ဖေဖော်ဝါရီလ ၂၅ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှာ တင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီးအဆိုနဲ့ပတ်သတ်ပြီး နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ထူးဆန်းတဲ့ မှတ်ချက်စကားတခု ပြောကြားခဲ့ပါတယ်။
ဒေါ်ခင်စန်းလှိုင်က “ နိုင်ငံတော်အစိုးရ က ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အလျင်စလို ငှားရမ်းရောင်းချလွှဲပြောင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှုစီမံကိန်းများကို နေရာတကျ မစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျှင်အမြန်စီမံခန့်ခွဲနေမှုစသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ်စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း” အရေးကြီးအဆိုကို တင်သွင်းခဲ့ခြင်းပင်ဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးက “ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိပြည်ထောင်စုအစိုးရက ပထမ အကြိမ်ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရတာပါ။ အခု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိ ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသေအချာ ပြန်လည်သုံးသပ်ရမယ့် ကိစ္စဖြစ်ပါတယ်” လို့ပြောကြားခဲ့တာပါ။ ဒါ့အပြင် ဒေါ်ခင်စန်းလှိုင် တင်သွင်းတဲ့အဆိုကို လာရောက် ရှင်းလင်းဖြေကြားခြင်းမရှိတဲ့အပြင် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ လက်ရှိအစိုးရတာဝန် ရှိသူတွေ တက်ရောက် ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးမှတ်ချက်နဲ့ လက်ရှိအစိုးရဆုံးဖြတ်ချက်ကို လေ့လာသုံးသပ်ကြည့်ရအောင်ပါ။ အမှန်တကယ်တော့ ဝန်ကြီးပြောခဲ့တဲ့ မှတ်ချက်စကားဟာ အတော်ကို တာသွားပါတယ်။ ဝန်ကြီးပြောခဲ့တဲ့ မှတ်ချက်ဟာ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးခဲ့တဲ့ ပြည်သူတွေကို မျက်ကွယ်ပြုလိုက်သလိုပါပဲ။ အဆိုတင်တဲ့သူကလည်း ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်၊ အဆိုတင်တဲ့နေရာကလည်း ပြည်သူ့အသံ ပြည်သူ့ဆန္ဒဖြစ်ပါတယ်ဆိုတဲ့ လွှတ်တော်၊ တင်တဲ့အဆိုကလည်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆိုပဲဖြစ်ပါတယ်။ ဒီလူ ဒီနေရာ ဒီအဆိုကိုမှ အစိုးရက တာဝန်ခံပြီး လာမဖြေရှင်းတာဟာ ဖြစ်သင့်ပါရဲ့လား။ အဓိကမဏ္ဍိုင် သုံးခုထဲက တခုဖြစ်တဲ့ ဥပဒေပြုမဏ္ဍိုင်လို့ ဆိုကြတဲ့ ပြည်သူ့ကိုယ်စားပြုလွှတ်တော်ကို အုပ်ချုပ်ရေးမဏ္ဍိုင် အစိုးရက အလေးမထားတာဟာ ပြည်သူကို အလေးမထားတာလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ ပြည်သူကို အလေးမထားတဲ့ အစိုးရဟာ ပြည်သူ့မေတ္တာခံယူခွင့် မရမှာ အသေအချာပါပဲ။
လူမှုကွန်ရက်စာမျက်နှာပေါ်က မိတ်ဆွေတဦး မှတ်ချက်ပေးထာတာကို ပြန်ပြီးဖောက်သည်ချချင်ပါတယ်။ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရဟာ ပထမအကြိမ်လွှတ်တော်ကိုပဲ တာဝန်ခံရတာဆိုတော့ လက်ရှိကာလမှာ ဥပမာအနေနဲ့ အကြောင်းမသင့်လို့ မြန်မာနိုင်ငံကိုကျူးကျော်တိုက်ခိုက်ခြင်းခံရရင် ဘယ်လိုဖြေရှင်းမလဲ ဘယ်လို အတည်ပြု ဆုံးဖြတ်မလဲ ဆိုတာပါ။
အခြေခံဥပဒေ ပုဒ်မ ၂၁၃ (ခ)(ဂ) အရ ကျူးကျော်တိုက်ခိုက်ခံရရင် လိုအပ်သလိုဆောင်ရွက်နိုင်ဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို တင်ပြ အတည်ပြုချက်ရယူရပါမယ်။ ပြည်ထောင်စုလွှတ်တော်ကျင်းပချိန်မဟုတ်ရင် ပြည်ထောင်စုလွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်ယူပြီး အတည်ပြုချက်ရယူရမယ်။ ပြည်ထောင်စုလွှတ်တော် သဘောတူညီချက်နဲ့သာ စစ်ကြေညာနိုင်တယ်။ စစ်ပြေငြိမ်းနိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ဒါဆိုရင် ပထမအကြိမ်လွှတ်တော်က သက်တမ်းကုန်ဆုံးနေပြီဆိုတော့ သမ္မတက ဘယ်လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရမှာတုန်း။ သမ္မတ တာဝန်ခံရပါတယ်ဆိုတဲ့ ပထမအကြိမ်လွှတ်တော် မရှိတော့ဘူးဆိုတော့ အတည်ပြုချက်မယူပဲ ဒီအတိုင်းနေနေတော့မှာလား။ လက်ရှိဒုတိယအကြိမ် လွှတ်တော်ရဲ့ အတည်ပြုချက် ယူလိုရော မရဘူးလား။ အခြေခံဥပဒေမှာ ပြည်ထောင်စုလွှတ်တော်လို့ ထည့်သွင်းထားပေမယ့် ပထမအကြိမ်တွေ ဒုတိယအကြိမ်တွေ တိတိကျကျ ရည်ညွှန်းမထားပါဘူး။
နောက်ထပ် ပိုသေချာစေမယ့် သက်သေတခု ပေးပါရစေ။ အနှီ ၂၀၀၈ အခြေခံဥပဒေကိုပဲ ညွှန်းပါမယ်။ အခြေခံဥပဒေ အခန်း(၅) စာမျက်နှာ ၇၆၊ ပုဒ်မ ၂၀၃ မှာလည်း နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည် လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ (၂၀၆) ( ၂၀၉)(က) တို့မှာလည်း သမ္မတဟာ ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်ရယူပြီး ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားတာပါ။ ကုန်ကုန်ပြောရရင် အခြေခံဥပဒေတခုလုံးမှာ သမ္မတတာဝန်ခံရမယ့် လွှတ်တော်၊ သဘောတူညီချက်ယူရမယ့် လွှတ်တော်တွေဟာ ပြည်ထောင်စုလွှတ်တော်လို့ပဲ ရေးဆွဲပြဌာန်းထားတာပါ။ ပထမလွှတ်တော်တို့၊ ဒုတိယလွှတ်တော်တို့ ခွဲခြားရေးဆွဲ ပြဌာန်းမထားပါဘူး။ အစိုးရရဲ့ တာဝန်မခံမှုကို အခြေခံဥပဒေရဲ့ ပုဒ်မအချို့ မတိကျမှု မရေရာမှုနဲ့ ရောထွေးစွာ လွှဲချနေသလိုဖြစ်နေပါတယ်။
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရရဲ့ တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တာဟာလည်း လက်ရှိ ဥပဒေပြုရေးမဏ္ဍိုင် ဒုတိယအကြိမ် လွှတ်တော်ကနေတဆင့် အချုပ်အခြာအာဏာပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေကို အလေးမထားလိုက်တာဖြစ်ပါတယ်။
ဒီလိုအလေးမထားခြင်းဟာ ဒီမိုကရေစီကျင့်စဉ်မဟုတ်ပါဘူး။ ဒီမိုကရေစီကျင့်စဉ်ကို ဖော်ဆောင်နေတဲ့ အစိုးရဆိုရင် ပြည်သူတွေနဲ့ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တွေကို အလေးထားရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တွေရှိနေတဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကို အလေးမထားခြင်းဟာလည်း အခြေခံဥပဒေကို ဖောက်ဖျက်ရာရောက်နေတယ်လို့ ဆိုချင်ပါတယ်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)