်ပစ်ပြီးတော့ ပစ်ကူပေးနေတယ်။ အခုက ကျနော်တို့မှာ ဘိန်းဖျက်ဖို့ ဓားပဲပါတယ်။ ဒါ့ကြောင့် နောက်တခါ ဘိန်းလာဖျက်ဖို့ ဆိုရင်တော့ လက်နက်နဲ့ လုံခြုံရေးနဲ့မှ ဖြစ်တော့မယ်လို့ ကျနော်တွေးထားပါတယ်။

Loading