ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ကို ဘိန်းခင်းပိုင်ရှင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခြင်း၊ တုတ်၊ ခဲများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ပြီးနောက် Pat Jasan အဖွဲ့မှ ဘိန်းခင်းပိုင်ရှင် အချို့နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် အချို့ကို ဖမ်းဆီး မိခဲ့သည်။ ထိုသူတို့အနက် ပြည်သူ့စစ်တဦးကို Pat Jasan ကို တိုက်ခိုက်ရခြင်း ကိစ္စရပ်များ၊ ပြည်သူ့စစ်တပ်ဖွဲ့နှင့် ဘိန်းခင်းတွေ ဆက်စပ်မှုတွေကို ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံ မေးမြန်းထားပါသည်။ မေးမြန်းထားသူ ပြည်သူ့စစ်အဖွဲ့ဝင်အား ၎င်း၏ လုံခြုံရေးအရ အမည် လျှို့ဝှက်ထားပါသည်။
မေး။ ။ ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေအရ Pat Jasan နဲ့ ပတ်သတ်ပြီးတော့ အထက်က ညွှန်ကြားထားတာတွေ ရှိပါသလား။
ဖြေ။ ။ ကျနော်တို့ကို အထက်က ညွှန်ကြားထားတဲ့ စကားတွေက ဦးလဂွင်ဘောမ်လွမ်းက ပြည်သူ့စစ်တွေနဲ့ ရွာသားတွေကို Pat Jasan တတ်လာရင် ဗမာ (တပ်မတော်) တွေ ပါရင် မပစ်နဲ့ သူတို့ပဲ သက်သက် တတ်လာရင်တော့ ရရာ ခဲယမ်း လက်နက်နဲ့ တိုက်ခိုက်တော့လို့ ပြောထားပါတယ်။
ဒါဆို Pat Jasan မလာခင်ကတည်းက ကြိုပြင်ဆင်နေတာပေါ့ ။ ကျနော်တို့ စောင့်ကြည့်နေတာ ၂ ပတ်လောက် ရှိပါပြီ။ လမ်းမကြီးတွေ နားမှာပဲ စောင့်နေတာပါ။
မေး။ ။ Pat Jasanကိုပဲ ပစ်ရမယ်၊ တကယ်လို့ တပ်မတော်ပါလာရင် မပစ်နဲ့ဆိုတာ ဘာ့ကြောင့်လဲ ။
ဖြေ။ ။ ပြည်သူ့စစ်ခေါင်းဆောင်တွေ ပြောတာကတော့ အခုကတော့ Pat Jasan တွေပဲ တတ်လာတော့မယ်။ Pat Jasan တွေကို ပစ်ရမယ်လို့ ကြိုတင်ပြောထားတာ ရှိပါတယ်။ ရဲတွေ ကိုလည်းပစ်ဖို့ မပြောထားဘူး။ Pat Jasan တွေကိုပဲ ပစ်လို့ ပြောထားတယ်။
ဘာလို့လည်းဆိုတော့ အစိုးရက ဗမာရဲဘော်နဲ့ ဖျက်မယ်ဆိုရင် တလမှာ ဘယ်လောက် ဘယ်လောက်ပေါ့ ကုန်ကျတာကို ထောက်ပံ့ပေးမယ်။ လာဖျက်ရင်လည်း ဆန်တအိတ်စီ ပေးမယ် လို့ ပြောတယ်။ ရသင့်ရထိုက်တဲ့ရိက္ခာတွေ ထုတ်ပေးမယ်ပြောတယ်လေ။ အဲ့တာကြောင့်ပါ။
မေး။ ။ တခြားရော ညွှန်ကြားထားတာတွေ ရှိပါသေးသလား။
ဖြေ။ ။ Pat Jasan နဲ့ ပဋိပက္ခဖြစ်တော့ ဦးဘောလွမ်က ကျည်ဆန်တွေ လက်ပစ်ဗုံးတွေ ထုတ်ပေးပါတယ်။ တ ရွာမှာ ကျည်ဆန် အတောင့် ၃၀ နဲ့ လက်ပစ်ဗုံးက ၆ လုံး ထုတ်ပေးတယ်။ ပြည်သူ့စစ် အဖွဲ့ဝင်တွေကို ပေးတာပါ။ ပြည်သူ့စစ်က ရွာတိုင်းမှာ ရှိတယ်လေ။ မလုပ်မနေရ တအိမ်တယောက်လုပ်ရတယ်။ ခေါင်းဆောင်တွေ ပြောတာကတော့ ကိုယ့်ဒေသကို ကိုယ်ကာကွယ်ဖို့ အတွက်လို့ ပြောပါတယ်။
မေး။ ။ ပြည်သူ့စစ်ရဲ့ နာယကဖြစ်ပြီး အထူးဒေသ (၁)မှာ သြဇာညောင်းတဲ့ ဦးစခုန်တိန့်ယိန်းကရော ဒီဘိန်းခင်း ကိစ္စ တွေနဲ့ ပတ်သတ်ပြီး ဘာတွေ ပြောထားလဲ ။
ဖြေ။ ။ ဦးစခုန်က ဗမာနဲ့ ပြည်သူ့စစ် ပေါင်းဖျက်မယ်။ ဘိန်းခင်းပိုင်ရှင်တွေကို ရိက္ခာထုတ်ပေးမယ်လို့ ပြောထား ပါတယ်။
မေး။ ။ ပြည်သူ့စစ်တယောက်အနေနဲ့ ဒေသခံ တယောက်အနေနဲ့ Pat Jasan ရဲ့ လုပ်ရပ်တွေကို ဘယ်လို မြင် သလဲ ။
ဖြေ။ ။ Pat Jasan တွေကိုတော့ ကျနော်တို့ မကောင်းဘူးလို့ပဲ မြင်တယ်။ ကျနော်တို့ ထမင်းပန်းကန်တွေကို လာရိုက်ခွဲနေတဲ့အတွက် သူတို့က မကောင်းဘူးလို့ပဲ ကျနော်တို့မြင်တယ်။
မေး။ ။ ဘိန်းခင်းတွေက ဘယ်သူတွေ စိုက်တာလဲ ။ ဘိန်းခင်းနဲ့ ပတ်သတ်ပြီးရော တာဝန်ယူဖူးသလား။
ဖြေ။ ။ ရွာသားတွေစိုက်တယ်။ ပြည်သူ့စစ်တွေလည်း စိုက်တယ်။ တရုတ်တွေလည်း စိုက်တယ်။ ကျနော်ကတော့ ဘိန်းခင်းနဲ့ ပတ်သတ်ပြီး တာဝန်မယူဖူးပါဘူး။ ဘိန်းခင်း ဧက ၂၀၀ ၃၀၀ လောက် ရှိတယ်။ အဲ့တာက ဒေသခံတွေ စိုက်တာ ။ အဲ့ဘက်မှာက ဆန်စပါး တွေ စိုက်လို့ မကောင်းဘူး။ ဒီတော့ ဘိန်းပဲ စိုက်ရတယ်။ ဒေသခံတွေက ဘိန်းခင်းကို လာဖျက်ပြီဆိုရင်တော့ သူတို့ ငတ်ရုံပဲ ရှိတော့တယ်လို့ အဲ့လို ပြောနေ ကြ တယ်။
မေး။ ။ ဒါဆို ဘိန်းခင်းတွေကို မဖျက်စေချင်ဘူးပေါ့ ။
ဖြေ။ ။ ဟုတ်တယ်။ ကျနော်တို့ ဘိန်းခင်းတွေကို မဖျက်စေချင်ဘူး။
မေး။ ။ ဒေသထဲမှာ အာဏာသက်ရောက်တဲ့ ပြည်သူ့စစ်တွေ တပ်တွေကို ဘိန်းစိုက်ဖို့ ပိုက်ဆံ ပေးရတာ အခွန် ဆောင်ရတာမျိုးရော ရှိသလား။
ဖြေ။ ။ စိုက်ဖို့ ပြည်သူ့စစ်တွေနဲ့ ဗမာရဲဘော် (တပ်မတော်) ကို ပိုက်ဆံ ပေးစရာ မလိုဘူး။ ဘိန်းထွက်ရင်တော့ တရုတ်ပြည် ဘက်ကို ရောင်းတယ်။ တရုတ်တွေက လာဝယ်ကြတယ်။ ကျနော်တို့က ဘိန်းခင်းတွေ ဖျက်ခံရမယ်ဆို ဗမာရဲဘော်နဲ့ပြည်သူ့စစ် ဖျက်ရင် လက်ခံတယ်။
မေး။ ။ Pat Jasan ဖျက်ရင်တော့ ဘာလို့ လက်မခံ သလဲ ။
ဖြေ။ ။ Pat Jasan က ရိက္ခာတွေ မထုတ်ပေးဘူး။ ဗမာရဲဘော်တွေနဲ့ ပြည်သူ့စစ်တွေကတော့ ရိက္ခာ ထုတ်ပေးမယ်လို့ လာပြောတယ်။ အဲ့တာကြောင့်ပါ။ ဖျက်တဲ့ အခင်းတွေကို ဆန်တအိတ် သူတို့ ထုတ်ပေးတယ်။ တမိသားစုကို ဆန်တအိတ် ထုတ်ပေးတယ်။ Pat Jasan က ထုတ်ပေးရင်တော့ ပြည်သူတွေက အစားထိုး သီးနှံထုတ်ပေးနိုင်ရင်တော့ ကိုယ့်ဘိန်းခင်းကို ကိုယ်ဖျက်မယ်လို့ ပြောနေကြတာ ရှိပါတယ်။
မေး။ ။ ဘိန်းခင်းပိုင်ရှင်တွေက ဘယ်သူတွေလဲ ။ ဘယ်သူတွေ စိုက်ကြလဲ အထူးဒေသ (၁) ထဲမှာ။ ပြည်သူ့စစ်တွေ အားလုံးရော စိုက်လား။
ဖြေ။ ။ အဲ့ဘက်မှာ ရှိတဲ့ အကုန်အနှံ့အပြား အကုန် စိုက်ကြတယ်။ ခေါင်းဆောင်တွေလည်း စိုက်တယ်။ နယ်ခြားစောင့်တပ်လည်း စိုက်တယ်။ အဲ့ဘက်မှာ အကုန် စိုက်ကြတယ်။
မေး။ ။ ဒါဆို တပ်မတော်နဲ့ ပြည်သူ့စစ် ပေါင်းပြီး ဖျက်မယ်ဆိုတာကရော အောင်မြင်ပါ့မလား။
ဖြေ။ ။ ဗမာတွေနဲ့ ပူးပေါင်းပြီး ဖျက်ရင်တော့ ဘိန်းခင်းဖျက်တာ ဖြစ်နိုင်မှာပါ။ ဟိုတလောက လာခုတ်တယ် ဆိုတာ ဟုတ်တယ်။ အဲ့တုန်းက ၃ ဧက ၄ ဧက လောက်ပဲ ခုတ်သွားတာလေ။
မေး။ ။ ထွက်တဲ့ ဘိန်းတွေကို တရုတ်ပြည်ဘက်က လာဝယ်တယ်ဆိုတော့ လမ်းမှာ ဂိတ်တွေ မရှိဘူးလား။ သူတို့ ဘယ်လိုလာသလဲ ။
ဖြေ။ ။ မှောင်ခို လမ်းကပဲ လာကြတယ်။ လမ်းမှာ ဂိတ်တွေ ရှိပါတယ်။ ပြည်သူ့စစ် ဂိတ်ရော နယ်ခြားစောင့်တပ် ဂိတ်ရောရှိတယ်။ ဗမာရဲဘော်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲ့ဘက်က သွားလို့ ရတယ်။ ဘိန်းလာ ဝယ်တယ် သယ်တယ် သိကြပါတယ်။ သွားလို့ ရတယ်။
မေး။ ။ ဒါဆိုအားလုံးက စိုက်ကြတာလား။ တခြားအသိတွေရော စိုက်လား။
ဖြေ။ ။ စိုက်ကြတယ်။ အဲ့မှာ ရှိတဲ့ရွာသားတွေ အကုန်လုံးက ဘိန်းခင်းပဲ စိုက်စားနေကြတာပဲ ။ ဆန်စပါးတွေ မကောင်းဘူး။
မေး။ ။ တနှစ်ကို ဘယ်လောက်လောက် ထွက်လဲ တအိမ်ထောင်ကို ။ ဝင်ငွေကော ဘယ်လောက်ရှိသလဲ ။
ဖြေ။ ။ တအိမ်ကို ၄ ပိဿာ ၅ ပိဿာလောက် ရကြတယ်။ တရုတ်ပိုက်ဆံနဲ့ဆို တပိဿာကို ၅၀၀၀ နဲ့ ၆၀၀၀ ကြားရကြတယ်။
မေး။ ။ တရုတ်တွေ လာစိုက်တာရော ရှိသလား ။ စက်တွေနဲ့ စီးပွားဖြစ်စိုက်ကြတာများတယ်လို့ ကြားတယ်။
ဖြေ။ ။ အဲ့တာ မဟုတ်ဘူး။ ဒေသခံတွေစိုက်တာ များတယ်။ ဒေသခံတွေက တယောက်နည်းနည်းစီ စိုက်ကြတာပဲ ရှိတယ်။ တရုတ်တွေ စိုက်တယ်ဆိုတာကတော့ ကျနော်တို့ ဒေသတွေမှာ နေတဲ့တရုတ်တွေပဲ ဟုတ်တယ်။ ဟိုဘက်က တရုတ်တွေက လာပဲဝယ်ကြတယ်။ တရုတ်တွေ စိုက်တာက အရင်တုန်းကတော့ ရှိတယ်။ အခု တော့ မရှိတော့ဘူး။ သူတို့ လာမစိုက်တာ ၃ နှစ်လောက် ရှိပြီ။ စက်နဲ့ လုပ်တာ တော့ ဟုတ်တယ်။ အခု စက်နဲ့ပဲ လုပ်ကြတယ်။ လူတောင် သိပ်မပါတော့ဘူး။ စက်နဲ့ပဲ ထုတ်ကြတယ်။
မေး။ ။ ဟုတ်လား။ စက်က ဘယ်လိုမျိုးလဲ ပြောပြပါဦး။
ဖြေ။ ။ လယ်ထွန်တဲ့ စက်လိုပုံစံပဲ။ လယ်ထွန်စက်နဲ့ အတူတူပဲ ထော်လာဂျီခေါင်းပုံမျိုး ထွန်တုံး ထည့်ထားတာ။ ဘိန်းခင်းက ၈ လပိုင်းမှာ ခုတ်ထားပြီး ၉ လပိုင်းမှာ မီးရှို့တယ် ။ ၁၀ လပိုင်းမှာ ပေါက်လာ တော့ တခါ ခြစ် ပြီးတော့ ခြစ်သွားတာ ပြန်စိုက် ။ အပင်နည်းနည်း မြင့်လာရင် ပြန်ခွဲပေးရတယ်။ အဲ့မှာ အပင် ဒူးလောက် ရှိ လာပြီဆို မြေကြီး ပြန်ဖို့ပေးရတယ်။ ၂ လ ၃ လ ကြာပြီဆို ပြန်ခွဲလို့ ရပြီ အပွင့်ပြန်ပွင့်လာပြီလေ။ ခွဲတယ် ဆိုတာ အစေးခြစ်တာကို ပြောတာ။
မေး။ ။ မော်စီတုန်းဘက်မှာ ဧက အရမ်းများတယ် ကြားရတယ်။ ရောက်ဖူးသလား။
ဖြေ။ ။ ကျနော် ရောက်ဖူးတယ်။ အရင်က များတာ ဟုတ်တယ်။ အဲ့တုန်းက တရုတ်တွေ လာစိုက်ကြတယ်။ အခု တော့ သူတို့ မလာကြတော့ဘူး။ ဒီတော့ ဒေသခံတွေပဲ ဆက်ပြီး စိုက်ကြတယ်။ သူတို့ မလာတော့တာ ၃ နှစ်လောက်ရှိပြီ။ ဒေသခံတွေက ဝမ်းရေးအတွက် ဆက်ပြီး စိုက်နေကြတာပါ။ များတာက အိမ်ထောင်တွေ စုလိုက်ပြီး တွက်လို့ပါ။
မေး။ ။ ဒါနဲ့ ပြည်သူ့စစ် လစာကကော ဘယ်လောက် ရလို့လဲ ။
ဖြေ။ ။ တလကို တရုတ်ငွေ ၁၅၀ ( မြန်မာငွေ နှစ်သောင်းခွဲနဲ့ သုံးသောင်းကြား ) ပဲ ရပါတယ်။
မေး။ ။ ခု Pat Jasan အဖွဲ့တွေ ပြန်တတ်လာရင်ရော ပြဿနာ ရှိနိုင်ဦးမလား။
ဖြေ။ ။ ပြဿနာက ပိုကြီးလာနိုင်ဖို့ပဲ ရှိတယ်။ အဲ့မှာ ရှိတဲ့ ဒေသခံ အကုန်လုံးက Pat Jasan ကို စောင့်ကြည့်ဖို့ သဘောအရမ်းတူထားတာ ဟုတ်တယ်။ လာပြီဆိုရင် ရွာသူရွာသားတွေ အကုန်စုဆောင်းပြီး တနေရာရာမှာ ခုခံနေမှာပဲ။ Pat Jasan က ကျနော်တို့ ဘိန်းပင်တွေကို လာဖျက်ဆီးတဲ့အတွက် ကျနော်တို့က တားဆီးဖို့ တာဝန် ရှိ တယ်။ ကျနော်တို့က ဒေသခံ ပြည်သူ့စစ်ဖြစ်လို့ပဲ။ ဒါ့ကြောင့် Pat Jasan ကို မကောင်းဘူးလို့ပဲ မြင်တယ်။ Pat Jasan က ရိက္ခာတွေ ဘာတွေ ထုတ်ပေးနိုင်ရင်တော့ ကျနော်တို့ လက်ခံတယ်။
Pat Jasan က ဖျက်ချင်တယ်ဆိုရင် ပြည်သူတွေနဲ့ Pat Jasan ခေါင်းဆောင်တွေ ကောင်းကောင်း ညှိနှိုင်းဖို့ လိုလိမ့်မယ်။ အဲ့တော့မှ သွားဆွေးနွေးပြီးမှ ဖျက်ရင် ကောင်းမယ်လို့ ကျနော် ထင်တယ်။
မေး။ ။ ဘာများပြောချင်ပါသေးလဲ ။
ဖြေ။ ။ကျနော်တို့ ဒေသအတွက် ကျနော်ပြောချင်တာက ကျနော်တို့ ဘိန်းခင်း စိုက်စားတယ်ဆိုတာ စီးပွားရေး အတွက် မဟုတ်ပါဘူး။ ဝမ်းစာအတွက် ဟုတ်တယ်။ ကျနော်တို့က ဘိန်းခင်းကို နည်းနည်း နည်းနည်း စိုက်စားတယ်။ စပါးတွေက မကောင်းလို့ပါ။ ကျနော်တို့ ဘိန်းခင်း မစိုက်စားဘူးဆို အစားထိုး သီးနှံ ထုတ် ပေးရင်တော့ ကျနော်တို့ မစိုက်တော့ဘူးလို့ မျှော်လင့်ထားပါတယ်။ အစားထိုး သီးနှံထုတ်ပေးတဲ့ ကြားမှာ လည်း အစားထိုး အသီးအနှံ မရသေးခင်လည်း ကျနော်တို့ကို ဆန်တွေ ဘာတွေ ထုတ်ပေးရင်တော့ ဘိန်းခင်း စိုက်တာ ပပျောက်သွားမှာပါ ။ ကျနော် ဒီလိုပဲ ထင်ပါတယ်။